Thursday, January 20, 2011

အိပ်မက်တစ်ခို (အပိုင်း-၄)

“လောကမှာ မတုန်မလှုပ် နေတတ်ရတယ်သား။ ကိုယ်ရည်ရွယ်ရာကို လုပ်ရာမှာ ဘေးက ရိုက်ချက်ကြောင့် တုန်လှုပ်နေရာင် ဘယ်လိုလုပ် ကိုယ့်အလုပ် ပြီးစီးမှာလဲ။ ဒါကြောင့် လောကဓံရဲ့ အလင်းပိုင်းရိုက်ချက် ပဲဖြစ်ဖြစ်။ အမှောင်ပိုင်း ရိုက်ချက်ပဲဖြစ်ဖြစ် ယိမ်းယိုင်ခြင်းမရှိ ကြံကြံခံနိုင်ရမယ်။ ဒါကို ခန္တီလို. ခေါ်တယ်”

“သည်းခံခြင်း”

ကျော်စွာ ဖြတ်၍ ရေရွတ်သည်။ ဖေဖေခေါင်းဆတ်သည်။

“ဟုတ်တယ်။ မောင်ကျော်စွာ ပြောသလို သည်းခံခြင်းလို. ဘာသာပြန်ကြတယ်။ ဒါပေမယ့် သည်းခံခြင်းလို. ဆိုလိုက်ရင် မကောင်းတာကိုပဲ ကြိတ်မှိတ်ခံနေသလို မြင်လာတတ်ကြတယ်။ ခန္တီရဲ့ သဘောက၊ ခန္တီရဲ့ တရားကိုယ်က ယိမ်းယိုင်မှုမရှိအောင် နေနိုင်ခြင်းပဲ။ ကောင်းတဲ့ အတွေ.မှာ မသာယာတာ၊ မကောင်းတဲ့ အတွေ.မှာ ခံနိုင်ရည်ရှိတာ၊ ဒါကြောင့် ဆရာကခြုံပြီး မတုန်လှုပ်ခြင်းလို. ပြောလိုက်တာ”

ကျွန်တော် ခေါင်းညိမ့်သည်။ သို.သော် ရင်ထဲကရေရွတ်သည်။ ကျွန်တော် ဘယ်လိုလုပ်ပြီး မတုန်လှုပ်ပဲ နေနိုင်မလဲ ဖေဖေရယ်။ နှလုံးသားကို အသေသတ်မှာတော့ ကွန်တော် ဘယ်လိုလုပ်ပြီး…..

“အခုရော ဘယ်ကလှည့်ဝင်လာတာလဲ မောင်ကျော်စွာ”
“သားလေးနေမကောင်းလို. ဆေးဝယ်ရင်း ၀င်လာတာ ဆရာကြီး”
“ဟုတ်လား။ ဒါဖြင့်ရင် မင်းမိန်းမ မျှော်နေလိမ့်မယ်၊ ပြန်လေ”

ဖေဖေက စိုးရိမ်ဟန်ဖြင့်ပြောသည်။ ကျော်စွာ ပြုံးရယ်ရင်း ခေါင်းယမ်းသည်။

“အဖျား မကြီးပါဘူးဆရာကြီး၊ ကိုယ်နည်းနည်း နွေးရုံပါ”
“အေးကွာ၊ ငါလည်း နန္ဒာနဲ.တောင် မတွေ.ရသေးဘူး”

ကျွန်တော် ၀င်ပြောလိုက်သည်။ ကျော်စွာ၏ ဇနီး အေးမြနန္ဒာမှာ ကျွန်တော်တို.၏ ကျောင်းနေဘက်သူငယ်ချင်း။

“အပြန် လိုက်ခဲ့လေ နေထွန်း”
ကျွန်တော် ခေါင်းခါလိုက်သည်။
“ညနေမှ လာခဲ့မယ်ကွာ၊ မပူခင် ရေချိုးမလို.”
“ဒါဖြင့် ငါသွားမယ်”
“အေး၊အေး”
“ဆရာကြီး၊ ကျွန်တော် ပြန်လိုက်ပါဦးမယ်”
“အေးကွာ၊ မောင်ကျော်စွာ”

ကျော်စွာ ထိုင်ရာမှ ထသည်။ ကျွန်တော် အိမ်ရှေ.ထိ လိုက်ပို.သည်။ ပိတောက်ပင်ဝယ် မှီထားသော စက်ဘီးကို ဆွဲရင်းကွေ.သည်။

“ငါသွားမယ် နေထွန်း“
ခေါင်းညိမ့်လိုက်သည်။ စက်ဘီးပေါ် နင်းတက်ရင်း ထွက်သွားသည်။

ကောင်းကင်ဝယ် နေခြည်သည်ုဖြာတလက်လက်။

ပိတောက်ပင်ဝယ် အလင်းစက်တို. ပွင့်ဝေ။

လေပြည်ဝယ် ယိမ်းနွဲ. တုန်ခါနေကြသည်။ ဟုတ်တယ်ဝါ၀ါ။ ကိုလည်း ပိတောက်ပင်လိုပဲ တုန်လှုပ်နေခဲ့ဘူးတယ်။ ခန္တီတရားနဲ့ မပြည့်စုံသေးဘူး။

အခု ပြန်ရောက်တော့တောင်မှ…….

ငြိမ်သက်ဖို. ကောင်းတဲ့ အချိန်ကို ရောက်ခဲ့တာတောင်မှ……

ဘယ်သောအခါမှ ကိုလည်း……..

မသိဘူးဝါ၀ါ။

မတွေးချင်တော့ဘူး။


************************************************************

စာဖတ်ရင်း မျက်စိများ ညောင်းကိုက်လာသည်။ စာအုပ်ကို လက်ညှိုးခံ ပိတ်ရင်း ခေါင်းကို ဘယ်ညာ နွဲ.၍ ချိုးလိုက်သည်။ မျက်လုံးကို တင်းတင်းမှိတ်လိုက်သည်။ အလင်းမှုန်များ ဖြာဝေစွာ မြင်နေရသည်။ မျက်လုံးသည် မျက်မှန် လိုအပ်နေပြီ ထင်သည်။

ခေါင်းငဲ့ နားစွင့်လိုက်သည်။ စက်ဘီးသံဟု ထင်သည်။ မသေချာ။

“မမသီ”

ခေါ်သံ။ မိန်းကလေးသံ။ ကျွန်တော် လက်ထဲက စာအုပ်ကို စားပွဲပေါ်တင်ပြီး ထရပ်သည်။

“မမသီရေ”

အိမ်တံခါးဝသို. ခေါ်သံ ရောက်လာသည်။ ကျွန်တော် လှမ်းကြည့်သည်။ ကောင်မလေးတစ်ယောက်။ သုံးဆင့်ချိုင့်တစ်လုံး ကိုင်ရင်း ရပ်နေသည်။ ကျွန်တော့်ကို မြင်သောအခါ လန်.သွားဟန်ရှိသည်။ မျက်လုံးဝိုင်းဝိုင်း လဲ့လဲ့ဝင်းဝင်း။

“မမသီ မရှိဘူးလား”

မာန်လေးတင်း၍ မေးရဟန်ရှိသည်။ ကျွန်တော် ခေါင်းကို အသာ ယမ်းခါရင်း

“ညီမလေး ဈေးသွားတယ်”
“ဆရာကြီးရော”
”လမ်းချှောက်သွားတယ်၊ ဘာကိစ္စရှိလို.လဲ မသိဘူး”

ကောင်မလေး လက်ထဲမှ ချိုင့်ကို မြှောက်ပြသည်။

“အိမ်မှာ မုန်.ဟင်းခါးချက်လို. လာပို.တာ”
သြော်၊ ကျွန်တော် ခေါင်းညိမ့်ရင်း
“လှယ်ပေးလိုက်မယ်လေ၊ ပေး၊ ချိုင့်”

သူ ရှေ.တစ်လှမ်းတက်ပြီး ချိုင့်ကို လှမ်းပေးသည်။ ကျွန်တော် မီးဖိုချောင် ၀င်၍ ချိုင့်ထဲမှ မုန်.ကို လှယ်သည်။ခပ်သွက်သွက် ဆေး၍ ဧည့်ခန်းထဲ ပြန်ဝင်သည်။ ကောင်မလေး မထိုင်။ ဧည့်ခန်းထဲဝယ် ငြိမ်ငြိမ်လေး ရပ်နေသည်။

ကျွန်တော် ချိုင့်ကို လှမ်းအပေး

“ဘယ်တုန်းက ပြန်ရောက်လဲ”
“ဟင်”
“ကိုကိုထွန်း ဘယ်တုန်းက ပြန်ရောက်လဲလို.”

ကျွန်တော် ဇဝေဇ၀ါ လှမ်းကြည့်ရင်း
“တမြန်နေ.က”

သူ ကြောင်အအ ဖြစ်နေသော ကျွန်တော့်ကို ကြည့်၍ ပြုံးသည်။ သွားတက်ကလေး လက်ကနဲ ဖွေးဖွေးဖြုသည်။

“မမှတ်မိဘူး ထင်တယ်”

ကျွန်တော် မကောင်းတတ်၍ ရယ်နေလိုက်သည်။

“၀တ်ရည်လေ”

အား၊ မှတ်မိဖို.ကောင်းသည်။ သွားတက်လေးကို မမှတ်မိရင် တောင်မှ ပါးမို.မို.ပေါ်က စံပယ်တင်မှဲ.လေးကို ပို၍ မှတ်မိသင့်သည်။ ကျွန်တော်တို. အိမ်နှင့် မလှမ်းမကမ်းရှိ ပွဲစား ကိုတင်ရှိန်၏ သမီး။ ကျွန်တော် ထွက်ခွာသွားစဉ်က ကလေးမလေးတစ်ဦးမျှသာ။

“ဟာ၊ ၀တ်ရည်က တအားထွားလာတာ၊ ကိုထွန်း ဘယ်မှတ်မိမလဲ”

ရှက်လဲ့လဲ့လေး ရယ်သည်။ ဟုတ်သည်။ ယခင်က ချာတိတ်မလေးသည် ယခုအခါ ဖူးသစ်စ ပန်းပျိုလေးတစ်ပင် ဖြစ်လာပေပြီ။

ကျွန်တော့ရင်ထဲဝယ် ဝေ၍သွားသည်။ သြော်……၀ါဝါနှင့် ကျွန်တော်တွေ.တုန်းက ၀ါဝါသည်လည်း ယခုလို အရွယ်မျိုး။ ဟုတ်ပါသည်။ ဖူးစ သစ်စ။
ဖူးစသစ်စ။
နှလုံးသားတွေ လတ်ဆတ်စ။

“ပြန်ဦးမယ် ကိုကိုထွန်း”
“အာ၊ပြန်တော့မှာလားဟ၊ မိသီကို စောင့်ဦးလေ ပြန်လာတော့မယ်”

“ရတယ် ကိုကိုထွန်း၊ ညနေမှ လာလယ်တော့မယ်”

************************************************************

(ဆက်ရန်)

Monday, January 17, 2011

အိပ်မက်တစ်ခို (အပိုင်း-၃)

အခန်း(၂)

အိမ်ရှေ.ရှိ ပိတောက်ပင်ပေါက်သည် ကျွန်တော် ထွက်ခွာစဉ်က လူတစ်ရပ်ပင် မရှိတတ်သေး။ ယခုမူ အရိပ်မှိုင်းမှိုင်း တို.ဖြင့် အုပ်ဆိုင်း ညွှတ်ကိုင်းနေပေပြီး။ စိမ်းခက်သော အရွက်ဖားတို.ဖြင့် ဣနြေ္ဒရစွာ ရင့်ကျက်နေပြီ ဖြစ်သည်။

“ကိုကို ဟိုမှာရော ရည်းစားမတွေ. ခဲ့ဘူးလား”

အိမ်မျက်နှာစာ၌ တင်ထားသာ ပန်းအိုးအတွင်းရှိ မြေကိုဆွရင်း သီသီထွန်း လှမ်းမေးသည်။ ကျွန်တော် ရယ်ရင်း ၀ါးပက်လက်ကုလားထိုင်ပေါ် တင်ထားသော ခေါင်းကိုယမ်းလိုက်သည်။ သီသီထွန်း မဲ့ပြုံးပြုံးရင်း မော့ကြည့်သည်။

“မလုပ်ပါနဲ့ ညီမလေးရာ၊ ကြောက်လွန်းလို.ပါ”
“မမ၀ါတော့ သီတင်းကျွတ်တိုင်း ဖေဖေ့ဆီ လာကန်တော့တယ်”
“သြော်”

ကျွန်တော့် ဖခင်သည် အငြိမ်းစား ကျောင်းဆရာကြီး။ ၀ါဝါတို.၏ ဆရာရင်း ဖြစ်ခဲ့ဘူးသည်။

“ကိုကိုကလည်း အသည်းငယ်လိုက်တာ၊ မင်္ဂလာဆောင်တဲ့ နေ.အထိတောင် မစောင့်ဘူး၊ တန်းလစ်တာပဲ”

သီသီထွန်းကို တအံ့တသြ လှမ်းကြည့်မိသည်။ ရယ်ချင်ချင် မျက်နှာထားကို အတင်းတည်ထားသည်။ စမှန်းသိသော်လည်း အခံရခက်စွာ ရယ်လိုက်သည်။

“ပြောင်းမိန်.ကျတာကြာပါပြီ မိသီရယ်၊ နင်လည်းအသိပါ”

တဟင်းဟင်း ရယ်သည်။ ရယ်သံသဲ့သဲ့ နှင့်ပင်

“ကိုကိုပဲ မပြောင်းတော့ဘူး၊ အလုပ် ထွက်တော့မယ်ဆို၊ မမ၀ါလည်း မင်္ဂလာဆောင်ရော အလုပ်ထွက်စကား မပြောတောဘူး၊ မြန်မြန်ပြောင်းတော့မယ်ပဲ ပြောတယ်”

ဟုတ်မှန်သော စကား။ ပြန်မချေပတတ်။ ရယ်ပဲနေလိုက်ရသည်။

ပိတောက်ပင်ပျိုသည်လည်း လှောင်ပြောင်သံ တရှဲရှဲကို လေတိုးတိုင်း ပြုနေလေသည်။

************************************************************

“ဝေဿန္တရာမင်းကြီးတောင် စူဇကာပုဏ္ဏား လက်ထဲမှာ ကိုယ့်သားသမီးတွေ ညှင်းပန်း ခံရတာမြင်တော့
ဒီပုဏ္ဏားကို သတ်ပြီး သားသမီးကို ပြန်ခေါ်မယ်လို. အကြံဖြစ်သေးတာပဲ”

ပြောရင်း မျက်မှန်ကို ချွတ်၍ တိုက်ပုံ အင်္ကျီ အစွန်းနှင့်ပွတ်ကာ

“ဆရာလည်း ကို.သားလေး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင်လုပ်တဲ့ ဦးခင်လှိုင်ကို ဒေါသ ဖြစ်မိတာပေါ့ကွာ၊ ဒါပေမယ့် ဆရာဖြေနိုင်ပါတယ်”

ကျော်စွာ ခေါင်းတညိမ့်ညိမ့် လုပ်သည်။ ကျွန်တော် မျက်နှာ မထားတတ်၍ ခေါင်းငုံ.လိုက်သည်။ ဖေဖေဆက်ပြောသည်။ ကျောင်းဆရာဟောင်းပီပီ အသံနှင့်၊ မာန်နှင့်၊ ဌာန်နှင့်။

“ဆရာ သားသမီးချင်း ကိုယ်ချင်းစာတယ်၊ ပြီးတော့ ဆရာ့ဘ၀မှာ ဒီထက်မကဆိုးရွားတဲ့ ထိုးနှက်ချက်တွေ ကြုံဘူးပါတယ်။ သားကတော့ လူငယ်ကိုး။ ဘယ်ခံနိုင်ရည်ရှိဦးမှာလဲ။ ဒီမှာသား”

ပြောရင်းကျွန်တော့်ကို လှမ်းခေါ်သည်။ ကျွန်တော် ခေါင်းမော့၍ ခင်ဗျာဟု တိုးတိုးထူးလိုက်သည်။ ဖေဖေ့မျက်လုံးမှား လေးနက်ဝေမှုန်နေသည်။

(ဆက်ရန်)