Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, July 23, 2012

အရှေ.က နေ၀န်းထွက်သည့်ပမာ


၁။ လူမပြောင်းလျှင် မူမည်မျှပင်ပြောင်းပြောင်း ကောင်းမလာနိုင်ပါဟု ပြောသံသဲ့သဲ့ ကြားမိပါသည်။ လူလည်း မပြောင်းပါ။ ခေတ်ပြောင်းချင်ပြောင်း၊ စနစ်ကလည်း ပြောင်းမည်မထင်ပါ။ ဤခေတ်၊ ဤစနစ်ကို မကောင်းတွင်တွင်ပြော၍ အမှန်တကယ် ပြောင်းလဲမှုကို လက်ခံရန် မ၀ံ့ရဲသော၊ ပြောင်းလဲမှု အတွက် အသင့်မဖြစ်သော လူများအတွက် ဤစာစုကိုရေးမိပါသည်။

၂။ တိုင်းပြည်တစ်ခုအတွက် အရေးအကြီးဆုံးသည် (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) အစိုးရ ယန္တရားပင် ဖြစ်ပါသည်။ အစိုးရယန္တရားတွင် ထိုယန္တရားကို လည်ပတ်စေသော ဌာနများသည် အဓိကဖြစ်ပါသည်။ သို.ရာတွင် ထိုဌာနဆိုင်ရာတို. လည်ပတ်နေသော နည်းစနစ်များသည် (အများစုမှာ) အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးကာစ အချိန်ကာလမှ နည်းစနစ်များနှင့် ကွာခြားပါ၏လောဟု သံသယ ပွားရပါသည်။ ပြန်လည်တည်ဆောက်ရေးကာလတွင် မည်သည့်စီမံကိန်းကိုပဲ ရပ်ဆိုင်း၍ မည်သည့်စီမံကိန်းကိုပဲ အသစ်ပြန်စစ၊ ထူးခြားလာမည်မဟုတ်ဟု ဆိုရပါမည်။

၃။ စီမံကိန်းများ မအောင်မြင်သည့်အခါတိုင်း၊ လုပ်ငန်းခွင် တိုးတက်မှုမရ၍ စူးစမ်းမေးမြန်းခံရတိုင်း တောင်းဆိုတတ်သော ကိစ္စသုံးရပ် ရှိပါသည်။ သရီးအမ်မ် (3M) ဟုခေါ်ကြသော လူ၊ငွေ၊ပစ္စည်း (Man, Money, Material) ပင်ဖြစ်ပါသည်။ အခါများစွာပင် ဖွဲ.စည်းပုံပြင်ဆင်ရေးဟူသည် အဆိုပါသုံးရပ် တိုးမြှင့်တောင်းခံရေးဖြစ်သွားတတ်ပါသည်။ ထိုအခါ အုပ်ချုပ်ရေးယန္တရား ပြင်ဆင်ရေးသည် ၀န်ပေါ့သွားရမည့်အစား ပို၍ပင် ၀န်ထုတ်ဝန်ပိုးဖြစ်သွားရပါသည်။

၎။ ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်တွင် ဈေးကွက်စနစ်ဖေါ်ဆောင်ရေး၊ ပုဂ္ဂလိကပိုင်ပြုရေးထက် အရေးကြီးလေသော အချက်တစ်ခုကို ထပ်တလဲလဲ ဖေါ်ပြခဲ့ပါသည်။ ယင်းမှာ အဖွဲ.အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး ပင်ဖြစ်ပါသည်။ အဖွဲ.အစည်းစွမ်းဆောင်ရည် မြင့်မားရေးကို လူတိုးတောင်းရေး၊ ငွေတိုးတောင်းရေး၊ ပစ္စည်းတိုးတောင်းရေးနှင့် မရောထွေးစေချင်ပါ။

၅။ အချို.က ကြိုးနီစနစ်ဟု ပြောကြသော ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် (ပြောခဲ့ပြီးသလို) လွတ်လပ်ရေးရကာစခေတ်နှင့် မခြားဖြစ်နေပါသေးသည်။ ထို.အပြင် ဌာနဆိုင်ရာ ဖွဲ.စည်းပုံ များသည် ပြင်ဆင်ပြောင်းလဲဖွဲ.စည်းရန် ခက်သည်ကတစ်ကြောင်း၊ မည်သူမှ ဦးနှောက်ခြောက်ခံ စဉ်းစားမနေသည်ကတစ်ကြောင်းကြောင့် ရှိရင်းစွဲအတိုင်းသာ ရောကြိတ်နေကြပါသည်။ မည်သူကမှ ရှိရင်းစွဲ လုပ်ထုံးလုပ်နည်း ဖြစ်စဉ်ကို ပြန်လည်၍ ပိုမို ကောင်းမွန်သက်သာလွယ်ကူသော နည်းကို စဉ်းစားရန်မကြံစည်ကြပါ။ သူရို.ဆီဝယ် ပြန်လည်ပြင်ဆင်ရေးဟူသည် ငွေကြေး၊ အချိန်၊ လူအင်အားလျော့ချရန်အတွက် ခေတ်မှီနည်းစနစ်များ၊ စီမံခန်.ခွဲမှု ပုံစံများကို အသုံးပြုခြင်းသာဖြစ်ပါသည်။

၆။ ခက်သည်က ပေါ်လစီမိတ်ကာလယ်ဗယ်ဖြစ်သော လူတန်းစားသည် ခေတ်မှီ နည်းပညာကို မသိပါ။ စီမံခန်.ခွဲမှုကို မလေ့လာပါ။ လူမှန်နေရာမှန်ကို (ဖွဲ.စည်းပုံအသေဖြစ်၍လည်း ပါပါသည်) မထားရှိပါ။ ပြောရသည်ကိုတော့ အားနာပါသည်။ တိုးတက်ရေးကိစ္စအတွက် ကိုယ့်ဌာန၏ လုပ်ငန်းဆောင်ရွက်ပုံဖြစ်စဉ်ကို ပြန်လည်သုံးသပ်မှု အင်မတန်အားနည်းပါသည်။ သူရို.ဆီဝယ် Enterprise Architecture, Business Process Reengineering စသောမိုဒယ်များဖြင့် စနစ်တကျပြန်လည်သုံးသပ် တည်ဆောက်အပ်သော ဌာနအဖွဲ.အစည်းများစွာ ပေးထွက်လာခဲ့ပါပြီ။ ထိုသို.သော သုံးသပ်မှုမျိုး မြန်မာနိုင်ငံဝယ် အင်မတန်မအားနည်းပါသည်။ ရှိရင်းစွဲလူများ၏ စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးချနိုင်ခြင်းလည်းမရှိပါ။

၇။ အဖွဲ.အစည်း စွမ်းဆောင်ရည် မြင့်မားလာစေရန် ဒီဇိုင်းပြန်ဆင်မည့် မူဝါဒရေးဆွဲသူများ မရှိသလို ပေးလာမည့်အကြံဥာဏ်ကို နားလည်လက်ခံမည့်သူ မရှိသလောက်ရှားနေသည်ကို ၀မ်းနည်းဖွယ်တွေ.နေရပါသည်။ အုပ်ချုပ်ရေး ယန္တရား အတွင်း ဒီမိုး ဒီရေ ဒီလူတွေဖြင့် ဒီအတိုင်းသွားနေပါက သိကြားမင်း ဆင်းကယ်သည့်တိုင် တိုးတက်ရေးလမ်းစ မမြင်ပါ။

၈။ အရှေ.က နေ၀န်းထွက်သလို တို.ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ။ ထို.အတူ နောက်နှစ်ပေါင်းမည်မျှမှန်းလည်း မသိပါချေ။

အော်လ်တာနေးတစ် ပေါ်လစီ-၂


၉။ တိုင်းပြည် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှားယွင်းခြင်း နှင့် တိုင်းပြည်ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်အထည်ဖေါ်ရာတွင် မအောင်မြင်ခြင်းသည် ရလာဒ်အကျိုးတရား တူသည်ထားဦး။ ပြန်လည်ပြင်ဆင် ရမည့် အကြောင်းတရား တူမည်မဟုတ်ပါ။ ထို.အတူ ပြည်သူလူထုက အပြစ်တင်သည်ကို ငြင်းဆန်ရန် ရည်ရွယ်ရင်းမရှိသော်လည်း 'အများညီ၍ ဤကို ကျွဲ' ဖတ်ကြပါများလာသောအခါ နိုင်ငံရေးသမားများ၊ မီဒီယာသမားများကပါ သံယောင်လိုက်၍ စနစ်မှားသည် စနစ်မှားသည်ဟု ပြောလာကြပါတော့မည်။ ကျန်းမာရေး နယ်ပယ်မှ ဆရာမကြီး တစ်ဦး ပြောသော စကားကို ပြန်လည်ကိုးကား ဖေါ်ပြလိုပါသည်။ 'တကယ်တော့ ကျန်းမာရေး ၀န်ကြီးဌာနကလည်း WHO (ကမ္ဘာ. ကျန်းမာရေး အဖွဲ.) ဂိုက်လိုင်းအတိုင်း လုပ်နေတာပဲ' ဟူ၍ ဖြစ်ပါသည်။ ဤအကြောင်းများကို အသေး မစိတ်မီ ခေတ္တ ရပ်နားထားပါဦးမည်။

၁၀။ ဆရာဝန်များသည် အင်မတန် အတ္တကြီးသူများဖြစ်ပါသည်။ အပြစ်တင်ခြင်းမဟုတ်သော်လည်း ဤအတိုင်းပင် ခံစားမိပါသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း အမှတ်ဖြင့် ဖြတ်လိုက်သောအခါ 'ထိပ်' ဆိုသောနေရာမှ ကျောင်းသားများ (ထိပ်ဆိုသော နေရာကို ရောက်အောင် နည်းမျိုးစုံ ကြိုးစားလာကြသူများ) ဆေးကျောင်းတက်လာကြပါတော့သည်။ ထိပ်ရောက်အောင် နည်းမျိုးစုံဖြင့် ပို.ချင်ကြသော မိဘများကလည်း (အဆိပ်ပင် ရေလောင်းသည်မပြောရက်သည့်တိုင်) တရားသည်မတရားသည် မတွေးပဲ သားသမီးဖြစ်သူအတွက် နည်းမျိုးစုံ ကြိုးစားအားထုတ်ပေးကြပါသည်။ အားနာနာနှင့်ပင် ပြောရပါမည်။ ဆရာဝန်ဘွဲ. ရပြီးသည့်တိုင် လူမှုရေးရာတွင်၊ လူ.ပတ်ဝန်းကျင် လူ.အသိုင်းအ၀ိုင်းတွင် လူလားမမြောက်သေးသော ဆရာဝန်လေးပေါင်းများစွာ ရှိနေပါသည်။ ငါသာရှေ.ရောက်ဖို.၊ ငါအထူးကုဆရာဝန်ကြီးဖြစ်ဖို.၊ ငါအောင်မြင်ဖို. ဆိုသည့် စိတ်ဓာတ်များခြင့် ပူလောင်နေကြသူများ များနေပါသည်။ အားနာပါသည်။ များနေပါသည်။ များခဲ့ကြပါသည်။

၁၁။ လုပ်ငန်းခွင် ၀င်ရောက်သည့်အခါတွင် သင်ယူလာခဲ့သော ပညာကို ပြည်သူလူထုအတွက် အသုံးချရန်ထက် နောင်တွင် လျှောက်ရလတ္တံ.သော ခရီးလမ်းဖြောင့်ဖြူးရေး အတွက်သာ ဦးစားပေးရွေးချယ်မည့် ဆရာဝန်များ များလာခြင်းသည် ကောင်းသော လက္ခဏာဖြစ်ပါသလား။ စာသင်ကြားရခြင်းကို ၀ါသနာ လုံးဝမပါသော်လည်း မြို.ကြီးပြကြီးများတွင် နေရခြင်း၊ ညဂျူတီမစောင့်ရခြင်း၊ စနေတနင်္ဂနွေ အားလပ်ရက် ရခြင်း စသည်ဖြင့် စာကျက်ချိန်ရသော ဆေးတက္ကသိုလ်များတွင် ဆရာအဖြစ် အလုပ်ဝင်ခြင်းဖြင့် 'အရိပ်ခို' နေချင်ကြသော ဆရာဝန်လေးများစွာရှိခဲ့ပါပြီ။ ထို.အတူ အထက်လမ်း အောက်လမ်းများစွာ သုံး၍ 'မြို.ကြီးပြကြီး' များတွင် ခိုကပ်နေကြရန် ကြိုးစားခဲ့ကြသော ဆရာဝန်များ ယခင်ကလည်း ရှိခဲ့ပါသည်။ ယခုလည်း ရှိကြပါလိမ့်ဦးမည်။

၁၂။ တစ်ခုတည်းသော အကြောင်းတရား မဟုတ်သည့်တိုင် ဤသို.သော အကြောင်းများဖြင့် နယ်သို. သွားချင်သော ဆရာဝန်များ နည်းပါးပါသည်။ ဆရာဝန် လူဦးရေအချိုးသည် မြို.ပေါ်နှင့် ကျေးလက် မတူညီသလို ရန်ကုန်တိုင်းနှင့် ချင်းပြည်နယ် တူမည်မဟုတ်ပါ။ ဆရာဝန်များ နယ်သို.မသွားချင်ခြင်းကို အပြစ်တင်နေသည်မဟုတ်ပါ။ 'ကုသိုလ်၊ ပညာ၊ ဥစ္စာရရန် သင့်ရာဒေသ' အမြဲနေလိုချင်ကြသူများကို အပြစ်တင်သင့်သည်ဟုလည်း မခံယူပါ။ တိုင်းပြည်အတွက်၊ လူထုအတွက် ဟူသည် ဆိုရှယ်လစ်ခေတ်တွင်သာ ပြော၍ ကောင်းပါသည်။

၁၃။ အခြားသော (ဆရာဝန် မဟုတ်သည့်) ၀န်ထမ်းများ အတွက် နေရာကောင်းခြင်းသည် မြို.ပေါ်နယ်ပေါ်နှင့် မဆိုင်ပဲ 'ခွင်' ကောင်းမကောင်းပေါ်တွင်သာ မူတည်ပါသည်။ အပြင် 'ဂျီပီ' ဖွင့်ရသော ဆရာဝန်များ အနေနှင့် ၀င်ငွေအနည်းအများသည် ခွင်ပေါ်တွင် မူတည်နေခြင်း မဟုတ်ပဲ ကိုယ်ပင်ပန်းမှ ကိုယ်စားရသော ကိစ္စသာဖြစ်သဖြင့် နယ်မသွားလိုခြင်းကို အပြစ်တင်ရန် အကြောင်းမရှိပေ။ ဆေးရုံများတွင် နေ.ဂျူတီ၊ညဂျူတီများဖြင့် ပင်ပန်းရသော ဆရာဝန်သည် မြို.ပေါ်၊နယ် မခြားနားပါ။ (နယ်မှာပင် ပိုပင်ပန်းဖို.များပါသည်)

၁၄။ ကျန်းမာရေး ပေါ်လစီ ကောင်းမကောင်း 'ရောင်ပြန်'ဟပ်သော အရေးကြီးသည့် တစ်ခုတည်းသော ညွှန်းကိန်းမှာ 'ကျန်းမာရေးစွမ်းအားစုများကို လုံလောက်စွာ နေရာချထားခြင်း' allocation of adequate resources ဖြစ်ပါသည်။  စွမ်းအားစုများ မလုံလောက်သည့်အခါ၊ နေရာချထားမှုများ လိုအပ်ချက်ရှိလာသည့်အခါ ကျန်းမာရေး ပေါ်လစီကို မေးခွန်းထုတ်ရတော့မည်ဖြစ်ပါသည်။ မသွားချင်သောသူကို သွားစေရန်အတွက် ဥုံခံသော မန္တန်တော့ ရှိမည်မထင်ပါ။ မတူသော အနေအထား၊ မတူသော ပင်ပန်းဆင်းရဲမှုအတွက် တူညီသော လခဖြင့် စေလွှတ်ခြင်းသည် ပေါ်လစီကောင်းတစ်ခုပင်လား။ စဉ်းစားဖွယ်တော့ ရှိနေပါပြီ။

ဆက်ပါမည်။


အော်လ်တာနေးတစ် ပေါ်လစီ-၁

၁။ သူရဲတစ္ဆေကြောင်းပြောသည့်အခါ မရည်ရွယ်သော်လည်း မုသာဝါဒ ဖြစ်သွားတတ်သည်ဟု ဆိုကြပါသည်။ ထို.အတူ ကျန်းမာရေးကြောင်း ပြောသည့်အချိန်တွင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ နိုင်ငံရေးအကြောင်းများဝင်လာတတ်ပါသည်။ နိုင်ငံရေးသမားတို.ကလည်း နိုင်ငံတစ်နိုင်ငံ တိုးတက်မှု ဆုတ်ယုတ်မှုတို. အတွက် မက်လုံး ပေးရာတွင် ကျန်းမာရေးနှင့် ပညာရေးကို ချိန်ရွယ် ပစ်ခတ်လေ့ရှိကြသည်။ ကျန်းမာရေးအကြောင်းသည် ပြောရလွယ်သလို ငြင်းရလည်းလွယ်ပါသည်။ သိသလိုလို နှင့် မသိသည်များလည်း တပုံကြီး ရှိနေနိုင်သလို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အာပေါင်အာရင်းသန်ရန်လည်း လွယ်ပါသည်။ သိ၍ တတ်၍ မဟုတ်သော်လည်း ကြားဘူးနားဝ အချို.ကို ပြောပြချင်လာသည်။ ကျန်းမာရေးကြောင်းပါ။ နိုင်ငံရေးကြောင်း မဟုတ်ပါ။

၂။ နိုင်ငံ တစ်နိုင်ငံ တိုးတက်မှု၊ ဆုတ်ယုတ်မှု အကြောင်းကို ပြောသည့်အခါ ဆုံးဆုံးဖြတ်ဖြတ် ဆုံးဖြတ်ချက်ချရန်ခဲယဉ်းပါသည်။ နှိုင်းရတရားဖြင့် ပြောရမည်လား၊ တိုင်းပြည်ဝင်ငွေ ဟုန်းကနည်း တက်သည်ဖြင့် ပြောရမည်လား၊ သဘာဝ သယံဇာတ ကြွယ်ဝမှုဖြင့်ပြောမည်လား၊ ပြည်သူပြည်သားတို. ဘေးကင်းလုံခြုံ ပျော်ရွှင်မှုဖြင့် ပြောမည်လား။ တိုင်းတာ တွက်ချက်ရန် ခက်ခဲသော အခြေအနေ၊ အနေအထားတစ်ရပ်ကို ပြောလိုသည့်အခါ ညွှန်းကိန်း indicators များဖြင့် ပြောကြပါသည်။ သို.သော် ထိုညွှန်းကိန်းများသည် အခြေအနေတစ်ရပ်ကို တိတိပပပြောပြခြင်းဟု မဆိုနိုင်ပဲ အခြေအနေတစ်ရပ်၏ ရောင်ပြန် reflection သာ ဖြစ်သည်ဟူသော အချက်ကို မမေ့ကြရန်လည်း လိုပါသည်။ ထိုညွှန်းကိန်းများသည် အပြောင်းလဲကို ပြညွှန်ပါသည်။ အပြောင်းအလဲ၏ မြန်နှုန်းကို သိနိုင်ပါသည်။

၃။ နိုင်ငံတိုးတက်မှုအပြောင်းအလဲကို ညွှန်ပြကြရာဝယ် တိုက်ရိုက်သိနိုင်သော တိုင်းပြည်ဝင်ငွေ၊ ဂျီဒီပီ၊ ဂျီအန်ပီ စသည်တို.သာမက ကျန်းမာရေးနှင့် ပတ်သက်သော ညွှန်းကိန်းများသည်လည်း အရေးတကြီးပါဝင်လာပါသည်။ အထူးသဖြင့် တိုးတက်မှုသာမအက ဖွံ.ဖြိုးမှုကိုပါ တောင်းဆိုလာသောအချိန်တွင် ကျန်းမာရေးညွှန်းကိန်းများကို စေ့စေ့စပ်စပ် ကြည့်ရပါတော့မည်။ အကျယ်ပြောရန်မရှိပါ။ ထောင်စုနှစ် ဖွံ.ဖြိုးရေး ပန်းတိုင်များ (MDGs) တွင် ကျန်းမာရေးနှင့် ဆက်စပ်သော ညွှန်းကိန်းများ မည်မျှပါသည်ကိုသာ ပြန်လည် လေ့လာစေချင်ပါသည်။

၎။ ထိုသို.ကျန်းမာရေး ညွှန်းကိန်းများ၏ အရေးပါမှုကို သိလာကြသောအခါ ကျန်းမာရေး ဘက်ကို ဦးလှည့်လာကြပါသည်။ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျန်းမာရေးးးးးးးးးးးးးး  ဆိုသော စကားကို တဖွတရ ပြောလာကြပါသည်။ မသိသူကလည်း ကျန်းမာရေး၊ သိသူကလည်း ကျန်းမာရေး၊ ပြည်သူကလည်းကျန်းမာရေး၊ နိုင်ငံရေးသမားကလည်း ကျန်းမာရေး။ ထိုသို.ကျန်းမာရေးလာကြသောအခါ ကျန်းမာရေးဟူသော အဓိပ္ပါယ်သည် လူတကာအပြောများလွန်း၍ အပေါစားဖြစ်သွားသော စကားတစ်လုံးဟု မှတ်ယူရပေတော့မလို ဖြစ်နေပါသည်။

၅။ သိတော်မူကြသည့် အတိုင်း နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ညွှန်းကိန်းများကလည်း (ကျန်းမာရေး အခြေအနေဟု မပြောပါ) အားရဖွယ် အနေအထားကို မရှိသည့်အခါ လွယ်လင့်တကူ ထိုးချင်သော လက်ညိုးများသည် ကျန်းမာရေး=ဆရာဝန်ဟု ကောက်ချက်ချကြပါတော့သည်။ ထို.အတူ မအောင်မြင်သော စရိတ်မျှပေး ကျန်းမာရေး အစီအစဉ်၊ (အစစ အလကားရခဲ့သော ဆိုရှယ်လစ်စနစ်မှ ဆာလာအိတ်နှင့် ငွေထည့်လာရသော အခြေအနေသို. ကူးပြောင်းနေသော) ပုဂ္ဂလိက ဆေးရုံဆေးခန်း၊ ပညာရပ်သဘောတရားကို မသိပဲ လူနာဆုံးပါးသည်ကို ဆရာဝန်ဖြစ်စေ၊ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိုဖြစ်စေ ပုံချလိုသော ဂျာနယ်အချို.၊ စသည်တို.သည် အခြေအနေကို ဆိုးသည်ထက်ဆိုးအောင် ဖန်တီးနေကြသည်။ ဆရာဝန်သည်သာ ဖြစ်သမျှ အခြေအနေ၏ တရားခံ။

၆။ သို.ရာတွင် ပို၍ ဆိုးသော အချို. 'ဆရာသမား' များ ရှိပါသေးသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ညံ့ဖျင်းနေ၍ ညွှန်းကိန်းများ တက်မလာခြင်းသာဖြစ်သည်၊ ချာတူးလန်နေသော ကျန်းမာရေး ပေါ်လစီင်္ကြောင့် ပြည်သူလူထု နစ်နာနေရသည်။ အရည်အသွေးညံ့ဖျင်းသော ဆရာဝန်များကို မွေးထုတ်နေ၍ တိုင်းပြည် ဖွံ.ဖြိုးရေး နောက်ကျနေပါသည်။ စသည်၊ စသည်ဖြင့် မှန်သည်မှားသည် ပြောရခက်သော အကြောင်းအရာများကို အာသန်သန်၊လျှာသန်သန်ဖြင့် ပြောကြပါသည်။ မှန်သည်လည်းရှိ၊ မှားသည်လည်းရှိသော အကြောင်းအရာများ၊ အမှန်အမှား အဖြေမထွက်သေးသော ကိစ္စရပ်များကို ရမ်းတုတ်သောအခါ အဟုတ်ထင်သော သူတို.ကထင်ကြပါသည်။ အကောင်းထက် အဆိုးကသာ များမည်ဟု လေးအနက်ဆိုပါသည်။ ထိုရောအခါ လွယ်လွယ်ပေါ့ပေါ့လေး ပြောကြသူများကို ဆိုစရာ စကားများကရှိလာသည်။ အထူးသဖြင့် 'ကိုယ့်လူများ' (ဆရာဝန်များ) ထဲကပင် ထိုသို. လွယ်လင့်တကူ 'အပြစ်တင်ဝေဖန်သမှု'
ပြုလာကြသောအခါ အခြားသော မျက်နှာစာများ ရှိနေပါကြောင်း သတိပေးလိုပါသည်။

၇။ ထိုသို.သောသူများကို အလေးအနက်ဆိုလိုသည်မှာ ကျန်းမာရေးသည် 'ရှုကြည့်စရာ' မှန်ကူကွက်ပေါင်းများစွာ Multidimensional ရှိနေပါသည်။ ထို မှန်ကူကွက်တို.တွင်လည်း များစွာသော နောက်ခံ အကြောင်းချင်းရာတို. ရှိနေပါသည်။ ထိုအကြောင်းချင်းရာတို.ကို အချို.သိရှိပြီး ဖြစ်သော်လည်း အချို.မှာ သိရှိရန် လိုအပ်ဆဲဖြစ်ပါသည်။ ကျန်းမာရေး အကြောင်းကိစ္စရပ်သည် ပရိုဖက်ရှင်နယ်များအတွက်ပင် တိုင်းတာ တွက်ချက်ရန် ရှုပ်ထွေးနေပါသေးသည်ဟု ဆိုကြပါသည်။ ညွှန်းကိန်း အမျိုးအစားတစ်ရပ်ထဲဖြင့် ဖေါ်ပြဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်း သိစေလိုပါသည်။

၈။ ပြောသမျှ၏ အချုပ်သည် နိုင်ငံတော် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်း လွယ်လွယ်ပေါ့ပေါ့ အပြစ်တင်မစော ရန်သာဖြစ်ပါသည်။ ( ဆန္ဒ မစောစေလိုပါ၊ အပြစ်တင်ထိုက်သော ကိစ္စများကို အပြစ်တင်ပေးပါမည်၊)
ဆက်ပါမည်။

ရီလည်း ဖောင်း၏ မဖောင်း၏


၁။ အစစအရာရာ အပြောင်းအလဲ အတွက် ပြင်ဆင်နေကြသော ဤအချိန်တွင် ပြဿနာ ဖြစ်လာနိုင်သော နယ်ပယ်သည် အစိုးရအဖွဲ.အစည်း၏ ဌာနများ ဖြစ်လာလိမ့်မည်ဟု အကြိမ်ကြိမ် ပြောခဲ့ပါသည်။ ဖူကူယားမားကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးအကြီးဆုံးသည် အဖွဲ.အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဖြစ်ကြောင်း သူ၏ နိုင်ငံတည်ဆောက်ရေးစာအုပ်တွင် အထပ်ထပ် ဆိုထားခဲ့သည်။ ယနေ. ဖြစ်ပျက်နေကြသော ပြဿနာ အရပ်ရပ်တွင် ဖြစ်ပေါ်လာသော ပြဿနာ အတိမ်အနက်ထက် တာဝန်ရှိသူ အသီးသီး၏ အပြောမတတ်မှုများကြောင့် ရှိရင်းစွဲ ပြဿနာလေးများ ပိုမိုကြီးထွားလာသည်ကို စိတ်မကောင်းစွာ တွေ.နေရသောအခါ ပြောပြချင်သည်တို.ရှိလာသည်။

၂။ ခရိုနီများဟုလည်းကောင်း၊ ကြိုးနီစနစ်ဟု လည်းကောင်း အချို.က ဆိုကြပါသည်။ ထို.အပြင် အထက်ကပြောင်းနေပြီ၊ အောက်က လိုက်မပြောင်းဟု စကားသံလည်းထွက်လာပါသည်။ Reform ဟူသော အသံကိုလည်း တွင်တွင်ကျယ်ကျယ် ကြားလာရသည်။ ဆိုလိုသည်မှာ လက်ရှိအနေအထားအတိုင်း မဖြစ်တော့သည်ကို သိသူများလာပါသည်။ မည်သို. ပြင်ရမှန်း၊ မည်သည့် နေရာကို ပြင်ရမှန်း သိသူကတော့ နည်းမည်ထင်ပါသည်။

၃။ အမှန်တော့ ကြိုးနီစနစ်ဟူသည် ယခင် အင်္ဂလိပ်လက်ထက်ကတည်းက ဌာနအသီးသီးရှိဖွဲ.စည်းပုံ၊ အုပ်ချုပ်ပုံကို ယူထားခြင်းဖြစ်ပြီး ထိုအခြေခံအပေါ်တွင် အထွတ်အဆင့်ဆင့် တင်တင်လာခဲ့ခြင်းဖြစ်ပါသည်။ ဌာနဆိုင်ရာများ၏ တိကျသေချာစေရန် တစ်ဦးတစ်ယောက်မရှိရုံနှင့် လုပ်ငန်းခွင် မပျက်စေရန် တည်ဆောက်ထားသော ထို အထက်အောက် ဖွဲ.စည်းပုံသည် (ယနေ. အိုင်တီနည်းပညာနယ်ပယ်နှင့် မကိုက်ညီတော့သော်လည်း) အလုပ်ဖြစ် တိကျ သပ်ရပ်သောကြောင့် အစဉ်အဆက် လက်မလွှတ်နိုင်ခဲ့ခြင်း ဖြစ်သလို ဌာနဆိုင်ရာ ဖွဲ.စည်းပုံ ပြင်ဆင်ရေးသည် အလွန်ခက်ခဲသောကိစ္စတစ်ရပ် ဖြစ်သောကြောင့်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင် မပြင်မဆင် မပြောင်းမလဲ ရှိနေခဲ့ခြင်းလည်း ဖြစ်ဟန်တူပါသည်။

၎။ ယနေ. ရီဖောင်းဟု ပြောကြသောအခါ အချို. လူကြီးများက လူထပ်တိုးတောင်းရန် ပြင်ကြပါလိမ့်မည်။ အချို. ပညာတတ်တို.က လူလျော့ပစ်ရန် အကြံပြုပါလိမ့်မည်။ အချို.က လူ.စွမ်းအားအရင်းအမြစ်ထောင့်မှကြည့်ပြီး အချို.က သင်တန်းများ၊ ၀ပ်ရှော့များဖြင့် အရည်အချင်း မြှင့်တင်ရန် ရည်ရွယ်ကြသည်။ အမှန်စင်စစ် ရသမျှ လုပ်အားကို ညှစ်ထုတ်ယူနေကြသော အပြင်အဖွဲ.အစည်းများနှင့် လုပ်အားပြုန်းတီးမှု များလွန်းနေသော အစိုးရအဖွဲ.အစည်းများသည် နိုင်ငံအတွက် အကောင်းဟု ပြောရန် ခက်ပါသည်။ ပြင်တော့ ပြင်ကြရပေမည်။

၅။ လူတိုးခြင်း၊ လူလျော့ခြင်းတို.သည် အမှန်စင်စစ် ဖြစ်စဉ်တစ်ရပ်ကို ပုံဖေါ်နေခြင်းသာဖြစ်သည်။ အဘယ်ဖြစ်စဉ်နည်းဟု မေးလာလျှင် လုပ်ငန်းခွင်တစ်ရပ်၏ အကောင်းဆုံးရလာဒ်ကို အနည်းဆုံးသော လူအင်အား၊ အနည်းဆုံးသော ကုန်ကျစရိတ်ဖြင့် အတိုတောင်းဆုံးသော အချိန်တွင် ရရှိစေရန် ပြုပြင်ပြောင်းလဲရမည့်ဖြစ်စဉ်ဟုပင် ဖြေရပါမည်။ လွယ်လှသည်တော့မဟုတ်ပါ။ ထိုဖြစ်စဉ် ဖြစ်လာစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။ အချို.က အီးအေ (Enterprise Architecture) ကိုသုံးသည်။ အချို.က ဘီပီအာ (Business Process Reengineering) ကို အသုံးပြုသည်။ နာမည် မည်သို.တတ်ပါစေ။ ယခုပြောနေကြသော ရီဖောင်းကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

၆။ မည်သည့် နည်းကို သုံးသည်ဖြစ်စေ၊ ရှေးဦးအာရုံစိုက်ရမည့် အရာသည် အဖွဲ.အစည်း၏ ပန်းတိုင် Mission and Vision(ဘာသာမပြန်တတ်၍ ပန်းတိုင်ဟု ခေတ္တ သုံးထားပါသည်၊ အားမရပါ) ပင် ဖြစ်ပါသည်။ ထို မစ်ရှင်ဗီးရှင်းကို လက်ရှိမည်သို. ချီတက်နေသည်ကို သေချာ ပြန်လည် စစ်ဆေးရပါမည်။ လက်ရှိ အလုပ်ဖြစ်စဉ် (Business Process) များ၊ ဒေတာစီးဆင်းမှုများ၊ နည်းဗျူဟာများကို ပုံပေါ်အောင်ကြည့်ရပါသည်။ လက်ရှိလုပ်ဆောင်နေသော မိုဒယ် (As Is Model ဟု ပြောကြပါသည်) အတွင်းရှိ ဖြစ်စဉ်ဖြစ်ရပ်များကို 'စက်စင်အောင်' လက်ကုန်ထုတ် သုံးသပ်လေ့လာရပါသည်။

၇။ ထိုသို. သုံးသပ်ပြီးလျှင် ဖြစ်လိုသော မိုဒယ် (To Be Model) ကို ရေးဆွဲရပါသည်။ သေချာသည်မှာ လက်ရှိ အလုပ်ဖြစ်စဉ်ကို သေချာ မလေ့လာခဲ့ပါက မည်သည့်နေရာကို တိုးမည်၊ မည်သည့်နေရာကို ဒေတာဗေ့စ် အဖြစ်ပြောင်းမည်၊မည်သည့်နေရာကို ကွန်ပျူတာ အကူအညီသုံး computerize လုပ်မည် စသည်ကို အခက်အခဲ တွေ.ရမည်သာဖြစ်သည်။ ထိုမိုဒယ်ရေးဆွဲခြင်းသည်လည်း ရှိရင်းစွဲ မိုဒယ်ကို အနည်းငယ်ပြုပြင်ရုံနှင့် အကောင်းဆုံး အလုပ်စီးဆင်းမှုဖြစ်စဉ်ရအောင် ကြံဆရပါသည်။ အဖွဲ.အစည်း၏ မစ်ရှင်ဗီးရှင်း ကို မလွတ်အောင်လည်း အာရုံစိုက်ရပါသည်။ မဖြစ်နိုင်သော မိုဒယ်ကို စကားလုံးအလှများသုံး၍ ပုံမဖေါ်မိစေရန်လည်း အာရုံထားရပါသည်။

၈။ Reform အတွက် အကျဉ်းမျှပြောမိသောအခါ အင်မတန်လွယ်ပါလားဟု ထင်စရာဖြစ်ပါသည်။ ထင်သလောက်မလွယ်ပါ၊ အင်မတန် ခက်ခဲသော 'ပညာရပ်' ဖြစ်ပါသည်။ တကယ်လုပ်ရသည် မဟုတ်ပဲ စက္ကူပေါ်တွင်ပင် လုပ်ငန်းတစ်ရပ်ကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရသည်မှာပင် 'ခက်'နေလျှင် တကယ်လုပ်ချိန်၊ လူများကို စီမံခန်.ခွဲချိန်၊ ဖြစ်စဉ်ကို အကောင်အထည်ဖေါ်ချိန်တွင် အင်မတန်ခက်ပါသည်။ (ဥပမာတစ်ရပ်ပဲ ပြောပါမည်။ လူကိစ္စမဟုတ်ပါ။ လုပ်ငန်းခွင် အချို.နေရာများကို computerize လုပ်မည်ဆိုလျှင် ပြင်ပမှာငှား outsourcing သုံးမည်လား၊ open source သုံးမည်လား၊ အင်မတန် စဉ်းစားရခက်ပါသည်။ ကွန်ပျူတာ သမားများ နားလည်ပါသည်) အပြောင်းအလဲကို လက်ခံချင်သူ၊လက်မခံချင်သူ၊ အစီအစဉ်ဟောင်းတွင် အလုပ်ဖြစ်နေသူ၊ အစီအစဉ်သစ်တွင် အံမ၀င်သူ၊ ဘယ်လိုမှသုံးစားမရသူ၊ စသည်စသည်သော အမျိုးမျိုးဖြစ်သည့် လူများ၊ ဖြစ်စဉ်များကို နေရာချထားရခြင်းသည် အင်မတန်ခက်ပါသည်။

၉။ ထို.ကြောင့်လည်း ရီဖောင်းနာမည်တတ်၍ လူတိုးတောင်းရန်စဉ်းစားကြခြင်းသာ ဖြစ်ပါမည်။ နဂိုလေးလံသော ၀န်ထုတ်ဝန်ပိုးဝယ် ပို၍လေးရန် ထပ်ဆင့်ခြင်းသည် ရီဖောင်းမဟုတ်ပါ။ အသုံးမ၀င်ဟု ထင်ရသော လူတို.ကို ဖယ်ရှားခြင်းသည်လည်း ရီဖောင်းမဟုတ်ပါ။ အထူးသဖြင့် အပြောင်းအလဲကို ဗန်းပြ၍ ကိုယ်ကျိုးထုတ်ရန် စဉ်းစားနေသော အထက်ပိုင်းများရှိနေလျှင် တိုင်းပြည် 'နာ' ပါသည်။ သင်းတို.ခန်.ထားတာမဟုတ်ဘူး၊ ငါ့ကို သင်းတို.ထုတ်လို.မရဘူးဆိုကာ အလုပ်မလုပ်ပဲ နေသော အငယ်ဝန်ထမ်းများရှိလျှင် လုပ်အား'နာ'ပါသည်။ တာဝန်ယူမှု၊တာဝန်ခံမှု၊ ကိုယ်ကျင့်တရား စသည်ဖြင့် မထွန်းကားပဲ ရီဖောင်းကိုသာ စွတ်လုပ်လျှင်လည်း အဆင်မပြေနိုင်ပါ။

၁၀။ ပြောခဲ့သမျှသည် ခက်ခဲသော အလုပ်ကို လွယ်လင့်တကူ မပြောမိ မလုပ်မိစေရန်သာဖြစ်ကြောင်း၊ ခက်ခဲသည်ဟု မလုပ်ပဲနေလျှင်လည်း အဆင်ပြေမည်မဟုတ်ကြောင်းနှင့် 'မင်းတို.ပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရာ' ဖြစ်၍သာ ပြောမိပါကြောင်း၊ ထို.ထက်ပို၍ ဆိုရန်မရှိပါကြောင်း။

အတ္တများနှင့် ဆရာဝန် -၁


၁။ အသိတစ်ယောက် ရေးသော မှတ်ချက်ကို သဘောကျ၍ စပြောရပါမည်။ 'ဒီစကားပြောလို. အခြားသူများနှင့် အခင်မင်ပျက်ရလည်း ၀မ်းမနည်းပါ' ဟု ဆိုပါသည်။ ဆက်ပြောမည့် အကြောင်းအရာများကိုလည်း 'ထိုသို.ပင်' သဘောထားစေချင်ပါသည်။

၂။ ကျန်းမာရေး ကိစ္စများနှင့် ပတ်သက်၍ ပြောကြဆိုကြသည့်အခါ မည်သူမှ စနစ်တကျ သုတေသန ပြုထားသော ရလာဒ်ကို ပြောကြသည် မဟုတ်ပဲ စိတ်မှန်းနှင့် 'ရမ်းတုတ်' နေကြသည်သာ များပါသည်။ (ကိုယ်ကိုယ်တိုင်လည်း ရမ်းတုတ်ခဲ့ရပါသည်) ရမ်းတုတ်ကြသည်အတူတူ ဖြစ်သော်လည်း ဖြစ်နိုင်သမျှ ထောင့်ပေါင်းစုံမှ အနီးစပ်ဆုံး တွေးစေချင်ပါသည်။ ဥပမာ ဆိုပါမည်။ နောက်ပေါက် ဆရာဝန်လေးများ အရည်အသွေးကျဆင်း လာသည်ဟု ဆိုကြပါသည်။ ကျောင်းသားများစွာကို ဆရာအင်အား မလောက်မငပဲ ရရှိသော အချိန်နည်းနည်းကလေးဝယ် အလျှင်အမြန်မွေးထုတ်ရသဖြင့်ဟုလည်း ဆိုကြပါသည်။ အမှန်စင်စစ်မူ အရည်အသွေးကျဆင်းလာသည်ဆိုသည်ကလည်း စနစ်တကျ တိုင်းတာထားခြင်းမျိုးမဟုတ်။ (ညံ့ဖျင်းသူများ အတွေ.များလာသည် ဆိုသော်လည်း ယခင်ဆရာများလည်း အစဉ်အဆက် ထိုသို.ပြောသံကြားခဲ့ဘူးပါသည်) ဆရာအင်အားကြောင့်၊ အချိန်နည်းနည်းကြောင့် ဘာကြောင့်ညာကြောင့်များသည်လည်း စနစ်တကျ တိုင်းတာတွက်ချက်ထားသည်မဟုတ်ပဲ ဖြစ်နိုင်ချေရှိသော အကြောင်းရင်းများကို အတွေ.အကြုံအရသာ မှန်းဆ၍ထားသော အကြောင်းများ ဖြစ်ပါသည်။ ထိုသို. မှန်းချက်နှင့် ရှာထားသော အကြောင်းရင်းများကို 'အတည်အဖြစ်' ယူဆလိုက်သောအခါ ဆရာဝန်မွေးထုတ်များ၏ အရည်အသွေး ပြည့်ဝစေရန် ပြင်ဆင်မည်ဆိုသောအခါ 'မှန်းဆအကြောင်းရင်းများကို အမှန်အဖြစ် ပြင်ဆင်ရန် အားထုတ်ခြင်း' သည် မှန်ကန်သော အားထုတ်ခြင်း ဖြစ်ပါ၏လော ဆင်ခြင်စေချင်ပါသည်။ သို.သော် မလုပ်သည်ထက် လုပ်သည်က တော်သေးသည်ဟုပဲ ချီးကျူးရပါမည်။

၃။ ယခု ဆက်ပြောမည့် အရာများသည်လည်း စနစ်တကျ သုတေသန ပြုထားသည်မဟုတ်ပဲ 'ထင်လုံး' များသာ ဖြစ်ကြောင်း ၀န်ခံလိုပါသည်။ သူတပါး၏ ထင်လုံးများကို ချေပရန် ထင်လုံးများကို ပြန်လည် အသုံးပြုခြင်းသည် သင့်လျော်လျောက်ပတ်သော အပြုအမူ မဟုတ်ဟု ယူလိုက ယူနိုင်ပါသည်။ သို.ရာတွင် လူ.သဘောသဘာဝကို အခြေခံ၍ ထောင့်စုံနိုင်သမျှ စုံအောင်တွေးတောနိုင်စေရန် အားထုတ်ထားပါသည်။ အထူးသဖြင့် ကိုယ့်ဘက်တစ်ဘက်တည်းကိုသာကြည့်၍ ထင်လုံးများကို အဟုတ်လုပ်၍ 'ငိုတတ်တဲ့ ကလေး မုန်.စားရ' စေရန် အော်နေသော ငရမန်ဆရာဝန်များအတွက် 'ဖြစ်နိုင်ချေ ရှိသော ထင်လုံးများကို အမှန်တကယ်လက်ရှိအနေအထားပေါ် ထင်ဟပ်၍' ပြောပြလိုသည်များ ရှိလာပါသည်။

၎။ ယခင်က ဆရာဝန်မွေးထုတ်မှန်သမျှကို တိုင်းပြည်၏ လိုအပ်သော နေရာတွင် ခန်.ထားရန်နိုင်အတွက် အလုပ်ဝင်မှ ဆေးကုသခွင့် လက်မှတ် 'ဆမ' ထုတ်ပေးခဲ့ပါသည်။ ယခု မွေးသမျှ မခန်.နိုင်တော့ပါ။ ထိုအခါ ဆမအတွက် သင်တန်းတစ်ခုဖြင့် ဆောင်ရွက်ပေးရပါသည်။ ထိုကိစ္စများတွင် မှန်သည်မှားသည် ပြောရန်မရှိပါ။ သို.ရာတွင် အလုပ်လက်မဲ့ဆရာဝန် ဟုပြောကြတိုင်း 'အူထဲကယား' ပါသည်။ ဟိုးရှေးယခင်ကျောင်းသားကြီးများသည် တတိယနှစ်ပြီးသည့်အခါ (ဆရာဝန်များ အလွန်လိုအပ်သော ကာလက ဖြစ်ခဲ့သောကြောင့် တရားဝင်သည် မ၀င်သည်အပထား) ပြင်ပ ဂျီပီ ဖွင့်နိုင်ခဲ့သည်ဟု ပြောသံကြားဘူးပါသည်။ ယခု ဘွဲ.လက်မှတ်၊ ဟောက်စ်ဆာဂျင် ကွန်ပလိရှင်း၊ ဆမ စသည်ဖြင့် လက်နက်ကြီးငယ် အပြည့်အစုံတပ်ဆင်ပေးထားသည့်တိုင် 'နို.သက်ခံ စို. ' ချင်နေသကဲ့သို. အလုပ်လက်မဲ့ဖြစ်ရပါသည်ပြောသောအခါ နားလည်ရန်အတော်ခက်ရပါသည်။ ဆရာဝန်မွေးထုတ်သမျှ အစိုးရက ခန်.အပ်နိုင်သော နိုင်ငံရှိလျှင်ပြောပြစေချင်ပါသည်။ တစ်နိုင်ငံလောက်ကို ရှာလာပြီး လာပြောမည်စိုး၍ ကမ္ဘာပေါ်ရှိ နိုင်ငံမည်မျှ ဆိုသည်ကိုပါ ရှာလာစေချင်ပါသည်။ ကမ္ဘာ. စံနှုန်း တစ်ခုတလေကို ဆွဲဆွဲထုတ်လာပြီး အော်အော်နေသည့်အခါလည်း စိတ်ညစ်ရသော်လည်း ဤကိစ္စကို ခေတ္တချထားခဲ့ပါမည်။

၅။ ယခင်ကိုပဲ ပြန်သွားရပါမည်။ ယခင်ခေတ်က မွေးထုတ်သောဆရာဝန်များသည် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရမည်မှာ အသေအချာဖြစ်၍ အလုပ်မ၀င်လျှင် 'ဆမ' ထုတ်မပေးရေးမူချခဲ့သည်ကို အပြစ်ပြောခဲ့ကြသော်လည်း 'အလကားမတ်တင်း' နှင့် အဆင့်မြင့် ပညာများကို သင်ကြားပေးခဲ့ကြသည်ကိုတော့ 'ရူးချင်ယောင်ဆောင်' နေသကဲ့သို. ယနေ.အထိ အမွေပါလာသည်ကိုလည်း မေ့ချင်ယောင်ဆောင်ကာ ဘောင်းထိုးခဲ့ရသည်ကိုပဲ ထပ်ပြန်တလဲလဲ 'အော်ကြဟစ်ကြ အရေးဆိုကြ' ပါသည်။ ဘောင်းကိစ္စသည် 'မထိုးမဖြစ် အကျပ်ကိုင်၍ ထိုးခဲ့ရသယောင်' ပြောကြပါသည်။ တကယ်တော့ မကျေနပ်လျှင် ဘောင်းမထိုးရုံသာဟု ပြောလျှင် ရွဲ.ပြောသည် ထင်ကြပါမည်။ အကျပ်ကိုင်သည် ဆိုကြပါမည်။ တကယ်တော့ တိုင်းပြည်က အလကားနီးပါး သင်ကြားပေးနေသော ဆရာဝန်ပညာရေးသည် (ယခုအထိ တစ်လရှစ်ရာမျှသာရှိပါသည်) တိုင်းပြည်အတွက် အရှုံးခံ၍ မွေးထုတ်နေရခြင်းသာဖြစ်ပါသည်။ ဆရာဝန်သစ်လွင်တစ်ဦး မွေးထုတ်ရန်မှာ တိုင်းပြည်အတွက် ၁၅သိန်းခန်. ကုန်ကျ၍ လျှော်ကြေးတောင်းလျှင် ၁၀သိန်းသာ ဖြစ်သည်ကို 'ဈေးတွက် တွက်လိုသော အီကောနောမစ် ဆရာဝန်လေးများ' အားပြောလိုပါသည်။ ဘောင်းထိုးစဉ်က 'ပြီးပြီးရော ဖတ်၍ပင်မကြည့်ပဲ' ထိုးခဲ့ကြ၍ လွယ်လင့်တကူပင်မေ့လိုက်ကြပါသည်။ ထိုဘောင်း အသက်ဝင်ချိန် ရောက်လာသောအခါ မတရားပါဟု အော်ကြပါသည်။

၆။ တိုင်းပြည်ကို ချစ်လွန်းလို.ဟု အော်နေရန် အချိန်အခါ မဟုတ်တော့သည်ကို နားလည်ပါသည်။ တိုင်းပြည်အကြောင်း၊ စနစ်အကြောင်း ဆဲနေကြသည်ကို နားစိုက်ကြည့်လျှင် ကိုယ့်ဘက်မှ ရှုထောင့်တစ်ခုတည်းကိုသာ အာရုံစိုက်၍ အခြားသော ဘက်မှ 'ရှုကြည့်' နိုင်ရန် အားထုတ်ကြသည်ကို မတွေ.မိသလောက်ပင်ဖြစ်ပါသည်။ အပေးအယူ ကိစ္စဟု ယူဆလျှင်လည်း 'ကိုယ်ယူခဲ့သည်ကိုတော့' မမေ့ကြစေချင်ပါ။ စနစ်တွင်အားနည်းချက်များ၊ ခေတ်နှင့် မကိုက်ညီသည်များ ရှိသည်ကို ၀န်ခံပါသည်။ အရာရာတိုင်းကို ခေတ်စနစ်အား 'ပုံချ' ရန်တော့ မဖြစ်နိုင်ပါ။ လူတိုင်း၏ လိုအင်နှင့် ကိုက်ညီသော စနစ်ဆိုသည်ဖြင့် မရှိနိုင်ပါ။ အတ္တကို အခြေပြုစဉ်းစားသော ဆရာဝန်အချို.အတွက် ဆရာဝန်အားလုံးကို ၀ါးလုံးရှည်ဖြင့် ယမ်းသလိုဖြစ်မိပါက တောင်းပန်ရပါမည်။ မသက်ဆိုင်သူများကို တောင်းပန်ခြင်း ဖြစ်သော်လည်း သက်ဆိုင်သူများကိုမူ အခင်မင် ပျက်ရလည်း ၀မ်းမနည်းပါဟု ထပ်မံ၍ ဆိုပါမည်။

(ဆက်ပါမည်)

အတ္တများနှင့် ဆရာဝန် -၂


၇။ အမှန်တကယ် ပြောရန်ရည်ရွယ်ထားသည်ကို ကြားဖောက်၍ ပြောရပါမည်။ ဗဟိုချုပ်ထိန်းမှု ဖြေလျှော့ခြင်း Decentralization အကြောင်း ဖြစ်ပါသည်။ သိလွန်း၍ ပြောရသည်မဟုတ်ပါ။ သီအိုရီ မည်သို.ပင်ရှိသည်ဖြစ်စေ၊ 'ရှင်းရှင်းပြတ်ပြတ် စဉ်းစားမှု' ကို ဘေးသို. ဖယ်ထုတ်၍ ကြားဘူးနားဝနှင့် လုံးဝမကြားဘူးသူတို.၏ 'နားကိုရှုပ်တွေးစေရန်' ထင်ယောင်မှား ပြောနေကြခြင်းကို ဆင်ခြင်နိုင်စေရန် ရည်ရွယ်ပါသည်။ သီအိုရီများကို လည်း အခြေခံပါ။ တိုင်းပြည် လက်ရှိအနေအထားကိုလည်း မျက်ကွယ်မပြုပါနှင့်။ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်ကိုလည်း အသုံးပြုပါဟု အကြံပေး တိုက်တွန်းလိုပါသည်။

၈။ ဒီစင်ထရယ်လိုက်ဇေးရှင်း ဟု ပြောကြလျှင် အမှန်စင်စစ် Democratic Decentralization ကို ယေဘုယျ ဆိုလိုပါသည်။ ဖွင့်ဆိုချက်ကို အခြေခံ၍ ပြောရလျှင် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ တို.အကြား၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို.နှင့် ပြည်သူပြည်သားတို.အကြား ဆက်နွယ်မှု အစဉ်တစိုက် ဖွံ.ဖြိုးတိုးတက်မှု ဖြစ်စဉ်ပင်ဖြစ်ပါသည်။ (စာလေးလျှင်လည်း သည်းခံကြပါရန် တောင်းပန်အပ်ပါသည်) 'တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို.နှင့် ပြည်သူပြည်သားတို.အကြား' ဆိုသည့် စာသားကို အလေးအနက်ဆိုပါသည်။ ယနေ.အာရုံစိုက်ပြောနေကြခြင်းမှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းရေးကိုသာ အာရုံစိုက်၍ ပြောနေကြခြင်းဖြစ်ပါသည်။ တနည်းပြောလျှင် အာဏာယူမှုကိုသာ မြင်၍ တာဝန်ယူမှုကို မမြင်သည့်သဘောဟု ဆိုချင်ပါသည်။

၉။ ဒီစင်ထရယ်လိုက်ဇေးရှင်းကို ရိုးရိုးရှင်းရှင်း ဖွင့်ဆိုရလျှင် အခွင့်အာဏာ Authority တာဝန်ခံမှု Responsibility နှင့် စာရင်းရှင်းနိုင်စွမ်း Accountability တို.ကို လွှဲပြောင်းပေးအပ်ခြင်းပင်ဖြစ်ပါသည်။ နာမည်တပ်လျှင် သုံးမျိုး ရှိပါသည်။ အုပ်ချုပ်မှုဆိုင်ရာ၊ ဘဏ္ဏာရေးဆိုင်ရာနှင့် စီမံကွပ်ကဲမှုဆိုင်ရာ (Administrative, Financial and Political Decentralizations) တို.ဖြစ်ပါသည်။ အုပ်ချုပ်မှုဆိုင်ရာ ဗဟိုလျော့ခြင်းသည် တာဝန်ခံမှု (Functional Responsibility) ကိုပြောပါသည်။ ဘဏ္ဏာရေးဆိုင်ရာ ဗဟိုလျော့ခြင်းသည် အရင်းအမြစ်များ (access to resources) ကိုပြော၍ စီမံကွပ်ကဲမှုဆိုင်ရာဗဟိုလျော့ခြင်းသည် စာရင်းရှင်းနိုင်စွမ်း (Accountability) ကို ဆိုလိုပါသည်။ အကြမ်းမျှပြော၍ မိမိတို.နှင့် ဆိုင်ရာ ကျန်းမာရေး ကိစ္စကိုသာ ပြောပါမည်။

၁၀။ ကျန်းမာရေးဆိုင်ရာကိစ္စတို.တွင်လည်း အုပ်ချုပ်မှုအာဏာကို အသုံးပြုရသော ကိစ္စတို.ရှိပါသည်။ ဘဏ္ဏာရေးဆိုင်ရာကိစ္စတို.ရှိပါသည်။ စာရင်းဇယားဆိုင်ရာ ကိစ္စများရှိပါသည်။ အကယ်၍ ဒီစင်ထရယ်လိုက်ဇေးရှင်းလုပ်မည်ဆိုလျှင်လည်း ထိုကိစ္စရပ်များသည် ဆေးရုံဆေးခန်းဆိုင်ရာတာဝန်ခံများဆီသို. 'အလုံးစုံ ပုံ၍' ရောက်လာမည်မဟုတ်ပဲ ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်သာ ခွဲဝေပေးအပ်ရမည်ဖြစ်ပါသည်။ နောက်မှလာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲမည်ဟု မဆိုချင်သော်လည်း ယနေ. သုံးရပ်သောအာဏာခွဲဝေ ကျင့်သုံးမှုတွင် အသားမကျသေးသော (မျက်စိမှိတ်ငြင်းလိုက ငြင်းပါလေ) အနေအထားတွင် ကျန်းမာရေးဆက်တာအတွက် ရင်လေးရပါသည်။ ဒီစင်ထရယ်လိုက်ဇေးရှင်း၏ အနှစ်သာရမှာ ပြည်သူပြည်သားတို.အတွက် transparency, accountability ရရှိရန် ဗဟိုနှင့် ပြည်သူဝေးကွာနေမှု လျော့နည်းရန်အတွက် ဒေသအာဏာပိုင်တို.၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်သာဖြစ်ပါသည်။ ဆရာဝန်နှင့် ပြည်သူ citizen တိုက်ရိုက်ထိတွေ.မှုတွင် 'အသားကျနှင့်ပြီးသော ကျန်းမာရေးနယ်ပယ်' တွင်မူ လုပ်ပိုင်ခွင့်အာဏာ၊ ဘဏ္ဏာရပ်ဆိုင်ရာ၊ စာရင်းဇယားဆိုင်ရာတို.တွင် ဒီစင်ထရယ်လိုက်ဇေးရှင်းမှ ထူးခြားသော ဖွံ.ဖြိုးမှု ရနိုင်ပါမည်လော ဆင်ခြင်သင့်ပါသည်။ (ဒီစင်ထရယ်လိုက်လုပ်ခြင်းကို ငြင်းပယ်နေခြင်းမဟုတ်ပဲ ကျန်းမာရေးနယ်ပယ်အတွက် စဉ်းစားနေခြင်းဖြစ်ကြောင်း သတိချပ်ပါလေ)

၁၁။ အထူးသဖြင့် ဒီစင်ထရယ်လိုက်လုပ်ခြင်းသည် ကွဲပြားခြားနားသော ဒေသအသီးသီးရှိ ပုဂ္ဂလိကဆိုင်ရာတို.အတွက် accountability ဖွံ.ဖြိုးစေရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်။ ဥပမာဆိုသော် စိုက်ပျိုးရေးဖွံ.ဖြိုးသော ဒေသနှင့် တောင်ပေါ်ဒေသတို.အတွက် မူဝါဒ၊ အခွန် စသည်တို. တူညီနေရန် မဖြစ်နိုင်၍ လိုအပ်သော အခွင့်အာဏာတို.ကို 'သူ.အရပ်နှင့် သူ.ဇာတ်' မျှတစေရန်ခွဲဝေပေးရခြင်းကို 'ဗဟိုချုပ်ကိုင်မှု တင်းကြပ်လွန်းသည်ဟု အော်ဟစ် အပြစ်တင်၍ ကောင်းသည့် စကားလုံးများသုံးကာ' ပြောချင်ရာပြောနေခြင်းသည် အင်မတန်ရှက်စရာကောင်းပါသည်။ ဆရာဝန်သည် ဆေးကုသခွင့် မရှိလျှင်ပြောပါ။ ပိုက်ဆံမရခြင်းသည် ခွဲမပေး၍ မဟုတ်ပါ။ မရှိ၍ မရခြင်းသာဖြစ်သည်။ ကျန်းမာရေးအတွက် ရသမျှဘတ်ဂျက်ကို 'ဆေးများစုပြုံဝယ်ကာ ဆေးကုသရေးအတွက်ပဲသုံးမည်' ဟု ကလေးပေါပေါသည့် အတွေးနှင့် ဒီစင်ထရယ်လိုက်လုပ်မည်ဆိုလျှင်တော့ လူရီပါလိမ့်မည်။ ဆရာဝန်သည် ဆေးကုသရပါမည်။ သို.သော် ဆေးကုသခြင်းသက်သက်သည်သာ ဆရာဝန်အလုပ်မဟုတ်ပါ။ ဖိုင်နယ်ပါ့ဝမ်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာတွင်သင်ခဲ့သော တီအမ်အို၏ တာဝန်ဝတ္တရားများကို မေ့ကုန်ကြပြီထင်ပါသည်။ ထိုတာဝန်ဝတ္တရားတို.ကို လုပ်ပိုင်ခွင့်မရှိလျှင်အော်ပါ။ ကျန်းမာရေးဘတ်ဂျက်ကို ပြည်နယ်အရေအတွက်၊ ဆေးရုံအရေအတွက်နှင့်စားကာ 'ဒီငွေတွေ တို.လက်ထဲထည့်ပါ၊ ငါတို.လုပ်ပြပါ့မယ်' ဆိုသည့် စကားမျိုးကိုကြားရသည့်အခါ ဘာပြောရမည်ပင်မသိပါ။ အခွင့်အာဏာ၊ ငွေကြေး စသည်တို.ကို ခဏဘေးဖယ်၍ တာဝန်ခံမှုလေးတစ်ခုလောက်ပဲ ကြိုးစားကြည့်ပါဟု တိုက်တွန်းလိုပါသည်။ ရွဲ.သည်မဟုတ်ပါ။ ဗဟိုသို. တက်လာသော စာရင်အင်းများကိုပင် မည်သို.အပူတပြင်း ဖြည့်ခဲ့သည်ကို ကိုယ့်ဘာသာသိပါသည်။ ကိုယ် ငွေကြေးဆိုင်ရာစာရင်းဇယား မနိုင်တာ ကိုယ်ပဲသိပါသည်။ တို.က ဆရာဝန် ၊ဒါတွေ မဆိုင်ဘူးပြော၍ မရပါ။ ဆရာဝန်တစ်ယောက်သည်အရာရှိဝန်ထမ်းတစ်ယောက်၏ တာဝန်ပါယူရပါမည်။ ဖြေရှင်းနိုင်ပါသလားဟု ရိုးရိုးသားသား တွေးကြည့်စေလိုပါသည်။ ပြီးမှ ဒီစင်ရယ်လိုက်လုပ်ရန်စဉ်းစားပါလေ။

၁၂။ ဒီစင်ထရယ်လိုက်ဇေးရှင်းသည် ပညာရပ်တစ်ခု ဖြစ်ပါသည်။ ဒီဇိုင်းဆင်ရပါသည်။ ပရောဂျက်ဆွဲရပါသည်။ 'ရော့၊ အင့်' ဟု လုပ်၍ မရသည်ကိုသိစေချင်ပါသည်။ လွယ်လွယ်တွေး၊ လွယ်လွယ်ရေးကာ ပြည်သူကို အသိမှားအမြင်မှားပေး၍ ပြောချင်သလိုပြောနေလျှင် လူနာအသက်ဆုံးသည်ထက် ပို၍ နစ်နာပါသည်။ တိုင်းပြည်ကိစ္စဖြစ်ပါသည်။ မသိသည်ကကိစ္စမရှိပါ။ သိအောင်ကြိုးစားလျှင်ရပါသည်။ လွယ်လွယ်ပြောသည်ကိုတော့ မကြိုက်ပါ။ အထူးသဖြင့် ကိုယ်နားမလည်သောကိစ္စရပ်များကို 'လေဖမ်းဒါန်းစီးကာ' ငါသာအသိငါသာအတတ်လုပ်နေသော အတ္တများနှင့် ဆရာဝန် အချို.အား တောင်းပန်လိုက်ရပါသည်။

(ဆက်ပါမည်)

ဆရာဝန် ဘက်က တုတ်ဓား ဆွဲမယ်


၁။ သမုတိ အတွက်
င၀က်က ဒဏ်ခံ
အထက်က အတန်တန်ကို
ရွှေနန်းစံမသိ။
(အချုပ်တန်း ဆရာဖေ)

၂။ ဆရာဝန်များအကြောင်း ရေးပါများလွန်းလာသောအခါ ကိုယ်ကပဲ ရန်စွယ်ငေါငေါ ဖြစ်နေပြီလားမသိ။ အမှန်တော့ အဖြစ်အပျက်၊ သဘောသကန်တို.ကို (လုံးဝ အမှန်ဟု မပြောရဲသည့်တိုင်) အမှန်တရားနှင့် အနီးစပ်ဆုံးတူအောင် အားထုတ်ကြည့်မိခြင်းသာဖြစ်သည်။ သို.တည်းမဟုတ်ပါက ဆရာဝန်များအနေနှင့် 'ဒီခေတ်တွင် မယ်ကြည်အောင် ဆယ်ပြည်ထောင်ချော့တော့ မပြုံး' ဖြစ်နေသည်မှာ ကြာပါပြီ။ မပြုံးရချင်နေပါစေ၊ မမဲ့ကြစေဖို.ရန် ဤစာကို ရေးရပါသည်။

၃။ မိဘများကို အပြစ်တင်လည်းလည်း ငရဲကြီးပါလိမ့်ဦးမည်။ သို.သော် အများစုသော ဆရာဝန်တို.မှာ '၀ါသနာဘာဂီ ဆက်တိုင်းမှီသောကြောင့်' ဆေးကျောင်းသို. တက်လာကြခြင်းမဟုတ်ပါလေ။ မိဘတို.က သားသမီးနောင်ရေး စိတ်အေးစေရန် ပညာအမွေကို ပေးတော်မူကြသော်ကြောင့် ကိုယ့်ဝါသနာ'ဘာ'ဟု မကွဲပြားခင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ကြီးသို.ရောက်လာ ပစ်ချ ခံရပါသည်။ သို.သော် ၀ါသနာကိစ္စ ကို ပြောလိုရင်းမဟုတ်ပါ။ ဆရာဝန်ဖြစ်လာသည်မှာ 'မေတ္တာတော်အထူး' ပါလာသော ဆူပါ့ဆူပါ လူစွမ်းကောင်းများ၊ အနစ်နာခံသူရဲကောင်းများဟု ထင်နေကြသော အချို.သော လူများ 'သတိထားမိတော်မူစေရန်' နောက်ကြောင်းလှန်ပြရခြင်းဖြစ်ပါသည်။ မေတ္တာတော် အထူးပါမလာသော်လည်း သူတစ်ဖက်သားအား ဘေးဥပါဒ် အန္တရာယ် မဖြစ်စေရန်ကြိုးစား၍ မိမိတာဝန်ကို ကျေပြွန်စေရန် ထိုက်လျောက်သော အားထုတ်သမှု ပြုကြလျှင် ကျေနပ်ကြပါလော့ဟု တောင်းပန်လိုပါသည်။

၎။ သားလေးကြီးရင် ဘာလုပ်မယ် ဟု မေးလျှင် အရွယ်တော်တော်ရောက်လာသောအခါ ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်ဟု သာဖြေကြပါသည်။ ဈေးသည်လုပ်မည်၊ ဆိုက်ကားနင်းမယ်ဟု မဖြေကြပါ။ မဖြေတတ်၍ မဟုတ်ပါ။ ဖြေမိလျှင် အတီးခံရဘူး၍ သာဖြစ်ပါမည်။ (ဆရာဝန်ထက် 'သာ' တာ လုပ်ပြမယ်ဟူသော ကလေးတစ်ယောက်တွေ.ဘူးပါသည်။ ဘာလဲ ဆိုတော့ ဆူပါမင်းတဲ့။ ဟုတ်တုတ်တုတ်) နောက်တစ်ခေတ်တွင်တော့ ဆရာဝန်လုပ်ခိုင်းသော မိဘနည်းစေချင်ပါသည်။

၅။ ဆရာဝန် ၀န်ထမ်းလုပ်သည့်အခါတွင်လည်း အပိုဝင်ငွေကို (ကိုယ့်အားကိုယ်ကိုး ဂျီပီထိုင်ခြင်းဖြင့်သာ) ရှာရပါသည်။ သူများ အရာရှိအရာခံများဖြစ်လာလျှင် (ဥပမာ အင်ဂျင်နီယာထားပါ) ရာထူးနှင့်အတူ (လုပ်ပိုင်ခွင့်ဟု နာမည်တပ်ထားသော) အခွင့်အလန်းများပါတွဲပါလာပါသည်။ အမှန်စင်စစ် 'ပေး' စားစေခြင်းသာဖြစ်ပါသည်။ ဆရာဝန် နေရာကောင်းရသည်ဆိုခြင်းမှာ ဂျီပီကောင်းသော အရပ်သို. ပို.ခြင်းသာဖြစ်ပါသည်။ အလိုလိုတွဲပါလာသော ၀င်ငွေဟူ၍ မရှိပါ။ (မနာလို၍သော်လည်းကောင်း၊ မကျေနပ်၍ သော်လည်းကောင်းပြောခြင်းမဟုတ်ပါ။ အရှိကို အရှိအတိုင်းပြောခြင်းသာဖြစ်သည်။ သံထွေခဲများကို မြိုခြင်းဟုသာ နာမည်ပေးပါသည်။)

၆။ ၀င်ငွေကြောင်းပြောသည့်အခါ 'ငွေမက်သော ဆရာဝန်များ'ဟု ခေါင်းစဉ်တပ်ပါမည်။ ငွေမမက်သူ ရှိလျှင်ပြောကြစေချင်ပါသည်။ ကြိုးစားအားထုတ်ခဲ့ရသည်နှင့်စာလျှင် နည်းပါသေးသည်ဟု ပြောလျှင် ၀ိုင်းဆဲကြပါမည်။ ကိုယ့်အသက်ကို ကိုယ်ဘယ်လောက် တန်ဖိုးဖြတ်လဲဟု သာ မေးချင်ပါသည်။ ခေါင်းတစ်ချက်ညိမ့်လိုက်လျှင် ငွေတဖြောဖြောဝင်လာသော ပုဂ္ဂိုလ်များအား ဘုရားထူးကာ ကိုယ့်အသက်ရှည်ရေး အတွက် မဖြစ်စလောက်လခလေးနှင့် နေ.မအိပ်ညမအိပ် ဆောင်ရွက်ပေးနေသော ဆရာဝန်များအား 'နင်ပဲငဆ' ပြောနေကြသည်မှာ ဘယ်အငြိုးနှင့်ပါနည်း။

၇။ ဆရာဝန်သည် ၀န်ဆောင်မှု ပေးရသော လူဟု ဆိုကြပါသည်။ အချို.ဆရာဝန်များက နာကြပါသည်။ နာရန်မရှိပါ။ မှန်ပါသည်။ ၀န်ဆောင်မှုပေးရသော လူဖြစ်ပါသည်။ သို.သော် မြန်မာနိုင်ငံအတွက်မူ 'အသက်နှင့် ပတ်သက်သော ၀န်ဆောင်မှု'ကို မတန်ရင်ကာငွေလေးနှင့် လုပ်ပေးနေရသော ကမ္ဘာ့ ရှာမှရှား လူသားများဖြစ်ပါသည်။ ဈေးဆိုင်ဝန်ဆောင်မှု၊ အလုပ်အကိုင်ဝန်ဆောင်မှုကဲ့သို. သဘောထားကာ မကြိုက်လျှင် မလာပါနှင့်။ ကြိုက်ရာနိုင်ငံသွားပါ။ နိုင်ငံခြားက ဘယ်လိုဘယ်ဝါ လာမပြောပါနှင့်။ ၀န်ဆောင်မှုဟု ပြောပြီး ၀န်ဆောင်နိုင်မှုနှင့် 'တန်'အောင် တောင်းတော့ အတင်းတုတ်သည်။ တရားပါ၏လော။

၈။ ဆရာဝန်များ ကျီးလိုအာသည်ဆိုကြပါသည်။ အာပါသည်။ ဘုရားရှင်ကပင် ဆွေမျိုးများအတွက် သစ်ပင်ဝါးပင်ခေါင်းပါးသော နေပူတွင်ထိုင်ကာ ဆွေရိပ်မျိုးရိပ် အေးမြကြောင်း သက်သေ ပြတော်မူခဲ့ပါသည်။ ဆရာဝန်သည် မိမိဆွေမျိုးပင်ဖြစ်ပါသည်။

၉။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်ပြီးတာပဲ။ ဥပေက္ခာပြုလိုက်ပါဆိုသော ဆရာဝန်ကြီး အချို.ရှိပါသည်။ သဘောမတူပါ။ အမှားပြောပါများလာသောအခါ အမှန်ထင်၍ ဆေးရုံသို.မလာရဲပဲ အပ်ပုန်းနှင့်ကုကာ သေသွားလျှင် လူနာဒုက္ခရောက်ပါမည်။ တတ်တိုင်၍ ၀က်ခြံကို အနာလုပ်ကာ နိုင်ငံခြားသွားကုရင် တိုင်းပြည်ဝင်ငွေ နာပါသည်။ ဆရာဝန်များ မပြောအဆိုကြောက်၍ မလိုအပ်သော ငွေကုန်များသည် စစ်ဆေးစမ်းသပ်မှုများလုပ်လာလျှင် လူနာစီးပွားရေး ထိခိုက်ပါမည်။ ဥပေက္ခာမပြုနိုင်ပါ။ လိုအပ်လျှင် (ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသူများအား) တုတ်ဓားဆွဲ၍ ရင်ဆိုင်သင့်လျှင် ရင်ဆိုင်ပါမည်။

၁၀။ ဘုရားလောင်းသည် ဆုတောင်းဘ၀မှာပင် နိဗ္ဗာန်သို.၀င်နိုင်သောအသိဥာဏ်ရှိပါလျက် တိရိစ္ဆာန်ဘ၀၊ နိမ့်ကျသော ဘ၀ သို.ရောက်စေသော အကုသိုလ်အမှုများကို ပြုခဲ့ရပါသည်။ လူသတ်ခြင်း၊ ခိုးဝှက်ခြင်းတို.ကို အဘယ်ကြောင့်ပြုခဲ့ပါသနည်း။ လောကတွင် ဓမ္မထက် အဓမ္မတရားအားကြီးသောအခါ ဓမ္မဘက်တော်သားတို.သည် ကိုယ့်အရေးကို အနစ်နာခံကာ တိုက်ပွဲဝင်ရပါသည်။ ဤသည်မှာ အဖြေဖြစ်ပါသည်။ ဓမ္မနှင့် ပုဂ္ဂလ ကြုံလာလျှင် ဓမ္မဘက်က နေသောသူသည် အကုသိုလ်ကိုလည်း ပြုရပါတော့မည်။

၁၁။ လိုအပ်လျှင် ဆရာဝန်ဘက်က တုတ်ဓားဆွဲပါမည်။ ထိုထက်ပို၍ ဆိုရန်မရှိ။

ဆရာဝန်ဘက်က 'စုန်းပြူး' ရွေးမယ်


၁။ တစ်ခုသော သန်းခေါင်ယံအချိန်ဝယ် ဇေတ၀န်ကျောင်းတော်၌ အရှင်အာနန္ဒာမှ ဗုဒ္ဓမြတ်စွာအား 'ပါတိမောက်'ပြတော်မူပါရန် တောင်းပန်လျှောက်ထားရာ ဘုရားရှင်က 'အာနန္ဒာ၊ ပရိသတ် မစင်ကြယ်'ဟု မိန်တော်မူ၍ အကောင်းအဆိုး၊ အကျိုးအပြစ်နှင့်စပ်လျှင်းသော ပါတိမောက်ကို ပြတော်မမူပေ။ အရှင်အာနန္ဒာမှ သုံးကြိမ်တောင်းပန်လျှောက်ထားသော်လည်း ပယ်တော်မူသည်။ ထိုအခါ အရှင်မောဂ္ဂလန်မှ တရားကို မစောင့်သော၊ အကျင့်မစင်ကြယ်သော 'အလဇ္ဇီ' ပုဂ္ဂိုလ်ကို တန်ခိုးဖြင့်ကြည့်၍ 'ငါ့ရှင်၊ထွက်လော့၊ သင့်အား ဘုရားရှင်မြင်တော်မူသည်'ဟု နှင်သော်လည်း ထိုသူသည် မထွက်ပေ။သုံးကြိမ်နှင်သည့်တိုင် မထွက်သောကြောင့် နောက်ဆုံးတွင် လက်မောင်းမှဆွဲကိုင်ကာ နှင်ထုတ်ရလေသည်။ ဘုရားရှင်လည်း 'အာနန္ဒာ၊ မဖြစ်စဖူးဖြစ်ခဲ့သည်၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ထိုယောက်ျားသည် လက်မောင်းကို ကိုင်သည့်တိုင်အောင် စောင့်ဆိုင်းဘိသည်'ဟု ပြစ်တင်တော်မူလေသည်။

၂။ ဆရာဝန်တွေ ဘက်က ခုခံကာကွယ် (ခုခံကာကွယ်ရကတည်းက အပြစ်တင်ဖွယ်တစ်ခုခုဖြစ်ခဲ့ပြီလို အောက်မေ့ရပါသည်) သောစကားများ ပြောရသောအခါဝယ် ထိုအဖြစ်အပျက်အား သတိရနေမိခဲ့သည်။ ပြောစရာစကားဖြစ်လာသောအခါ ပြောထိုက်သော အကြောင်းရှိခဲ့လေမလား စဉ်းစားရပါသည်။ ပညာရပ်သဘောကို နားမလည်၍ဟု မကြာခဏ ပြောခဲ့ဘူးသော်လည်း ဖြစ်ပွားခဲ့သော အချို.ကိစ္စများဝယ် ပညာရပ်သဘောထက် လုပ်ရပ်သဘောကို မကျေလည်၍ ဖြစ်ဟန်တူပါသည်။ တခါတရံ လူနာသေခြင်း၊မသေခြင်းထက် လူနာရှင်များအား (အချိန်မလုံလောက်သော ဆရာဝန်များမှ) သေချာစွာ ရှင်းလင်းပြသခဲ့ကြပါ၏လောဟု မေးလိုပါသည်။

၃။ ဆရာဝန်များကို စောင့်ရှောက်ခြင်းသည် ဆရာဝန်တစ်ဦးကို စောင့်ရှောက်ခြင်းမမည်ပါ။ ဆရာဝန်တည်းဟူသော အနွယ်ကို စောင့်ရှောက်ခြင်းကိုသာ ဆိုလိုကြောင်း အလေးအနက်ဆိုပါသည်။ ပြင်ပမှ လာသော ပယောဂများကို ကုရမည်ဖြစ်သကဲ့သို. အတွင်းမှလာသော 'လောက်ကောင်' များကိုလည်း သန်.စင်ရမည်ဖြစ်ပါသည်။

၎။ ဆရာဝန်-လူနာ ဆက်နွယ်မှု(docor-patient relationship) ရှိလာပြီဆိုလျှင် သတင်းအချက်အလက်ပေးမှု (communication) ရှိရပါမည်။ အချိန်အားတော်မမူကြသော ဆရာဝန်အချို.သည် သတင်းအချက်အလက်ကို 'ပိဿလေးနှင့် ဘေးပစ်'ကာ ပေးကြပါသည်။ နဂို ဝေဒနာကြောင့်၊ လူမှုရေးကြောင့်၊ စိမ်းသော ပတ်ဝန်းကျင်ကြောင့် စိတ်တင်းအားများနေသော လူနာများ၊လူနာရှင်များအနေနှင့် 'ကိုယ်ကုသ၍ မဖြစ်နိုင်သော ရောဂါကြောင့်သာ အားမတန်မာန်လျော့ရတယ်။နည်းနည်းမှ မကျေနပ်' ဟု ပြော၍ရလျှင် ပြောကြပါလိမ့်မည်။ လူနာရှင်တစ်ဦးစီကို ငါးမိနစ်စီလောက် အချိန်ပိုပေးလိုက်လျှင် ဖြစ်ပွားနေသော မကျေလည်မှု အတော်များများမှ တစ်ဝက်ခန်.လျော့သွားမည်ဟု ထင်ရပါသည်။

၅။ အချို. ကမူ ဆရာဝန်များကို ယခင်ဒုတိယဘုရားနေရာမှ လျော့သွားသည်ကို မည်သို.လုပ်ရမည်နည်းဟု မေးချင်ဟန်ရှိပါသည်။ ရယ်စရာလည်းကောင်းပါသည်။ အဘယ်ကြောင့် ဒုတိယ ဘုရားနေရာလိုချင်ကြပါသနည်း။ ၀မ်းလားမည်မစိုးကြဘူးလားမေးချင်ပါသည်။ ခဏခဏ ပြောခဲ့ဘူးပါသည်။ ဆရာဝန်သည် ၀န်ဆောင်မှု ပေးသူသာဖြစ်ပါသည်။ (ကုသိုလ်ဖြစ်ဆေးခန်းမှတပါး) ၀န်ထမ်းဆရာဝန်ဖြစ်စေ၊ ဂျီပီဖွင့်သူဖြစ်စေ ၀န်ဆောင်မှု ပေးသောသူသာဖြစ်သည်။ ပြောခဲ့ဘူးသလို အသက်နှင့် စပ်လျှင်းသော ၀န်ဆောင်မှုကို ဂုဏ်ယူနိုင်ပါသည်။ အခြောက်တိုက် ခြိမ်းခြောက်ဟိန်းဟောက်ရန်တော့မလိုပါ။ ကရုဏာဒေါသောဖြင့် ရောမချစေပါ။  လူဟူသည် ကရုဏာဖြင့်ငေါက်သည်လား၊ အလုပ်များ၍ ငေါက်သည်လား၊ သိတတ်သော သဘောရှိပါသည်။ ၀န်ဆောင်မှုကြောင့် ရသောငွေကြေးသည် မတန်ရာမှန်းသိပါသည်။ သို.သော် အသက်နှင့် ပတ်သက်သော ၀န်ဆောင်မှုဖြစ်၍ 'ရရှိသည်မှာ မတန်' ဟု ယူဆလျှင် မလုပ်ပဲနေရုံသာရှိသည်။ ၀န်ဆောင်မှုကို လျော့ချရန် မဖြစ်နိုင်ပါ။ မိမိ'၀န်ဆောင်'နေရသည်မှာ 'လူ.အသက်'ဖြစ်ပါသည်။

၆။ ဆရာဝန်ဟူသည် ပုထုဇဉ် လူသားမျှသာ ဖြစ်ပါသည်။ သို.သော် ပုထုဇဉ်ကို ဇဉ်ပဲ ဇဉ်နိုင်လွန်းတယ် မဖြစ်စေချင်ပါ။ လူမှုရေး ချွတ်ချော်ချက်ရှိသော ဆရာအချို.ကို တွေ.ဘူးပါသည်။ မည်သို.ပင် နာမည်ဆိုးထွက်ထွက် ဆရာဝန်ရှုထောင့်ဘက်ကမူ 'ရွှေသားအတိ' ဖြစ်နေသည်ဟု ပြောချင်ပါသည်။ အချို.ဆရာများမှာ အပြစ်ပေးအရေးယူလောက်သော နာမည်မထွက်ပဲ၊ 'စင်းလုံးချော' ကလေးများဖြစ်သော်လည်း ဆရာဝန်တစ်ယောက်အနေနှင့်မူ လေးစား၍ မရနိုင်သူများကိုလည်း တွေ.ဘူးပါသည်။ မည်သို.ပင်ဆိုစေ၊ ဆရာဝန်သည် လူနာ အတွက်သာ ဖြစ်ရမည်ဟူသော မူဖြင့် သုံးသပ်စေချင်ပါသည်။ အရေးယူလောက်သော ပြစ်မှုရှိမှ ကျင့်ဝန်ပျက်သည်မမည်ပါ။ ဘယ်သူမသိသိ ကိုယ့်ကိုကိုယ် သိကြပါသည်။

၇။ ကျင့်ဝတ်ကိစ္စသည် သိမ်မွေ.ပါသည်။ လက်ညိုးထိုးပြသည်ထက် ကိုယ့်စိတ်ဖြင့်သာ သုံးသပ်၍ ရနိုင်ပါသည်။ ကိုယ့်ဘက်မှ လုံခြုံမှုယူကာ မလိုလားအပ်ပဲစစ်ဆေးခိုင်းခြင်း၊ စစ်ဆေးမှု သဘောတရားကို သေချာစွာရှင်းမပြခြင်း ( နားလည်အောင်ဆေးကျောင်းခြောက်နှစ်တက်မှရမယ်ဟု လွယ်လွယ်ပြောလျှင်တော့ရပါသည်၊ အားလုံးကို ရှင်းပြနေရန်မဟုတ်၊ အကောင်းအဆိုး၊ အကျိုးအပြစ်မျှတော့ လူနာနှင့် လူနာရှင် သိသင့်ပါသည်။ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်ပါသည်။ သူနာပြုတစ်ယောက်ကို အင့် လက်မှတ်ထိုးခိုင်းလိုက်လုပ်၍ မသင့်တော်ပါ)၊ လူနာများကိုသာမက ဆရာဝန်အချင်းချင်း အပုတ်ချခြင်း၊ ဗွီအိုင်ပီမှတပါး လူနာများကို ဟိန်းဟောက်ခြင်း၊ ရောဂါစစ်ဆေးရန် လုံလောက်သော အချိန်မယူခြင်း  စသော ကျင့်ဝတ်များကို စဉ်းစားဆင်ခြင်သင့်ပါပြီ။ ဥပဒေဖြင့် အရေးယူ၍ မဖြစ်သော်လည်း လုပ်အပ်ပါ၏လော မေးလိုပါသည်။

၈။ ဒေ၀ဒတ် မကောင်းခြင်းသည် သံဃာ မကောင်းခြင်းမဟုတ်ပါ။ သို.သော် ဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးအားလည်း သံဃာအဖွဲ.အစည်းတွင် မထားထိုက်ပါ။ ကိုယ့်ကိုကိုယ် သိစေချင်ပါသည်။ လက်မောင်းကိုကိုင်၍ နှင်ထုတ်သည့်တိုင် စောင့်ဆိုင်းမနေကြပါနှင့်တော့ ဟု သတိပေးလိုက်ရပါသည်။

အတ္တများနှင့် ဆရာဝန် -၃


၁။ ပြောသမျှသည် မှန်ရမည်ဆိုပြီး ပြောမိနေခြင်းထက် 'ဤကဲ့သို. ယူမိတွေးမိပါသည်' ဟု မြင်မိသမျှချပြခြင်းသာဖြစ်ပါသည်။ ငါသာအသိ၊ ငါသာအတတ် ငါသာ အမှန်ဟု မပြောနိုင်ပါ။ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်။ အထူးသဖြင့် အချို.ကိစ္စများတွင် ကိုယ်ချင်းမစာသကဲ့သို.သော အတွေးများပင် ပါမိသည့်အခါ အားနာထိုက်သူတို.ကို အားနာရပါသည်။ သို.သော်လည်း အယူအဆသည် အယူအဆသာဖြစ်ပါသည်။ ရပ်တည်ချက်သည်ရပ်တည်ချက်သာ ဖြစ်ပါသည်။ ပြင်ဆင်ပြောင်းလဲသင့်သော ခံယူချက်အဖြစ် ယုံကြည်လာသော အချိန်မှတပါး နောက်သို.ဆုတ်ရန် မမြင်မိပါဟုပင် ဆိုပါရစေ။

၂။ ယခုလည်း အနုပညာရှင်ဆရာဝန်အချို.၏ 'ဆမကိစ္စ' နှင့် ပတ်သက်သော အတွေးတို.ကို ပြောပြလိုသည်တို. ရှိလာပါသည်။ (မည်သည့်ဌာန၊ အဖွဲ.အစည်း တို.ကို ကိုယ်စားပြု၍ ပြောသည်မဟုတ်သည်ကို မမေ့စေချင်ပါ။ အင်မတန် လက်တွန်.ရသော ကိစ္စဖြစ်၍ အတန်တန်စဉ်းစားရပါသည်) အချို.သော အနုပညာရှင်ဆရာဝန်တို.ကို ဆေးကုသခွင့်လိုင်စင် 'ဆမ' ထုတ်ပေးခြင်းမရှိဟု ဆိုသောအခါ ထောက်ကွက်များစွာရှိလာပါသည်။ စာရေးဆရာဆရာဝန်လည်း အနုပညာရှင်မဟုတ်ပါသလော။ အဆိုတော် အနုပညာရှင်၊ သရုပ်ဆောင်အနုပညာရှင်ကျမှ 'ညစ်ထားခြင်း' ပင်လောဟု တွေးစရာဖြစ်နေပါသည်။ တိုက်ရိုက်ဆိုလျှင် ဂျူးကျတော့ ဆမမသိမ်း၊ ချစ်သုဝေနှင့် ဖြူဖြူကျော်သိန်းကျမှ ဆမထုတ်မပေး ဆိုသည်မှာ မတရားရာကျသည်ဟု တွေးစရာဖြစ်နေပါသည်။

၃။ သို.ပါသော်လည်း အခြားဘက်မှ လှည့်တွေးစရာများစွာလည်း ရှိနေပါသေးသည်။ ရှေးဦးစွာ အနုပညာကိစ္စ ကိုစဉ်းစားရပါမည်။ ယခု တွေးကြည့်မည့် ကိစ္စတွင် 'အလုပ်ဖြစ်စေရန်' အနုပညာရှင်များကို အမျိုးအစားခွဲကြည့်လိုပါသည်။ အခြားကိစ္စအတွက်မဟုတ်ပဲ ဤဆမကိစ္စကို စဉ်းစားဆင်ခြင်ရာတွင် အလုပ်ဖြစ်စေရန် ခွဲခြားရခြင်းဖြစ်ကြောင်း သတိချပ်စေချင်ပါသည်။ (၁) အနုပညာမှန်း သေချာသော အနုပညာများ (၂) အများကြိုက် ပေါ့အနုပညာများ Pop Arts (၃) အသိပညာ၊အတတ်ပညာနှင့် ပေါင်းစပ်ရသော အနုပညာများတို.ဖြစ်ပါသည်။ အမှတ်စဉ်တစ်သည် ပိုက်ဆံရသည်မရသည်ကို ဘေးဖယ်၍ လုပ်ချင်လို.ကို လုပ်နေသော အနုပညာများဖြစ်ပါသည်။ ဆရာနေမျိုးဆေး ပန်းချီဆွဲသည်၊ ဂျူးဝတ္တုရေးသည်။ ခင်မောင်ရင် ပန်းချီဆွဲသည်။ပိုက်ဆံရချင်ရမည်၊ ရချင်မှရမည်။ သေချာသည်က ရောင်းတမ်းအတွက် အလုပ်လုပ်နေခြင်းမဟုတ်။  အမှတ်နှစ်သည် ပြောစရာတော်တော်ရှိပါသည်။ သူကရောင်းတမ်းအတွက်ရည်ရွယ်ချက် အနည်းနှင့်အများပါသည်။ ရုပ်ရှင်ကားကို ဥပမာပြကြသည်။ အနုပညာမည်မျှထည့်ထားထား ရောင်းတမ်းကိစ္စ ပါကိုပါသည်။ အချို.က ပေါ့အနုပညာကို အနုပညာစာရင်း မထည့်ချင်ကြ၊ ကော်ပီသီချင်း၊ ကြော်ငြာ၊ ပြိုးပြိုးပြက်ပြက် ကိစ္စများ၊ ရောင်းတမ်းဝင် ထုတ်လုပ်ခြင်းများ အစုလိုက်အပြုံလိုက် ထုတ်လုပ်ခြင်းများ ပါဝင်သည်။ ရှင်းအောင်ပြောရလျှင် ပင်ကိုယ်ရုပ်ကလေးလှ၍ ဓာတ်ပုံလေး ရိုက်ရသောမော်ဒယ်ကလည်း သမီးကအနုပညာရှင်၊ အလှဖန်တီးရှင်ကလည်း အနုပညာရှင်၊ စင်ပေါ်တွင်ဟိုလျှောက်သည်လျောက် လျောက်ရသော ကလေးမကလည်း အနုပညာရှင် စသည်ဖြင့် ပြောကြနိုင်ပါသည်။ (စံရတီမိုးမြင့် ပြောသောစကားကို အမှတ်ရစေချင်ပါသည်။) တတိယသည် အသိပညာ၊အတတ်ပညာပါမှ အနုပညာအဖြစ် ထုတ်လုပ်၍ ရသော အနုပညာများဖြစ်ပါသည်။ ဆရာမောင်မောင်ညို၏ ကျန်းမာရေး ဆိုင်ရာစာအုပ်များ၊ ကိုယ်ပိုင်သံစဉ် သီချင်းများ စသည်တို.ကို ဥပမာပေးပါမည်။

၎။ အနုပညာရှင်ဆရာဝန်များကို ဆမ မပေးသည့်ကိစ္စများတွင် ပေးနိုင်သည့် အကြောင်းရင်းမှာ ဆရာဝန်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အကြောင်းရင်းကြောင့်ဟုပင် ယူဆရပါသည်။ ဆရာဝန်တည်းဟုသော ဂုဏ်သိက္ခာကို တကယ်ပင်ထိခိုက်စေသလား။ ချစ်သုဝေ သရုပ်ဆောင်ဖြစ်မှုသည် သူ.ဆရာဝန်အတတ်ပညာကို မထိခိုက်စေသည်ကတော့ သေချာပါသည်။ ထိုဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟူသော အနုပညာလုပ်ငန်းသည် စောစောက ခွဲခြားပြထားရသော အနုပညာရှင်များထဲမှ ဒုတိယအမျိုးအစားဖြစ်သော ပေါ့အနုပညာကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထက်ထက်မိုးဦး ခေတ်က 'ရွှေရွံ.သနပ်ခါး သမီးအကြိုက်ဆုံးပါပဲရှင်' ဟု ပြောပြီး တစ်မိနစ်မကြာမီ နောက်ကြော်ငြာတွင် 'သမီးအကြိုက်ဆုံးကတော့ ၀ါဝါချေး သနပ်ခါးပါပဲ' ဟု ပြောနိုင်ပါသည်။ သို.သော် ချစ်သုဝေက 'ဒီကိုဂျင်က ပိန်းကြာရွက်ပေါ်ရေမတင်သလို အကောင်းဆုံးပါပဲ' ဟု ပြောလာသည့်အခါ ဆရာဝန်တစ်ဦးနေနှင့် ပြောသည်လား၊ သရုပ်ဆောင်တစ်ဦးအနေနှင့်ပြောသည်လား၊ စဉ်းစားရခက်ပါသည်။ သရုပ်ဆောင်တစ်ဦးအနေနှင့် ပြောသည်ဟု ပြောလျှင်ရသော်လည်း ဆရာဝန်တစ်ယောက်အနေနှင့် ပြောသင့်မပြောသင့် ဆင်ခြင်စေချင်ပါသည်။ (ဆရာဝန်ကြီးများ ဆေးညွှန်းပေးသည်နှင့် မတူပါ)

၅။ ဆိုင်သည်မဆိုင်သည်ထက် ရှေးမြန်မာ ဆန်းကျမ်းဗေဒင်ဆရာကြီးများ အကြောင်း အနည်းငယ်ပြောလိုပါသည်။ သူတို.သည် မြန်မာသမားတော်ကြီးများလည်း ဖြစ်ပါသည်။ ဆန်းဆရာကြီးများသည် ဆန်းကြဉ်သည်ဟု ယူဆရသော အလုပ်များ ကို မလုပ်ပါ။ ကျောက်သင်ပုန်းနှင့် ကျောက်တံကို အသုံးပြုပါသည်။ (စာရွက်၊ခဲတံ မရှိ၍ မဟုတ်ပါ၊ မေးသူအတွက် သင်ပုန်းချေပေးသည့် ယတြာ လုပ်ပေးခြင်းဖြစ်ပါသည်) အမဲသား၊ ကျွဲသားရှောင်ရပါသည်။ ငါးပါးသီလထိန်းရပါသည်။ ယုတ်စွအဆုံး ပုဆိုးကို ခေါင်းပေါ်မှကျော်ချွတ်ခြင်းမျိုးကိုပင်ရှောင်ကြပါသည်။ ပြောလိုသည်မှာ ဆရာအကျင့်သီလ၊ ဆရာစောင့်ထိန်းရမည့် သိက္ခာကို မစွန်းမထင်း မပြောက်မကြားစေရန် အလွန် ဂရုစိုက်ကြရပါသည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာတွင် မဖောက်ဖျက်ရုံမျှနှင့် ဆရာဝန်လုပ်ထိုက်ပါ၏လောဆိုသည်မှာလည်း စဉ်းစားစရာ အချက်တွင် ထည့်သွင်းရပါမည်။ သရုပ်ဆောင်တစ်ဦး စင်ပေါ်တွင် ပရိသတ်ကို ဆွဲဆောင်မှုရှိစေရန် လှပစွာ ၀တ်စားဆင်ယင်ရမည်ဖြစ်သော်လည်း ဆရာဝန်တစ်ယောက်အနေနှင်မူ့ ၀တ်ဆင်ရန် မသင့်သော အ၀တ်များဖြစ်နေနိုင်ပါသည်။ သရုပ်ဆောင်တစ်ဦး ဇာတ်ဝင်ခန်းသဘောတရားအရ ကလက်တက်တက် ပြီတီတီ သရုပ်ဆောင်ကွက်ကို မြင်ထားသူ ပရိသတ်တစ်ဦးအနေနှင့် ထိုသရုပ်ဆောင်ကို မိမိအားကုသပေးသော ဆရာဝန်အနေနှင့် မြင်ရသည်မှာလည်း 'အတော်ဂွကျသော ကိစ္စ' ဖြစ်ပါလိမ့်မည်။ ဘာမှမဆိုင်သော ကိစ္စဟု ပြောလျှင်ရသော်လည်း သဘောတရားရေးရာအရသာ ပြော၍ ရပါမည်။ (မိမိတစ်ဦးတည်းအနေနှင့်မူ စင်ပေါ်မှာ ဟိုဘက်ဒီဘက် လူးနေသူတစ်ယောက်ကို ဆရာဝန်တစ်ယောက်အဖြစ် လက်ခံမြင်ကြည့်၍ မရကြောင်း ၀န်ခံပါသည်)

၆။ ဆရာဝန် အနုပညာရှင်အချို. 'ဆမ' မရခြင်းသည်လည်း ပေါ့ကာချာ၏ အများကြိုက်ပေါပေါပြဲပြဲ ထုတ်လုပ်ခြင်း၊ ပေါ့ပျက်ပျက် ဆူလွယ်နပ်လွယ် ပြိုးပြိုးပျက်ပျက်များများနေခြင်း စသည့် 'ဆရာဝန်တို.၏ ပုံရိပ်' ကို ထိပါစေသော အကြောင်းများကြောင့်ဖြစ်ပါလိမ့်မည်။ ပြောလိုသည်မှာ အနုပညာတိုင်းကို မပေးလျှင်လည်း တရားမည်မဟုတ်ပေ။ ဒေါက်တာမောင်မောင်ညို၊ တေးရေး လူမောင်၊ ဂျူးတို. ဆမရပြီး ချစ်သုဝေ၊ ဖြူဖြူကျော်သိန်းတို. ဆမ မရနိုင်ခြင်းကို ဤသို.ပင် တွေးကြည့်ရပါသည်။ ပြဿနာမှာ အနုပညာတိုင်းကို ပိတ်ပင်ခြင်း မဟုတ်ပဲ ဆရာဝန် ပုံရိပ်ကို ထိခိုက်စေသော (အနုပညာဟုတ်မဟုတ် မသေချာသည့်) ပေါ့ကာချာကိုသာ ပိတ်ပင်ခြင်းဖြစ်ဟန်တူသဖြင့် အသံထွက်လာခြင်း ဖြစ်ပါလိမ့်မည်။ ထိုအခါ အနုပညာဟုတ်မဟုတ် မသေချာဆိုသဖြင့် သရုပ်ဆောင်အဆိုတော်တို. ဒေါဖောင်းကြပါလိမ့်မည်။ မတတ်နိုင်ပါ။ ကီးကိုက်အောင်ဆိုနိုင်ခြင်းသည် အနုပညာအဆင့်ထိရောက်သည်ဟု မပြောနိုင်ပါ။ ဘယ်လောက် ဘယ်လောက်ထိက အနုပညာ၊ ဘယ်လောက်ဘယ်လောက်ထိက အနုပညာမဟုတ်ဘူးဟု ဆုံးဆုံးဖြတ်ဖြတ် မပြောနိုင်သည့်အခါ 'ရောင်းတမ်းအဖြစ် အင်အားစိုက်ထုတ်ထားမှု' အနည်းအများ ဖြင့်သာ သတ်မှတ်ရပါလိမ့်မည်။ ပြိုးပြိုးပျက်ပျက် မည်မျှလုပ်ထားသနည်းဆိုသည်ဖြင့်သာ ဆုံးဖြတ်ရပါမည်။ အင်မတန်ခက်ခဲသော ကိစ္စ မဟုတ်သော်လည်း အင်မတန် စောဒက တက်ကောင်းသော အကြောင်းအရာဖြစ်ပါသည်။ ထိုအခါ ကျုပ်တို. အနုပညာရှင်ကို ဆမမပေးပဲ လူ.အခွင့်အရေး ချိုးဖောက်တယ်ဟု ဖြစ်လာပါမည်။ (တကယ်တော့ ဆေးကုမည်ဆိုလျှင် ဆမပေးပါမည်ထင်ပါသည်။ သရုပ်ဆောင်နှင့်တော့ တွဲမလုပ်ပါနှင့်ဟု ဆိုပါသည်)

၇။ မိမိသာ အခွင့်အာဏာရှိသူဆိုလျှင်တော့ အချို.သော သရုပ်ဆောင်ဆရာဝန်၊ အဆိုတော်ဆရာဝန်တို.ကို 'ဆမ' မပေးချင်ပါ။ သို.ရာတွင် ဆမ မပေးရခြင်း အကြောင်းရင်းကို အနုပညာလုပ်သောကြောင့်ဟု အကြောင်းပြမည်မဟုတ်ပါ။ ရောဂါရှိသောကြောင့် 'ဆမ ထုတ်ပေးရန် မသင့်' ဟု မှတ်ချက်ပေးပါမည်။ ရောဂါသည်လည်း ဂုဏ်ငယ်သောရောဂါ မဟုတ်ပါ။ ကမ္ဘာကျော် မင်းသမီးတို.တွင်သာ ဖြစ်လေ့ရှိသော ရောဂါဖြစ်ပါသည်။ ယင်းမှာ 'ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းများကို အများမြင်စေရန် ပြသလိုသော ရောဂါကြောင့် ဆမ ထုတ်မပေးရခြင်း' ဖြစ်ပါကြောင်း။

(ဆက်ပါမည်)

ဒေါ်အောင်ဆန်းစုကြည်

၁-၁။ ဤစာစုကို ခေါင်းစဉ်တပ်ရန် စဉ်းစားသောအခါ အခြားသူများတပ်သကဲ့ ဒေါ်အောင်ဆန်းစုကြည် (သို.မဟုတ်) လွတ်မြောက်ခြင်း၏ ကိုယ်စားလှယ်၊ မြန်မာပြည်၏ ကယ်တင်ရှင်၊ စသည်ဖြင့် တပ်ရန် စဉ်းစားပါသေးသည်။ သို.သော်လည်း မြန်မာနိုင်ငံသားတို.၏ နှလုံးအိမ်အတွင်းရှိ မေ့နိုင်ဖွယ်မရှိသော ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏မိခင်၊ဇနီးတို.၏ နာမည်များ ပါဝင်နေသော 'ထိုအမည်ကိုယ်တိုင်ကပင်' ထူးခြားနေပြီဖြစ်ရာ အခြားသော ၀ိသေသျများ မလိုတော့ဟု ခံစားမိသည်ကတစ်ကြောင်း၊ အခြားသူများကဲ့သို. မှန်လှပါပြီ၊ကောင်းလှပါပြီ၊ မင်းလောင်းပေါ်ပြီ စသည်ဖြင့် 'အလွန်အကျွန်သူရဲကောင်းကိုးကွယ်ရေးဝါဒကို ရှေ.တန်းတင်မည်မဟုတ်သည်ကတစ်ကြောင်း' တို.ကြောင့် အခြားမည်သည့် နာမ၀ိသေသနမှ မတပ်ပဲ ဤစာစုကို ခေါင်းစဉ် တပ်ပါသည်။

၁-၂။ ရေးခဲ့ဘူးသော စာများတွင် အမည်နာမ တပ်၍ ရေးသားခြင်းရှားပါးလှသလို ရေးမိသောအခါတွင်လည်း 'ခေါင်'ကိုမှ ရေးခြင်းဖြစ်ရာ 'ငါ ဘာ့ကြောင့် ရေးလိုပါသနည်း' ဟူသည့် ဇောစေတနာကို သေချာစဉ်းစားရပါသည်။ အပြစ်တင်လိုခြင်း၊ ချီးကျူးလိုခြင်းထက် မြန်မာနိုင်ငံ၏တိုးတက်ရေးအတွက် 'ဇောင်းပေးလိုသော' စေတနာဖြင့်သာ ဦးစားပေးဖေါ်ထုတ်ရန် ဆုံးဖြတ်ပါသဖြင့် ဆိုလိုရင်းကို ရောက်မရောက် မသေချာသော်လည်း အပြစ်တင်လျှင်မူ ခံယူရန်အသင့်ရှိကြောင်း ပြောပါသည်။ မြန်မာပြည်သားတို. လူ.အခွင့်အရေးရရှိရေးကို တစိုက်မတ်မတ် အားထုတ်ခဲ့သော သူမ၏ဆန္ဒကို သိရန်မကြိုးစားပဲ အနည်းငယ်ဝေဖန်မိလျှင်ပင် မင်းက ဘယ်လောက်သိလို.လဲ၊ မင်းထက်သိလို. နိုင်ငံရေးလုပ်နေတာကွ စသည်ဖြင့်လည်းကောင်း၊ စသည်ထက်ပိုသော ဆဲဆိုကြမ်းတမ်းသော စကားတို.ဖြင့်လည်းကောင်း လာရောက်ပြောသူတို.အား စကားထဲပင် ထည့်ပြောရန်မရှိပါ။ မိမိ၏ ခံယူချက်၊ ဆန္ဒ၊ သဘောထား တို.ကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောကြားရေးသည် လူ.အခွင့်အရေး၏ အင်မတန်အရေးကြီးသော အစိတ်အပိုင်းဟုသာ ပြောလိုပါသည်။

၁-၃။ သူမအကြောင်းပြောသောအခါ တစ်နွယ်ငင်တစ်စင်ပါ သူမ၏ ပါတီ 'အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ်' အကြောင်းသည်လည်း ပါဝင်လာရပါမည်။ ကောင်းမကောင်း၊ ညံ့မညံ့ အဆုံးအဖြတ်ပေးခြင်းထက် အပြုသဘောဆောင်သော (မိမိ ဥာဏ်မီသမျှသော) သုံးသပ်ဝေဖန်မှုများကို အားနာပါးနာပေးရပါတော့မည်။နိုင်ငံအတွက် သင့်သည်ထင်လျှင်ယူပါ၊ မသင့်သော ပယ်ပါ ဟုသာ ပြောရပါမည်။ လက်ခံနိုင်ခြင်း မရှိပါက 'အန်အယ်ဒီအတွက်မေတ္တာစာ' ဟုသာ သတ်မှတ်ပေးပါရန် တောင်းပန်ရပေမည်။

၂-၁။ သူမဘ၀ကို ပြန်ကြည့်လျှင် လေးပိုင်းခွဲလိုပါသည်။ (မိမိ ပြောမည့် အပေါ်မူတည်၍ ခွဲခြင်းဖြစ်ပါသည်) ပထမပိုင်းသည် မြန်မာနိုင်ငံသို. ပြန်မလာမှီ ဘ၀၊ ဒုတိယပိုင်းသည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး စတင်လုပ်ဆောင်သော ဘ၀၊ တတိယပိုင်းသည် အကျယ်ချုပ်ခံဘ၀ နှင့် စတုတ္တပိုင်းသည် အကျယ်ချုပ်ခံဘ၀မှ လွတ်မြောက်သော လက်ရှိဘ၀တို.ဖြစ်ပါသည်။ ထိုအပိုင်းတို.သည် လက်ရှိကမ္ဘာကပိုင်ဆိုင်သော 'မဟာလူသား' (ဤစကားကို ယနေ.မြန်မာနိုင်ငံသား အများစု ခံယူနေကြသော သူရဲကောင်းကိုးကွယ်ဝါဒဖြင့် သုံးခြင်းမဟုတ်ပါ) တစ်ဦး ပေါ်ထွက်လာစေရန် အကြောင်း အထောက်အပံ့ ဖြစ်ခဲ့ကြောင်း လက်ခံရပေမည်။

၂-၂။ မြန်မာနိုင်ငံသို. ပြန်မလာမှီကာလသည် အပြုခံဘ၀သာဖြစ်၍ ကန်ရေထဲသို. ပစ်ချခြင်းခံရသော ခဲလုံးတစ်လုံးသည် ရေထဲရှိငါး၊လိပ်၊မိကျောင်းတို.ဖြင့်သာ အဖေါ်ပြုရမည်ဖြစ်သကဲ့သို. နိုင်ငံရပ်ခြားသို. အပို.ခံထားရသူတစ်ဦးအနေဖြင့် အခြားရွေးချယ်ဖွယ်လမ်းမရှိပဲ နိုင်ငံခြားသားတစ်ဦးဖြင့်သာ အိမ်ထောင်ပြုရခြင်းသည် အပြစ်ပြောဖွယ်ရာမရှိပေ။ သို.သော် ဖခင်၏ မျိုးရိုးဗီဇများ အပြည့်ပါနေသောသူမအား အောက်စဖို.ကဲ့သို.သော နိုင်ငံရပ်ခြားတက္ကသိုလ်တစ်ခုအား စေလွှတ်ပညာသင်စေခြင်းသည် 'မြင်းကို ဂျိုတပ်ပေးလိုက်သကဲ့သို.' ဖြစ်သွားစေသဖြင့် မြန်မာနိုင်ငံမှ ဝေးစေရန်အကြံဖြင့် ပို.ထားသူများ၏ မဟာအမှားသာဖြစ်ပေမည်။ ယခု ကမ္ဘာ.ခေါင်းဆောင် အ၀န်းအ၀ိုင်းတွင်ဖြစ်စေ၊ ပညာတတ် အ၀န်းအ၀ိုင်းတွင်ဖြစ်စေ 'ခေါင်းမလျှိုး' ပဲ ၀ံ့ဝံ့စားစား မိန်.ခွန်းပြောနေသော သူမကို ကြည့်ရင်း မြန်မာနိုင်ငံအတွင်း တက္ကသိုလ်တစ်ခုခုတွင်သာ ပညာသင်ခဲ့ပါက ဤသို.ခေါင်းဆောင်တစ်ယောက်ကို ရရှိနိုင်မည်မဟုတ်ဟု တွေးမိပါသည်။ အနောက်ဆန်လွန်းသည် ပြောကြနိုင်သော်လည်း ဤကဲ့သို. အနောက်ဆန်ခြင်းသည်ပင်လျှင် ကောင်းသော အချက်ဖြစ်ပါသည်ဟု 'အနောက်ဆန်ခြင်းနှင့် အနောက်မျှော်ခြင်း ခွဲမသိသူ' အချို.အား ပြောလိုပါသည်။

၂-၃။ နိုင်ငံရပ်ခြားတွင် ပညာသင်ခြင်းကို 'မြင်းကို ဂျိုတပ်ခြင်း'ဟု ပြောပါက မြန်မာနိုင်ငံအတွင်း ရှစ်လေးလုံးကာလတွင် မိခင်ကျန်းမာရေးအတွက် မြန်မာနိုင်ငံသို. ပြန်လာခြင်းကို 'ကျားသေကို အသက်သွင်းခြင်း'ဟု ပြောရပါမည်။ လွတ်လပ်ရေးဖခင်၏ သမီးဖြစ်ခြင်း၊ နိုင်ငံအတွင်းမှ ဖိနှိပ်မှုများကို မျက်ဝါးထင်ထင် မြင်ရခြင်းတို.သည် သူမအားနိုင်ငံရေးလမ်းကြောင်းပေါ်သို. ဆွဲတင်လိုက်နိုင်သော်လည်း 'ယနေ. ခေါင်းဆောင်ပီသလှသော ဒေါ်အောင်ဆန်းစုကြည်ဘ၀သို. ' နေ.ချင်းညချင်း တွန်းပို.နိုင်ခဲ့ခြင်း မရှိပါ။ နိုင်ငံရေးပါးဝနေသော ၀ါရင့်နိုင်ငံရေးသမားကြီးများအလည်၊ ကောက်ကျစ်လှသော ထိုစဉ်ကပြိုင်ဘက်အချို.၏ ကစားကွက်အလည်တွင် အမှားအချို.ပင် လုပ်ခဲ့မိသေးပါသည်ဟု ပြောလျှင်ပင် ရပါသည်။ (၀ိုင်းဆဲလည်းမတတ်နိုင်ပါ) သို.သော် ထိုအမှားမျိုးကို ယနေ.ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မည်သို.မှ ထပ်မံဆောင်ရွက်ပြောဆိုသည်ကို မတွေ.ရသဖြင့် 'အင်မတန် တန်ဖိုးကြီးလှသော အမှားများ' ဟုသာ ဆိုသင့်ပါသည်။ မိမိရင်ဆိုင်နေရသူ ဘယ်လိုလူများဖြစ်သည်ဆိုသည်ကို ကောင်းကောင်း သဘောပေါက်သွားခဲ့သည်ဟုပဲ ဆိုရပါမည်။

၂-၄။ နေအိမ်တွင် အကျယ်ချုပ်ဘ၀နှင့် ၀င်လိုက်ထွက်လိုက်လုပ်နေရသော ကာလသည် အဖြစ်အပျက်အနေနှင့် (အလွန်အရေးကြီးသော တစ်ခုနှစ်ခုမှတပါး) ရှားပါးလှသော်လည်း အင်မတန်စိတ်ဝင်စားစရာကောင်းသော အပြောင်းအလဲကာလအဖြစ် သတ်မှတ်လိုပါသည်။ ဥာဏ်ပညာကြီးမားသူတစ်ဦးကို တစ်ဦးတည်း သီးခြားထားလိုက်သောအခါ အဖြစ်အပျက် အခြေအနေ အကြောင်းချင်းရာများကို 'စနစ်တကျ အပြန်ပြန်အလှန်လှန် ဝေဖန်သုံးသပ်ခွင့်' တည်းဟူသော အင်မတန်အကျိုးကျေးဇူးကြီးလှသော အလုပ်ကို လုပ်ခွင့်ရသွားဟန်တူပါသည်။ နောက်ပိုင်း သူမ၏ အရေးကြီးလှသော မိန်.ခွန်းများတွင်လည်း ဤအချက်ကို တစွန်းတစ မြင်နိုင်ကြပါမည်။ နိုင်ငံအတွက် အင်မတန်အရေးကြီးလှသော အပြောင်းအလဲသည်လည်း ထိုအချိန်မှ စလာဟန်တူပါသည်။ ထိုအပြောင်းအလဲသည် သူမ၏ 'စိတ်ဓာတ်ဆိုင်ရာအပြောင်းအလဲ' ပင်ဖြစ်ပါမည်။ သူမအတွက် အသက်ကိုပင် စွန်.နိုင်ကြသူများ၊ သူမကဲ့သို.ပင် ဖိနှိပ်ချုပ်ချယ်ခံနေကြရသူများအတွက် (သည်လေဒီ ဇာတ်ကားထဲကလို ကြမ်းပြင်ပေါ် တုံးလုံးလှဲ၍ ငိုနေမည်ဟု လုံးဝမယုံကြည်ပါ) ပို၍ မြင့်မြတ်သောလမ်းကို ရွေးချယ်လိုက်သည်ဟုပင်ဆိုနိုင်ပါည်။ (နိုင်ငံအရေးမှ လူသားအရေးကို ပြောင်းလဲလာခြင်းကို ဆိုလိုပါသည်။) အစပိုင်းတွင်မူ ခေါင်းမာခြင်းသက်သက်သာဖြစ်သည်။ နောက်ပိုင်းတွင် ယုံကြည်ချက်အတွက်ခေါင်းမာမှုဖြစ်ပါမည်။ နောက်ဆုံးတွင်မူ လူ.လွတ်လပ်ခွင့်အတွက် ခေါင်းမာမှုကိုပင် ဖယ်ရှား၍ မိမိအား နှိပ်စက်ကလူပြုခဲ့သူတို.ကိုပင် မိတ်ဆွေအဖြစ် သဘောထားနိုင်သော စိတ်အဖြစ်ပြောင်းလဲလာခြင်းပင်ဖြစ်ပါသည်။ ဖခင်၏ စိတ်ဓာတ်အမွေကို ထိုအချိန်တွင် 'တင်းပြည့်ကျပ်ပြည့်' ရရှိသွားသည်ဟု သတ်မှတ်လိုပါသည်။

၂-၅။ အကျယ်ချုပ်ဘ၀မှ လွတ်မြောက်သော အချိန်ဝယ် သူမသည် အစစအရာရာ အသင့်ဖြစ်နေခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူလူထု၏ မကြုံစဖူး ထောက်ခံအားပေးမှု၊ သူမ ခေါင်းဆောင်ပီသသော ဆုံးဖြတ်ချက်တို.သည် မြန်မာတွင်သာမက ကမ္ဘာပေါ်တွင်ရှားပါးသော 'မဟာလူသားတစ်ဦး' ကို မွေးထုတ်ပေးလိုက်ခြင်းဖြစ်ပြီး ကမ္ဘာစီးပွားရေးဖိုရမ် ကဲ့သို.သော အခမ်းအနားများသည်ပင် သူမကြောင့် ဂုဏ်တက်လာရသော အနေအထားသို.ရောက်လာခဲ့သည်။ အစဉ်အလာကြီးလှသော အောက်စဖို.တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ.၊ ကိန်းကြီးခန်းကြီးနိုင်လှသော ဗြိတိသျှတို.၏ခန်းမတွင် မိန်.ခွန်းပြောကြားခွင့်တို.သည် မြန်မာကို ကမ္ဘာက သိစေရုံမက မြန်မာတို.အတွက် ဂုဏ်ယူဖွယ်အကြောင်းများပင်ဖြစ်သည်။ (မဟာလူသားဟု နှစ်ကြိမ်တိုင်သုံးနှုန်းခြင်းသည် သည်းခံခြင်း၊ခွင့်လွှတ်ခြင်းစသော လူသား၏ 'အမြင့်ဂုဏ် သတ္တိ' ကို ထွန်းလင်းပြနေသောကြောင့် သုံးခြင်းဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဖြင့် သုံးခြင်းမဟုတ်ပါ။) နိုင်ငံတကာ အလည်တွင် အရည်အသွေး၊အဆင့်အတန်း၊အတွေးအခေါ် တင်းပြည့်ကျပ်ပြည့် ရှိကြောင်းကို ရိုဟင်ဂျာအရေးကဲ့သို.သောကိစ္စများတွင် နိုင်ငံတကာလက်ခံနိုင်သော၊ ပြည်သူလက်ခံနိုင်သော 'ပညာသားပါသည့် တစ်ကွက်ကျောမှတ်ချက'် ပြုခြင်းမျိုးတွင် တွေ.နိုင်ပါသည်။

၃-၁။ သို.ရာတွင် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦး ဖြစ်သွားသည့်အတွက် အားနည်းသွားနိုင်သော နေရာများလည်း ရှိနေပါသည်။ အားနည်းသွားနိုင်သောဟူသည် အားနည်းသွားသော ဟူသည့် 'တစ်ထစ်ချ ကောက်ချက်ဆွဲသောစကား' မဟုတ်မှန်း သိစေချင်သလို စေတနာဖြင့် ပြောသော စကားမှန်းလည်း သိစေချင်ပါသည်။ မှားနိုင်ပါသည်ဟုလည်း ကြိုတင်ဆိုပါသည်။

၃-၂။ ပထမဆုံးအနေနှင့် အလွန်အကျွံ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုများကြောင့် လူထုနှင့် ကင်းကွာသွားနိုင်ခြင်းပင် ဖြစ်ပါသည်။ လူထုခေါင်းဆောင်တစ်ယောက်သည် လူထုအထက်သို.တက်သွားရမည်လား၊ လူထုကြားထဲ တရွေ.ရွေ. တိုးဝင်သွားရမည်လား မသေချာသော်လည်း တစ်မတ်တန်းမှ ရုပ်ရှင်ကြည့်ခဲ့သော၊ ရဲဘော်များအကြားတွင်တိုးဝှေ.၍ ထမင်းစားခဲ့သော၊ အင်္ကျီဘောင်းဘီ နှစ်စုံသာရှိသော သူမဖခင်၏ပုံရိပ်သည် မြန်မာလူထုအကြားဝယ် တမြေ့မြေ့ တမ်းတစရာအဖြစ်ရှိနေဆဲပင် ဖြစ်သည်။ ဖခင်၏ ပုံစံအတိုင်း လိုက်လုပ်ရန်ပြောခြင်း မဟုတ်သော်လည်း ပြည်သူလူထုနှင့် 'နီးရက်နှင့် ဝေးနေသော ခေါင်းဆောင်မျိုး' မဖြစ်စေချင်သည်ကတော့ အမှန်ပင်။

၃-၃။ နောက်ထပ်ကင်းကွာ သွားနိုင်သည်ကတော့ သူမ၏ ပါတီနှင့်ပင်ဖြစ်သည်။ သူမ၏ အရှိန်အ၀ါအား ကြီးလွန်းသောအခါ ဆုံးဖြတ်ချက်မှန်သမျှသည် ရှုထောင့်ပေါင်းစုံမှ အကြေအလည်ဆွေးနွေး၍ ရလာခြင်းမျိုးမဟုတ်ပဲ တစ်ချက်လွှတ်ကိစ္စ ဖြစ်သွားမည်စိုးရပါသည်။ အာဏာရှင်စနစ်ကို တိုက်ဖျက်သူများကိုပင် အာဏာရှင်အဖြစ် မသိမသာပြောင်းသွားစေသော လူတို.၏ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ကို ကြိုတင် မစဉ်းစား၍ မဖြစ်ပါ။ တစ်ဆက်တည်း ပြောလိုသည်မှာ အတိုက်အခံများနှင့်လည်း ကင်းကွာသွားနိုင်ခြင်းဖြစ်သည်။ အမှန်စင်စစ် အတိုက်အခံများနှင့် အရမ်းကွာခြားမှုမရှိမှသာ နိုင်ငံတည်ဆောက်ရေးတွင် အပြိုင်အဆိုင် ပြောဆိုဆွေးနွေးရမည်ဖြစ်သည်။ တစ်ဖက်မှ အရမ်းမြင့်ပြီး တစ်ဖက်မှ ပုံမှန်ရှိနေသည့်အခါ ပါဝါချိန်ခွင်တစ်ဖက်စောင်းနင်း ဖြစ်နေနိုင်သလို 'ဘောလုံးပညာမယှဉ်နိုင်လျှင် လူချတတ်သော ကိစ္စ' ဖြစ်မလာနိုင်ဟုလည်း မပြော၍မရပါ။

၎-၁။ ယနေ. ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ရှေ.တန်းသို.ရောက်နေသော်လည်း နောက်တန်းမှ ထောက်ကူပံ့ပိုးနေကြသူများအနေနှင့် ကျန်နေခဲ့ဟန်တူပါသည်။ လိုအပ်သော သတင်းထုတ်ပြန်မှုများ၊ အချက်အလက်ပံ့ပိုးမှုများ၊ လုံခြုံရေး အစီအမံများကို အချိန်နှင့် တပြေးညီပံ့ပိုးပေးရန် လိုအပ်ပါသည်။ (ယခုစာကိုရေးရန် သူမ၏ မိန်.ခွန်းများကို ပြန်လည်ရှာဖွေရာ တစုတစည်းထဲ မတွေ.ရပါ၊ အင်မတန် ရှက်စရာကောင်းပါသည်) ယခုတစ်ထိုင်တည်း စဉ်းစားမိသမျှ ပြောကြည့်ပါမည်။

၎-၂။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် Official Website တစ်ခုရှိရပါတော့မည်။ သူမ၏ မိန်.ခွန်းများ၊မှတ်တမ်းများ၊ ခရီးစဉ်များ အား ပြည်သူအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးရန်လိုပါသည်။ မလိုလားအပ်သော ကောလဟာလများအား တားဆီးရန်ဖြစ်သလို ပြည်သူနှင့် ဆက်ဆံရေးတိုးမြှင့် လိုက်သောတံခါးပေါက်လည်း ဖြစ်ရပါမည်။ ဘားရက်အိုဘားမား ဖေ့စ်ဘုတ်သုံးခြင်းကဲ့သို.သော ပြည်သူနှင့် အဆက်အဆံပြုရေးသည် အလွန်အရေးကြီးသော အရာဖြစ်သကဲ့သို. မှတ်တမ်းမှတ်ရာအဖြစ်ရှိရေး၊ ထရန်စ်ပဲရန်စီဖြစ်ရေး တို.အတွက်လည်း အရေးကြီးသည်ဟု ဆိုပါမည်။ လိုအပ်လျှင်ကိုးကားနိုင်ရန် မိန်.ခွန်းပေါင်းချုပ်မျိုးကိုလည်း စီစဉ်သင့်နေပါပြီ။

၎-၃။ နောက်တစ်ချက် အရေးကြီးသော ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အတွင်းရေးမှူးတစ်ယောက် ထားရှိရေးဖြစ်ပါသည်။ 'မည်ကာမတ္တ' အတွင်းရေးမှူးမျိုးကိုပြောသည်မဟုတ်ပဲ အနာဂတ်တွင် လက်လွှဲပေးရမည့် ဆက်ခံသူတစ်ယောက်ကို အနီးကပ်သင်ကြားပေးခြင်းမျိုးကို ဆိုလိုပါသည်။ အင်မတန်အရေးကြီးသော နေရာဖြစ်သည့်အလျှောက် ယုံကြည်စိတ်ချရခြင်းမျိုးသာမက အသက်အရွယ်နုပျိုခြင်း၊ နိုင်ငံရေးခံယူချက်မြင့်မားခြင်း၊ ဥာဏ်ပညာ အမျော်အမြင်နှင့်ပြည့်စုံခြင်း စသည်တို.နှင့် ပြည့်စုံရမည်ဖြစ်ပြီး နိုင်ငံရေးခါးဆက်ပြတ်ခြင်းကို ကာကွယ်နိုင်ရန်ဖြစ်ပါသည်။ ထိုသို.သော အတွင်းရေးမှူးတစ်ယောက်ကို ရှာဖွေမွေးမြူသင့်ပြီဟု ဆိုပါမည်။

၎-၄။ နောက်တစ်ခုသည် လုံခြုံရေးကိစ္စဖြစ်ပါသည်။ ကြည့်လိုက်လျှင် လုံခြုံရေး အင်မတန်အားနည်းပါသည်။ လူဆိုသည်မှာ ချစ်သူမည်မျှပင်ပေါပေါ မုန်းသူရှိနေတတ်ပါသည်။ ထိုမျှသာ ဆိုပါမည်။

၅-၁။ ပြောခဲ့သမျှသည် စေတနာဖြင့် ပြောသောစကားများသာ ဖြစ်ပါသည်။ ရှားရှားပါးပါး အဆင့်ဆင့် မီးအထပ်ထပ်ခတ်ပြီးမှ ရရှိလာသော ကြေးသွန်းရုပ်ထုကဲ့သို. ခေါင်းဆောင်တစ်ဦးကို ဘာမဟုတ်သော အဖြစ်များဖြင့် အထင်မြင်သေးမခံစေချင်ပါ။ ထို.အပြင် အချိန်ကလည်း အင်မတန်ရှားပါးနေပါသည်။ ထို.အတူ အားရဖွယ်မျိုးဆက်လည်း မမြင်မိသေးပါ။ ပြောလိုက်မိလျှင် ၀ိုင်းဆဲကြသော ကိစ္စကလည်း ရှိသေးသည်။ ဂုဏ်ယူထိုက်သူတစ်ဦးကို ဂုဏ်ယူတတ်စေရန်လည်းကောင်း၊ တိုင်းပြည်တိုးတက်ရန် လိုအပ်သော အကြောင်းအထောက်အပံ့အဖြစ် ကူညီနိုင်ကြစေရန်လည်းကောင်း ရေးသားရပါသည်။

၅-၂။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။

အဖေ

by Thet Ka Moenyo on Tuesday, July 3, 2012 at 12:06am 
 
 

အဖေနေမကောင်းနေခဲ့တာတော့ကြာပါပြီ။ အိုရခြင်း၊နာရခြင်းဆင်းရဲကို လက်တွေ.ပြသနေသလို အရိုးပေါ်အရေတင်နေတဲ့အဖေ့ခန္ဓာကိုယ်လေးကို ကြည့်ပြီး နိဗ္ဗိန္ဒ (စာလုံးပေါင်းမသေချာပါ) ခံစားချက်မ၀င်တောင်မှ ကြေကြေကွဲကွဲ စိတ်ကတော့ ၀င်ဝင်လာတတ်ပါတယ်။ နာတာကိုမပြောနိုင်၊ ခံစားရတာကိုမပြောနိုင်ပဲ ပြုစုပေးနေတဲ့အချိန်မှာ တစ်ခုခုပြောချင်နေသလို မျက်လုံးတွေကို စူးနေအောင်လှန်ကြည့်တဲ့အခါများမှာ ဘာလုပ်ပေးရမှန်းမသိ ဘာပြောရမှန်းမသိဖြစ်ရတာအကြိမ်ကြိမ်ပါ။

အိမ်ထောင်ကျနောက်ကျတဲ့အပြင် ကျွန်တော်ကလည်း အငယ်ဆုံးသားဆိုတော့ အဖေ့ကိုမှတ်မိတဲ့အချိန်မှာ အဖေက တော်တော်အသက်ရနေပါပြီ။ ဒါပေမယ့် ချောတုန်းပါ။ ငယ်ဘ၀ရဲ. သူရဲကောင်းပေါ့။ အမေက အိမ်ပြင်ထွက်လေ့မရှိတော့ ရွှေသွေးတို.၊ မိုးသောက်ပန်းတို. စာအုပ်တွေဝယ်ပေးတဲ့ အဖေကို အသစ်အဆန်းနဲ.များတွဲပြီး မှတ်ထားမိလေသလားမသိပါဘူး။ အဖေက ၀င်းဦးများ သဘောကျလေသလားမသိ။ နှုတ်ခမ်းမွှေးနဲ.ဘာနဲ.ပါ။ ချောတာတော့တော်တော်ချောပါတယ်။ ငယ်ငယ်က အရပ်ပြဇာတ်မှာ မင်းသားပေါ့လေ။မယ်ဒလင်လေးနဲ.ရိုက်ထားတဲ့ဓာတ်ပုံလေးတောင်ရှိသေးတယ်။ အလယ်တန်းကျောင်းသားဘ၀က ဆရာမကြီးတစ်ယောက် (အဖေနဲ.ရွယ်တူဆိုတာ အသက်တော်တော်ကြီးပါပြီ၊ ပင်စင်ယူကာနီးပေါ့) က မင်းအဖေငယ်ငယ်တုန်းက ချောလွန်းလို. ငါတို.သွားတောင်ချောင်းကြည့်ရတယ် ဆိုတော့ ရှက်ခဲ့တာအမှတ်ရသေးတယ်။

အဖေချောတယ်ပြောတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပြောလိမ့်ဦးမယ်။ ဆရာမြသန်းတင့်ကတောင် သူ.သူငယ်ချင်းအကြောင်း ကလျာမဂ္ဂဇင်းမှာ ဆိုင်းဘုတ်ရေးသမား၏ ဝေဒနာဆိုပြီး စာရေးခဲ့ဘူးတဲ့အထဲမှာ မမေ့မလျော့ မင်းသားလိုချောတဲ့အကြောင်း ထည့်ရေးဘူးပါတယ်။ သူတို.နှစ်ယောက်တော်တော်ခင်ခဲ့ကြပုံပါပဲ။ ဟိုးအရင်ကတော့ စိတ်လိုလက်ရရှိရင် မြသန်း (သူခေါ်သလိုပါ) ဆိုတဲ့ကောင် ကောင်မလေးတစ်ယောက်ကိုကြိုက်လို. သူကွမ်းယာမှာ ပီယဆေးရေးပြီး စားခိုင်းတဲ့အကြောင်း၊ ဆရာမတွေ.လို. အရိုက်ခံရတဲ့အကြောင်းတွေ ပြောပြတတ်ပါတယ်။ သူ.သူငယ်ချင်းနဲ့အတူ တောခိုခဲ့ပေမယ့် သူကတော့နာမည်ကြီးမဟုတ်လေတော့ ခပ်တည်တည်ပဲမြို.ပေါ် ပြန်တက်လာတာပါပဲ။ သွေးကလည်း သိပ်နီဟန်မတူပါဘူး။အဟင်း။

တကယ်တော့လည်း သူ.ဘ၀က သနားစရာဆိုတာ အခု ပြန်တွေးမှ သိတာပါ။ အဖေလုပ်သူ (ကျွန်တော်တို.အဘိုး) က အမိန်.တော်ရ ရှေ.နေမင်း။ ခုခေတ်မဟုတ်ဘူးနော်၊ အင်္ဂလိပ်ခေတ်ကဆိုတော့ သိပ်ချမ်းသာပါတယ်။ ပခုက္ကူမှာ ပထမဆုံးဂျစ်ကားစီးတာတဲ့။ လက်ပံခြေပေါ်ဘက်မှာ လယ်တွေ လက်ညိုးထိုးမလွဲဆိုပဲ။ ပြည်သူပိုင်သိမ်းတဲ့အထဲပါသွားတာ ဟိုတစ်လောကမှ သိရပါတယ်။ သူကတစ်ဦးတည်းသောသား။ ဖတဆိုး။ သူ.အမေကျွန်တော်တို.အဘွားက သိပ်အလိုလိုက်ပုံပါပဲ။ ပန်းချီပညာကိုရန်ကုန်တက်သင်၊ ရန်ကုန် ရှုမ၀မဂ္ဂဇင်းမှာ စာပြင်ဆရာလုပ်ပါသေးတယ်။ နောက် ပခုက္ကူပြန်လာပြီး အမေနဲ.ညားတာပါပဲ။ အဖေက ၃၂၊ အမေက ရှိလှ ၁၆-၁၇ပေါ့။

အဖေက ကားတွေကိုလိုက်ပြီး ပန်းချီရေးတယ်၊ အမှန်တော့ကားဘေးတွေမှာစာလုံးအလှရေးရတာပါ၊ ဟီးနိုးတို.၊ ယဉ်သုံးတန်ကုန်သုံးတန်တို.ပါပဲ။ ဒီအရင်လည်း ရုပ်ရှင်ရုံ ကြော်ညာပိုစတာတွေရေးဘူးတယ်ပြောပါတယ်။ ကျွန်တော်တို. မမှီပါဘူး။ ရုပ်ရှင်ရုံပိတ်တော့ ကားနံပါတ်ပဲရေးရတာပေါ့။ သားသမီးကငါးယောက်။

အကုန်နီးပါး ကျောင်းသားတွေဆိုတော့ အဖေအတော်ရုန်းရတယ်လို. ပြောချင်ပေမယ့် မဟုတ်ပါဘူး။ သူကတော့ခပ်အေးအေးပါပဲ။ ကားနံပါတ်ရေးရင်း စကားတွေပြောနေတာပါပဲ။ အပြောကလည်းကောင်းဟန်တူပါရဲ.။ သူ.စကားကိုဝိုင်းနားထောင်နေကြဆိုပဲ။ အမေကတော့အိမ်မှာ ကလေးတွေနဲ.ဖတ်သီဖတ်သီ။ တကယ်တော့ အဖေဟာ ကြိုးစားရမယ်ဆိုတာတောင် မသိရှာလောက်အောင် အပြစ်ကင်းတဲ့သူတစ်ယောက်ဆိုတာ အခုမှတွေးမိပါတယ်။ ငယ်ငယ်ကတော့ အဖေ့အပေါ် မငြိုငြင်တောင် နားမလည်နိုင်ဖြစ်ခဲ့ပါတယ်။ အသက်တော်တော်ရလာတော့ ညီအကိုတွေ တစ်လှည့်ဆီ ကားနံပါတ်ရေးရင်း ကျောင်းတက်ကြပါတယ်။ အဖေနဲ.အတူတူအလုပ်သွား၊ အဖေကတော့ သိပ်မလုပ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို. ကျုံးလုပ်လိုက်တာ အဖေ့တုန်းက တစ်ပတ်ရေးရတဲ့ကားတစ်စင်းကို ကျွန်တော်တို.ညီအစ်ကို နှစ်ယောက် (တစ်ယောက်ကကျောင်းတက်ပေါ့လေ၊ညီအစ်ကိုလေးယောက်မှာတစ်ယောက်က ရန်ကုန်မှာရောက်နေပါပြီ) တစ်ညနေနဲ. အပြီးဖြိုပါတော့တယ်။

ဒီလိုနဲ. ကျွန်တော်တို.ကျောင်းတက်နေတုန်း အမေဆုံးပါတယ်။ အမေဆုံးတော့ အစ်မနဲ. အဖေ အိမ်မှာနှစ်ယောက်ထဲကျန်တာပေါ့လေ။ အမေမဆုံးခင်ကတည်းက သူ.ခြေထောက်က သိပ် သွားလို.မရတော့ပါဘူး။ အမေရှိတုန်းက လေ့ကျင့်ခန်းလုပ်ပါလို.ခနခန ပြောခဲ့ပေမယ့် သူကိုယ်တိုင်က ပျင်းပါတယ်။ စာပဲထိုင်ဖတ်နေတာ။ ကျွန်တော်တို.ဥာဏ်တွေက သူ.အမွေပေါ့။ ကျွန်တော်တို. အလုပ်ဝင်ဘာဝင်အချိန်မှာ သူ လမ်းသိပ်မလျောက်နိုင်တော့ပါဘူး။ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ပြီး ဦးစံရှားပေါင်းချုပ်ကြီး နှစ်အုပ်ကို ကြေမွသွားအောင်ဖတ်ပါတော့တယ်။

အဲဒီကတည်းက သူဝမ်းချုပ်တာပါ။ ကန်တော့ပါရဲ.။ လမ်းမှမလျောက်နိုင်တာ အိပ်ယာထဲမှာပဲသွားတာပါ။ အိမ်က အစ်မတစ်ယောက်ထဲဆိုတော့ အစ်မနဲ.တစ်ကျက်ကျက်ပါ။ နောက်ပိုင်းတော့ အစ်မက တော်တော်လေး အနွံတာခံပြီး ပြုစုပါတယ်။ ဖြစ်ချင်တော့ အစ်မက အဖြစ်ဆိုးကြီး တစ်ခုနဲ.ဆုံးပါးသွားခဲ့ရတာပါ။ ဒီတော့ ညီအစ်ကိုတွေ အဖေ့ကို ရန်ကုန်ခေါ်ထားရပါတော့တယ်။

ဝမ်းမသွားနိုင်လို. ၀မ်းချူချူပေးရပါတယ်။ ဒါတောင်မသွားလို. နေပြည်တော်ကနေ ရန်ကုန်ရောက်လို.ကြည့်တဲ့အခါ လက်နဲ.ပဲ ကိစ္စရှင်းပေးခဲ့ရတာ အကြိမ်ကြိမ်ပါ။ စကားလည်း သိပ်မပြောတော့ပါဘူး။ လေဖြတ်တာမဟုတ်ပဲနဲ. စကားနည်းသွားတာ သူ.ဦးနှောက်က တဖြည်းဖြည်း ယိုယွင်းလာနေပြီဆိုတာ ကျွန်တော်တို. ရိပ်မိခဲ့ဖို.ကောင်းပါတယ်။

နောက်ဆုံးအဖေ အစာမ၀င်တော့ဘူးဆိုလို. အောင်ရတနာမှာတင်တော့ ကျွန်တော်သွားခဲ့ရပါသေးတယ်။  နှာခေါင်းပိုက်တန်းလန်း၊ အောက်ဆီ၇ျင်ပိုက်တန်းလန်း၊ ဆီးပိုက်တန်းလန်းပေမယ့် စိတ်ထဲမှာ ကုသနေရတယ်ဆိုတဲ့ အသိနဲ. ထိထိခိုက်ခိုက်သိပ်မဖြစ်ခဲ့ပါဘူး။ အသက်ကလည်း ကြီးပြီလေ။ မီးဇာ ကုန်နေတဲ့သူတစ်ယောက်မှန်း သိနေခဲ့ပြီပဲ။ (မချစ်တတ်လို. မဟုတ်ပါဘူး။ ဒီထက်ဆိုးတဲ့ ဥပေစ္ဆေရ ကံနဲ. အစ်မကဆုံးပါးသွားတော့ အဖေ့ကိစ္စက လက်ခံထိုက်သောအရာလို. ခံယူမိကြတာပါ)

ထူထူထောင်ထောင်ဖြစ်လို. အိမ်ပြန်ခေါ်ခဲ့ကြပေမယ့် အဖေစကားမပြောနိုင်တော့ပါဘူး။ အိပ်ယာပေါ်မှာနေရတော့ ကျောပူနာတွေက အပြည့်နဲ.ပါ။ ဒူးကြီးက မဆန်.နိုင်ပဲကွေးနေတော့ အိပ်ယာပေါ်မှာ ဘယ်စောင်းနဲ.ညာစောင်း ပုံစံနှစ်မျိုးပဲရတာကိုး။ အိပ်ယာက မထနိုင်တော့ ရှူးပေါက်ချတဲ့အ၀တ်တွေ လဲတဲ့အခါ လူမရှိချိန်ဆို တစ်ယောက်ထဲလဲရတော့ ဆွဲအရွေ.အပြုမှာ အနာတွေထိခိုက်မိမှာပါပဲ။ မပြောနိုင် မညည်းနိုင်တဲ့လူတစ်ယောက်ဟာ အဖေဖြစ်နေတဲ့အခါ သူ.ဆင်းရဲတွေကို ဖြစ်ရတဲ့ကရုဏာတင်မက ကိုယ့်လက်ကိုပါ မုန်းမိတဲ့အဖြစ်ပါ။  ရှူးပေါက်လို. မြည်တွန်တောက်တီးမိတာက သူ.ကိုလုပ်ပေးရလို.မဟုတ်ပဲ တစ်ခါက မင်းသားလို နေခဲ့ရသူ (အမေက သူ.ကို တကယ် ဘုရင်တပါးလိုထားခဲ့တာပါ) အပေါ်မှာ မကြည့်ရက်လွန်းလို.ပါ။ နာရခြင်းဆင်းရဲကို တရားပြနေသလားလို.တွေးရင်း သူ.ဘေးမှာ ဂယောင်ကတမ်းနဲ. ၀င်လေထွက်လေ မှတ်မိသားမိပါသေးတယ်။

တနေ.ထဲမှာ ကိုယ်လက်သုတ်သင်ပေးတာ သုံးခါလောက်ဆိုတော့ ဘယ်လောက်ပဲ လက်အိပ်တွေ ၀တ်ဝတ် နှာခေါင်းမှာ အနံ.ကစွဲနေတော့တာပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ရန်ကုန်က မပြန်ခင်မှာတောင် လက်နဲ.ပဲဝမ်းချူပေးခဲ့ရပါသေးတယ်။

ခုနကတော့ အစ်ကိုတစ်ယောက်ဖုံးဆက်ပါတယ်။ အခြေအနေမကောင်းဘူးတဲ့။ ညီအစ်ကိုတွေ တိုင်ပင်တော့ သူ.ကိုဒီထက်ပိုပြီး မနာကျင်စေချင်တော့ပါဘူး။ ခုနကမှ ဖေ့စ်ဘုတ်စတေးတပ်မှာ တင်လိုက်မိသလို သေမင်းလက်ကနေ အဖေ့ကို ဆွဲဆက်လုတဲ့အခါ နာကျင်မှု သူ.အတွက်ဖြစ်စေမယ်ဆိုရင် ကျွန်တော်တို. မလုရက်တော့ပါဘူး။ ချစ်သူခင်သူတွေနဲ. ကွေကွင်းရတဲ့ဝေဒနာကိုကြောက်လို. ချစ်သူခင်သူတွေကို နာကျင်စွာနဲ. ဆက်လက်နေထိုင်ပါစေဆိုရင်တရားပါသလား။

အဖေဟာ တကယ်တော့ မီးဇာကုန် ဆီခန်းဖြစ်နေပါပြီ။ ဓားသွားထက်ထက်ပေါ်က ဆံချင်မျှင်စလေးလို အချိန်မရွေးပြတ်တောက်သွားပါတော့မယ်။ အဖေက ရန်ကုန်မှာ၊ ကျွန်တော်က နေပြည်တော်မှာ။ အဝေးဆီက အလန်.တကြားထမြည်မယ့် ဖုံးသံကိုစောင့်ရင်းနဲ. ကျွန်တော်ဒီစာကိုရေးနေပါတယ်။ ချစ်သူခင်သူတွေနဲ. ဝေးသောမျက်ရည်တွေ ကျွန်တော်တို. ကျခဲ့ဘူးပါပြီ။ ဆက်၍လည်းကျရပါဦးမယ်။ မနက်ဖြန် ရန်ကုန်ကို မသွားခင်စပ်ကြားမှာ ထမြည်မယ့်ဖုန်းသံကို မျှော်လင့်နေတာလား၊ မမျှော်လင့်ချင်ဘူးလား။

ဖြစ်နိုင်ရင်တော့ အဖေ့ကို မောဟနဲ. ထွက်ခွာမသွားစေချင်ဘူး။ ဒါပေမယ့်လည်း ဒီလိုကိစ္စဆိုတာက မကြုံခင်ကတည်းက ဘာဝနာနဲ. ထုံထားရတဲ့ကိစ္စပါ။ ကျွန်တော်တို.တတွေ ခဏလေးပူဆွေးမယ်၊ကြောက်လန်.မယ်၊ ပြီးရင်တော့ ဇနီးသားသမီး တွေနဲ. ဒီအပူဒီမီးကိုမေ့ကြဦးမှာပေါ့လေ။ ဖြစ်နိုင်ရင်တော့ ကျွန်တော် မမေ့တတ်ချင်ဘူး။ ကျွန်တော့် ကဗျာတစ်ပုဒ်မှာရေးဘူးသလိုပေါ့။ ကိုယ်ကိုယ်တိုင် မျက်ရည်မကျသူလည်း ဖြစ်လိုတယ်။ သူတပါးမျက်ရည်ကို သိမ်းဖယ်ပေးနိုင်တဲ့သူလည်း………………………….ဖြစ်လိုလှပါတော့တယ်။

(ဖေ့ဘုတ်မှာတင်ခဲ့တဲ့အချိန်ကို မဖျက်ပါဘူး၊ အဖေဆုံးတာက ၁၂နာရီ ၇မိနစ်ပါ)

လောကကို စောင့်ရှောက်သော မျက်လုံးများ

၁။ (အတိအကျမဟုတ်သော်လည်း) ဆရာမောင်သာချို၏ သမီးဖတ်ဖို.စာစုများထဲမှခေါင်းစဉ်ဖြစ်ပါသည်။ အထူးကုဆေးခန်းတစ်ခုဝယ် တုံကင်ဖြင့် တန်းစီနေကြသော လူနာများကို ဖြတ်ဝင်ကာ စာရေးမလေးအား 'ရှယ်' ရမလားဟု မေးခဲ့သော စိနလူမျိုးတစ်ယောက်အကြောင်းပင် ဖြစ်ပါသည်။ ပူပင်ရေးတို.ဖြင့် စောင့်နေကြသော လူနာများ၊ လူနာရှင်များက စူးစူးဝါးဝါး ကြည့်ကြသောအခါဝယ် ထိုလူမနေတတ်မထိုင်တတ်ဖြစ်ကာ ဆေးခန်းအတွင်းမှ ပြန်ထွက်သွားရသည့် အကြောင်းဖြစ်သည်။ ကိုယ့်အား တိုက်ရိုက် ထိပါးခြင်းမရှိသော်လည်း မသင့်တော်၊မလျော်ကန်သည့် (သို.သော် တရားစွဲဆိုမရသည့်) ကိစ္စများတွင် မျက်လုံးနှင့်ဖြစ်စေ သဘောမတူမှုကို ပြသင့်ကြောင်း ဆရာမောင်သာချိုက ရေးထားခဲ့ခြင်းဖြစ်သည်။ ထိုသို. အကြည့်များ၊ မျက်လုံးများကို ဆရာက 'လောကကို စောင့်ရှောက်သော မျက်လုံးများ' ဟု နာမည်ပေးပါသည်။

၂။ ကျင့်ဝတ်ကိစ္စသည် 'ဘွားဘွားပေါ်'နေသော အရာများရှိသကဲသို. အလွန်သိမ်မွေ.သော အရာများလည်းရှိပါသည်။ အလှူဝိုင်းဝယ် ပုဇွန်ခြောက်ချည်း ခပ်စားသော လက်များကို တရားစွဲ၍မရပါ။ သို.သော်လုပ်ကောင်းပါ၏လော။ ငါးပါးသီလကို မဖောက်သော်လည်း ဆာလောင်နေသည့် ကလေးကို ရှေ.ထားကာ စားစရာပွဲအလျှံအပယ်နှင့် ကြောင်တောင်ကြည့်ကာ စားကောင်းပါ၏လော။ ထို.အပြင် လူဆိုသည်မှာ ကာရိုက်တာဖြစ်ပါသည်။ type မဟုတ်ပါ။ ဆိုလိုသည်မှာ အမြဲဆိုးသွမ်းလာသော ဒေ၀ဒတ်ပင်လျှင် ကောင်းသည့်တစ်ချိန်တော့ ရှိပါလိမ့်မည်။ ထို.အတူ အမြဲကောင်းနေသူလည်း မရှိပါ။ အမြဲဆိုးနေသူလည်းမရှိပါ။ (ပုထုဇဉ်များကိုသာ ဆိုလိုပါသည်) ထိုအခါ ကျင့်ဝတ်ဆိုင်ရဂာ မေးခွန်းလေးတစ်ခုနှင့် လူ.သဘောကို ကောက်ယူရခက်ပါသည်။ မရဟုမပြောပါ။ သိသာထင်ရှားသော ကိစ္စများ၊ ပြတ်ပြတ် ထင်ထင် ရှိနေသော ကိစ္စများ တွေ.ကောင်း တွေ.နိုင်ပါသည်။ ခက်ကြောင်းကို သာ ပြောလိုရင်းဖြစ်ပါသည်။ ၃။ ဘွားဘွားပေါ်နေသော ကျင့်ဝတ်ကိစ္စများကို (လက်တွေ.ဘ၀တွင်) တွေ.သည့်တိုင် သူရို.၏ ကာရိုက်တာကို ပြန်ကြည့်ရပါမည်။ ခွင့်လွှတ်ထိုက်သော ကျင့်ဝတ်လော၊ တစ်ကြိမ်မှားသည်ဖြစ်သည့်တိုင် ခွင့်မလွှတ်ထိုက်သော (ကလေးဖျက်ချပေးခြင်းကဲ့သို.သော) ကျင့်ဝတ်လော စသည်ဖြင့် ကြည့်ထိုက်သည်ဟုာူဆပါသည်။ ထို.အတူ တုံ.ပြန်ချက်ပေးရာဝယ် အထက်တိုင်ခြင်း၊ သတိပေးခြင်း၊ မသိချင်ယောင်ဆောင်နေခြင်းတို.သည် လူပုဂ္ဂိုလ်အလိုက် ဆောင်ရွက်ရမည်ဟုပင်ယူပါသည်။ (မိမိအယူဖြစ်ပါသည်၊ ကိုယ့်စကားကိုယ် တာဝန်ယူပါသည်) လူပုဂ္ဂိုလ်အလိုက်ဟူသည် အဂတိလိုက်ထားသော ပုဂ္ဂိုလ်အလိုက်ကို ဆိုလိုရင်းမဟုတ်ပါ။ ချစ်သော ပုဂ္ဂိုလ်၊ မုန်းသောပုဂ္ဂိုလ်၊ မသိသောပုဂ္ဂိုလ်၊ ကြောက်သောပုဂ္ဂိုလ် ဟူ၍ ခွဲခြင်းမဟုတ်ပါ။  သူ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာမြင့်မားမှု အတွက်ရည်ရွယ်သော ပုဂ္ဂိုလ်အလိုက် တုံ.ပြန်ခြင်းကို ဆိုလိုပါသည်။

၎။ ကျင့်ဝတ်ကိစ္စသည် 'ကိုယ့်ကိစ္စ' သာ ဖြစ်သည်။ သူရို.လည်း မကောင်းတာ လုပ်နေတာ ငါလည်း လုပ်လိုက်မဟဲ့ဟု လုပ်၍မဖြစ်ပါ။ သူရို.မကောင်းတာ ကိုယ်မြင်ထားသော်လည်း သူရို.ကောင်းထားတာ ကိုယ်မြင်ချင်မှ မြင်ခဲ့ပါမည်။ အထက်လူကြီး မကောင်းတာတွေ လုပ်နေတယ် ပြောမဖြစ် လို. အောင့်ခံနေရတယ်ဟု တွေးမိလျှင် ကိုယ့်ကို အောင့်ခံနေရသော ကိုယ့်တပည့်များရှိမရှိတော့ ပြန်တွေးစေချင်ပါသည်။ မြတ်စွာဘုရားရှင်ပြောသော စကားကို အမှတ်ရစေချင်ပါသည်။ ကိုယ့်ကိစ္စကို အရင်ပြီးအောင်လုပ်ပါ ဟူ၍ ဖြစ်ပါသည်။ ဘုရားရှင်က ရဟန်းကိစ္စကိုပြောခြင်းဖြစ်သော်လည်း ကျင့်ဝတ်ကိစ္စအတွက် ယူသုံးလိုပါသည်။ 'မင်း ငါးမျှားနေတာ ငါမြင်တယ်၊ ဆရာတော်ကြီးတိုင်မယ်။' 'ဟာမင်းကဘယ်ကနေမြင်တာလဲ၊' ' ငါ ပျားဖွတ်ရင်း မြင်တာ' ဆိုလျှင်တော့ မဟုတ်သေးပါ။

၅။ ဆရာအောင်သင်း၏ ဥပမာကို ခနခန ပြန်ပြောနေမိပါသည်။ ကေသရာဇာ ခြင်္သေ့သည် မြက်မစားရပါ။ သို.သော် မိသားစု၊ ဘ၀၊ သံယောဇဉ်တို.ဖြင့် ပူပန်ရှုပ်ထွေးလာရသောအခါ ခြင်္သေ့ မြက်စားကိန်း ကြုံလာနိုင်ပါသည်။ ထိုအခါ ' ငို၍စားပါ' ဟုသာ ပြောရပါမည်။ ခြင်္သေ့မြက်စားရသည်မှာ ငိုစရာကိစ္စဖြစ်ပါသည်။ အရသာရှိရှိ ၀မ်းပမ်းတသာ လုပ်နေ၍မရပါ။ (လုပ်နေသူများရှိပါသည်) မြက်ကို မဖြစ်မှသာ စားရပါမည်။ မြက်ကြိုက်သော ခြင်္သေ့များကိုလည်း သတိပေးရပါမည်။ 'မြက်စားခြင်္သေ့မျိုး' တည်ထောင်လာသူများအားလည်း ကာကွယ်ရပါမည်။

၆။ ပြောသမျှ ပြန်ချုပ်ပါမည်။ ကျင့်ဝတ်ကိစ္စသည် 'ကိုယ့်ကိစ္စ' ဖြစ်ပါသည်။ ထိုကိုယ်တွင် 'လောကကိုစောင့်ရှောက်သော မျက်လုံးများ' တပ်ဆင်ထားပါလေ။

၇။ ထိုထက်ပို၍ ဆိုရန်မရှိပါ။

Monday, November 28, 2011

ချစ်သောကဗျာ-၁

ကဗျာနဲ.ပတ်သတ်ပြီးပြောရရင် ဘာလို.တုတ်တွေဓားတွေထမ်းရတာလဲမသိ။ကဗျာဆရာတွေကတော့ လွတ်လပ်စွာကွဲလွဲခွင့် ကိုယုံကြည်ကြတယ်။ ငါရေးတဲ့ ကဗျာအမျိုးအစားမှ ကဗျာ ၊ကျန်တာကဗျာမဟုတ်လို.ပြောသူတွေရှိပါလိမ့်မယ်။ သူ.ဘာသာအော်နေပါစေ။သူ.လွတ်လပ်ခွင့်ကိုလေးစားပေးလိုက်ကြရအောင်ပါ။ ကို.ကဗျာ ကိုယ်ရေးကြတာပါပဲ။

+++++++++

အို..ကဗျာ ဆောင်းပါးတွေရေးနေရင်းနဲ. နံပါတ်စဉ်လိုက်မှတ်ရတာရှုပ်မှာစိုးလို. ခေါင်းစဉ်အသစ်ဖွင့်လိုက်တာပါ။ တကယ်တော့သူများတွေပြောပီးတာထဲကကိုယ်သဘောကျတာလေးတွေ ပြန်ပြောတာပါ။ ခဏခဏပြောမိတာက ကြိုက်ရင်ယူပါ၊ မကြိုက်ရင်ပယ်ပါ။

ဒီနေ.တော့ ကဗျာဆရာရဲ့ ဖွင့်ထုတ်၊ပေါက်ကွဲ၊ခံစားချက်တွေအကြောင်းပြောချင်ပါတယ်။

+++++++

ကဗျာမှာတော်တော်များများပြောကြတာက ခံစားချက် တွေကို ဖွင့်ထုတ်တာလို.ပေါ့လေ။

ခံစားချက်မှာ သူတို.စကားလုံးတွေက feeling ရယ် ၊ emotion ရယ်ပေါ့။ emotion ကနည်းနည်းပြင်းထန်တဲ့ အာရုံခံစားမှုပေါ့လေ။ ကဗျာဆရာတွေအကြိုက်ပေါ့။ strong feeling ပေါ့။

ဒါပေမယ့် ပြောချင်တာက အဲဒီပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတိုင်းက ကဗျာကောင်းတွေဖြစ်စေပါသလားဆိုတာပါပဲ။

သာမန်လူတွေကတော့အဲလိုထင်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာကြီးဝါ့သ်ဝါ့ဒ် ကတော့ ကဗျာဆိုတာ ခံစားမှုကို ဇက်ကုန်လွှတ်ပေးခြင်းမဟုတ်လို. ပြောပါတယ်။ နောက်တစ်ယောက်(အဲလိယော့ လို.ထင်ပါတယ်၊ မသေချာပါ) ကတော့ တည်ငြိမ်လာပြီဖြစ်တဲ့ သမာဓိနဲ. ပြန်လည် တည်ဆောက်ယူထားသော ပြင်းပြသည့် ဝေဒနာ (emotion ပေါ့လေ) လို.ဆိုပါတယ်။

ကျွန်တော့ရဲ. ဥာဏ်တိမ်တိမ်လေးရယ်၊ ကဗျာရေးသက်နုနုလေးရဲ့ အတွေ.အကြုံနဲ.တွေးကြည့်တော့လဲ သူတို. ဟောတာ ဟုတ်သလိုလိုပါပဲ။ အရမ်းနာကျင်နေတဲ့ အချိန်မှာ၊ အရမ်းခံစားနေတဲ့ အချိန်မှာ ရေးတဲ့ကဗျာတွေဟာ inspiration မ၀င်တာများပါတယ်။

+++++++++

မြန်မာကဗျာတွေမှာလည်း အိနြေ္ဒကြီးတဲ့ကဗျာတွေ အများကြီးရှိပါတယ်။ နမူနာခဏခဏပြနေရလို. အနန္တသူရိယကဗျာကိုမပြတော့ပါဘူး။ ဆရာဇော်ရျီရဲ့ သင်သေသွားသော် ကဗျာကိုပဲနမူနာပြပါ့မယ်။

ဪ်…လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။


သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။

ဇော်ဂျီ

ပြင်းထန်တဲ့ ခံစားချက်မပါပါဘူး။ကျွန်တော်တော့သိပ်ကြိုက်တယ်။ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည်၊အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ဆိုတဲ့စာသားလေးကိုရွတ်လိုက်ရရင် (တစ်ယောက်နဲ.တစ်ယောက် သဘာဝချင်းမတူလို. မကြိုက်ပဲလည်းနေနိုင်ပါတယ်) တိုင်းပြည် ကြီးပွားရေးကို ကမ္မဌာန်းရှုသလို ရှုထားတဲ့ လူတစ်ယောက်စေတနာကိုသေသေချာချာ ကိုဖမ်းမိလိုက်တာပါ။ ဒါပေမယ့် ခုခေတ်လူတွေ ပြောသလို ဖွင့်ထုတ် ပေါက်ကွဲတော့ မပါလေဘူး။

++++++++++

ကျွန်တော်ပြောနေတာတွေက ပေါက်ကွဲမှုကို ငြင်းဆန်နေတာမဟုတ်ပါဘူး။ ဖေါက်ခွဲမှ၊ဖွင့်ထုတ်မှ ကဗျာဖြစ်မယ်ဆိုတဲ့ အယူအဆမျိုးတွေ တချို.တလေမှာ ၀င်နေသလားလို.ပါ။ ကဗျာမှာ လိုအပ်တယ်ထင်ရင်သုံးခွင့်ရှိပါတယ်။(ဘယ်သူမှလည်းတားလို.မရပါဘူး၊တားလည်းမတားသင့်ပါဘူး) သို.သော်………..

++++++++++

ကဗျာဟာ နာကျင်မှုကိုဖွင့်ထုတ်တာသက်သက်ပဲလား။ကဗျာဟာ ဖတ်သူကို တစ်ခုခုပေးတယ်ဆိုရာမှာ ခံစားချက်ကိုပဲပေးနေတာပဲလား။ ကဗျာဆိုတာ အခြားသောအရာတွေ လုပ်ခွင့်မရှိတော့ဘူးလား။

ကဗျာဆရာရဲ. စေတနာ ဟာ ဝေဒနာကြော်ငြာကမ်းရုံပဲလို. ကျွန်တော်မယုံကြည်ပါ။ ကဗျာ သည် ထို.ထက်ပို ၍ အလုပ်လုပ်ပါလိမ့်မည်။ ဆက်၍ရှင်းရပါလိမ့်မည်။

ချစ်သောကဗျာ-၂

ကဗျာဆရာသည်သူရောက်ရှိနေသော ခေတ်၏ ရိုက်ခတ်မှုကို ခံရမည်မှာအသေအချာပင်ဖြစ်သည်။ ထို.အတူ ထိုရိုက်ခတ်ချက်ကို သူ၏ တုံ.ပြန်မှုသည် ကဗျာတွင်ပါလာမည်မှာအမှန်ပင်။

သို.သော်လည်း မည်မျှအထိပါဝင်သည်၊မည်သို. အပြုသဘော အဖျက်သဘောဖြင့် တုံ.ပြန်သည် ဆိုသည်မှာ ကဗျာဆရာ၏ ပုဂ္ဂလိက ကိစ္စသာဖြစ်သည်။ကဗျာဆရာ၏ စိတ်အတွင်းဝယ်ရှိသော ရှုထောင့်သာဖြစ်သည်။ ဌင်းတုံ.ပြန်မှုသည် ကဗျာအတွင်းဝယ် ၀င်လာသော အခါ ပုဂ္ဂလိက ကိစ္စ ဟုတ်မဟုတ်သည် စဉ်းစားရန်ဖြစ်လာနိုင်ပါသည်။

ကဗျာ အတွင်းရှိ အနှစ်အသားသည် ကဗျာဖတ်သူကို ရိုက်ခတ်မှုရှိနိုင်မရှိနိုင် စဉ်းစားတော်မူကြစေလိုပါသည်။

++++++++

ဖိုးဝဇီရ၏ ရေထဲကို လက်ချင်းတွဲ ခုန်ချသွားသောချစ်သူနှစ်ဦးအကြောင်း ဖွဲ.ဖွဲ.နွဲ.နွဲ. သတင်းကြောင့် ရေထဲခုန်ချရန်ကြံစည်သူများ ပေါ်ပေါက်လာသည်ဟုကြားဘူးပါသည်။သို.သော် ဖတ်သူတိုင်းခုန်ချမည်လို.တော့မပြောနိုင်ပါ။ စိတ်နုသူများအတွက်တွန်းအားများဖြစ်လေမည်လား၊ စဉ်းစားမိပါသည်။

အစွန်းရောက်ပြောရန်မကြံရွယ်ပါ။ အကျိုးတစ်ခုရဖို. အကြောင်းတရားသည်များစွာရှိပါလိမ့်မည်။ သို.သော် နောက်ဆုံးကောက်ရိုးတစ်မျှင်ကြောင့် ကုလားအုတ်ခါးကျိုးရသောပုံပြင်ကိုလည်း မမေ့စေချင်ပါ။

+++++++

ကဗျာဆရာသည် ကွန်မြူနစ်ဖြစ်ချင်ဖြစ်မည်။ လူသားဝါဒထားသူဖြစ်ချင်ဖြစ်မည်။အိတ်ဇစ်ဖြစ်ချင်ဖြစ်မည်။ သူတို.၏ အတွေးများအကြံများသည် ထို သဘောတရားများ၏ ရိုက်ခတ်ချက်ပါလာပါမည်။ ထပ်ပြောပါမည်။ တားရန်မကြံပါ။ အလေးအနက်ထပ်ပြောပါမည်။ တား၍ မရစကောင်း ၊တားရန် မသင့်ပါ။

ပြောချင်သည်က ထို သဘောထားများ၏ နောက်ရှိကဗျာဆရာ၏ ကဗျာဇောစေတနာကိုပါ။

+++++++

ဂေါ်ကီ၏ အမေသည်လည်းကောင်း၊မြသန်းတင့်၏ ဓားတောင်သည်လည်းကောင်း သဘောတရားတစ်ခု၏ ရိုက်ချက်ပါနေပါသည်။ သို.သော် ဖတ်၍ မရိုးနိုင်သေးပါ။ ထိုစနစ်များ အားပျော့လျော့ရည်းသွားသည်.တိုင် ထိုဝတ္တုများသမိုင်းတွင်နေပါမည်။ (ဓားတောင်ကို ဖတ်ရသည်မှာ ရှစ်တန်းနှစ်ဖြစ်ပါသည်။ စနစ်အကြောင်း မသိပဲကြိုက်ခဲ့ခြင်းဖြစ်ပါသည်။)

သံချောင်းကို အလုပ်သမားလူတန်းစားအနေဖြင့် ကြိုက်ခြင်းမဟုတ်ပဲ အားလျော့ အရှုံးပေးခြင်းမရှိသော လူသားတစ်ယောက်အနေဖြင့် ကြိုက်ခြင်းဖြစ်ပါသည်။ အမေကို အဖိနှိပ်ခံ လူတန်းစားအနေဖြင့်မြင်ခြင်း မဟုတ်ပဲ သားကို ချစ်သော အမေအဖြစ်ကြိုက်ခြင်းဖြစ်ပါသည်။

စာရေးသူ၏ သဘောတရားထက် လူသားတို.၏ မြင့်မြတ် အနစ်နာခံသော ကောင်းကွက်များကို ထည့်သွင်းဌာပနာထားသော ရေးသူ၏ စေတနာပါ။

+++++++

ဝေဖန်ရေးဆရာကြီးတစ်ဦး၏ စကားကို ညွှန်းပါမည်။

“ထာဝရရှင်သန်မှု နှင့်ပြည့်စုံသော၊မြင့်မြတ်သာ တစုံတရာ (ကဗျာ) ကို သိမ်နှုတ်ညံ့ဖျင်းသော စိတ်ရှိသူ သာမန်လူသားတစ်ဦး ဖွဲ.ဆိုနိုင်သည် ဆိုသည်မှာ မဖြစ်စကောင်းပါ”

သူသည် အဘယ်သို.သောကဗျာ မျိုးကို ဆိုလိုနေပါသနည်း။ဆက်၍ ရှင်းရပါမည်။လိုသောစကားကိုလည်း အထပ်ထပ်ပြောပါမည်။ ကြိုက်ရင်ယူပါ။ မကြိုက်ရင်ပယ်ပါ။

ချစ်သောကဗျာ-၃

မိုးရေများဖွေးနေသော ကွင်းပြင်ထဲတွင် လယ်စောင့်တဲလေးရှိသည်။ ကြာဖြူတစ်ပွင့်၊ အနီတစ်ပွင့် ပွင့်နေသည်။ ဆိုလိုရင်းကထိုမျှသာ။ သို.သော် ထိုကဗျာ၏သြဇာကြီးလှပါသည်။ ဆရာ တင်မိုး၏ ကဗျာရေးသူနှင့် ကဗျာမွေ.သူအတွေ.အကြုံ(စာတမ်း၊ခေါင်းစဉ်မသေချာပါ) တွင် ခံစားပြထားသည်။ မောင်သာချိုက ဂျပန်ဟိုက္ကူ ကဗျာနှင့်ယှဉ်၍ ရှင်းထားသည်။


မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး
လယ်စောင့်ထံလေးခြေတံရှည်
မိုးကုတ်အောက်မှာတည်။

ကြာနီတစ်ပွင့်ဖြူတစ်ပွင့်
တဲနှင့်ပနံတင့်။ ။

မြန်မာတိုင်းခံစားတတ်ပါမည်။(အနုပညာနှင့်ဝေးသူများကိုမဆိုလိုပါ) သို.သော်ခံစားချက်များ၊အလွမ်းအဆွေးများမပါပဲနှင့် လွမ်းလာစေပါသည်။နောက်ကဗျာတစ်ပုဒ်ပြပါမည်။(ဆရာမောင်သာချို၏ အာဘော်ကိုရှင်းနေခြင်းဖြစ်၍ သူ.ဥပမာကိုသုံးနေခြင်းဖြစ်ပါသည်)


အိုင်အိုကြီးတစ်ခု။
ဖားခုန်ချ။
ရေသံ။

ဘာမှမခံစားရပါ။နိပွန်တို.ကတော့ အသေအလဲကြိုက်သည်ပြောပါသည်။ ဆရာမင်းသုဝဏ်ကတော့ မြန်မာနားနှင့်ကိုက်အောင်ပြန်ဘူးပါသည်။

အိုင်အိုကြီးပါလား
အလို ရွှေဖားခုန်ဆင်းသွား
ပလုံရေသံကြား။

နည်းနည်းတော်လာသေးသည်။ထားပါ။ပြောချင်သည်ကို အခုမှပြောမည်။

++++++++++

လယ်စောင့်ထဲကဗျာတွင် စကားပြေကမပေးသည်ကို ကဗျာကပေးသည်။ ကွင်းကျယ် အဝေးမဟုတ်ပါ။ အဝေးဝေး ဟု နှစ်လုံးဆင့်ကာ မြင်ကွင်းကိုနောက်သို.ဆက်နှင်ထားသည်။ (ဆရာကြီးရွှေဥဒေါင်း၏ မျှော်တလင့်လင့်တွင် လင့်နှစ်လုံးထပ်ထား၍ ဆက်ကာဆက်ကာမျှော်နေရပုံ၊မချင့်မရဲဖြစ်နေရသောသဘောပေါ်နေပုံကိုသတိရမိပါသည်။)

ကွင်းပြင်က အလျားလိုက် ၊လယ်စောင့်တဲလေးက ခြေတံရှည်ရှည်နှင့်ထောင်လိုက် ၊မိုးကုတ်စက်ဝိုင်းဝယ် အထီးကျန်သဘောက ပိုထင်ရှားလာသည်။ကြာနီကြာဖြူပွင့်ကတစ်ပွင့်ဆီ၊ မြင်ကွင်းက သက်ငြိမ်ပန်းချီကားတစ်ချပ်လိုလှပလွန်းနေသည်။ ဘာသာစကားအရ ကဗျာကပို၍ကြွတက်လာသည်။

ထိုထက်ပိုသည်က မြန်မာတို.နှလုံးသားဝယ် ချိတ်ထားသောကြိုး။ လယ်စောင့်တဲ ၊ကြာနီကြာဖြူတို.သည် မြန်မာတို.နှလုံးအိမ်ဝယ်ရှိပြီးဖြစ်သည်။ ကဗျာရေးသူက ထိုကြိုးကို ကိုင်လှုပ်ခြင်းဖြစ်သည်။ ရေဖွေးဖွေးကွင်းပြင်သည် မြန်မာတို.၏ နှလုံးအိမ်နိမိတ်ပုံ။

+++++++

ဂျပန်၊တရုတ်တို.၏ (အရှေ.တိုင်းဘာသာတရား)ကွန်ဖြူးရှပ်ဝါဒ၊တာတေအိုချင်ဝါဒ၀ယ် ငြိမ်သက်မှုကို ဦးစားပေးသည်။ ငြိမ်သက်မှုကိုစောင့်ကြည့်သည်။ရေကိုကြည့်၍ သီအိုရီထုတ်သည်။(သက်လုံ၏ စေ့ထားသောတခါးများတွင်အကျယ်ဖတ်ပါ)

သူတို.အတွက် ငြိမ်သက်ခြင်း၊ရေ စသည်တို.သည်သူတို.နှလုံးအိမ်ဝယ် တတ်ဆင်ပြီးသောကြိုးများသာဖြစ်သည်။


ပြခဲ့သောကဗျာနှစ်ပုဒ်သည် ကဗျာကောင်းများဖြစ်ပါသည်။ သို.သော် ကာလ၊ဒေသကိုလွန်မြောက်သောကဗျာများဟုတ်ပါ၏လော။ဆက်ရပါဦးမည်။

ချစ်သောကဗျာ-၎

ကဗျာကောင်းဟု သတ်မှတ်ကြသောကဗျာများကို ကြည့်လျှင် နှစ်မျိုးတွေ.ရပါသည်။ အချို.ကဗျာများက နားကိုထိခိုက်သည်။ အချို.ကဗျာများက နှလုံးသားကို ထိခိုက်သည်။ နားကိုဖြတ်၍ နှလုံးသားဆီသွားသော ကဗျာများလည်း ရှိနိုင်ပါသည်။ (နောက်ဆုံး ရောက်သောနေရာ ကိုသာယူပါမည်။)

နားကို ထိသောကဗျာများသည် ရံဖန်ရံခါ နှလုံးသားဆီသို.ရောက်ခြင်းမရှိပေ။ ယင်းကဗျာများသည် များသောအားဖြင့် စကားလုံး“ပြောင်”ခြင်းပေါ်တွင်အမှီပြုထားခြင်းဖြစ်ပေသည်။ အချို.ကဗျာများတွင် စာဖတ်သူ(ကဗျာဖတ်သူ) ကို အလန်.တကြားဖြစ်သွားစေသော စကားလုံးများပါနေနိုင်သည်။ ခဏတာမျှ ပဲ့တင်ထပ်နိုင်သော်လည်း ကာလ ဒေသကို မကျော်လွန်နိုင်၊ ကျော်လွန်နိုင်မှုအားနည်းခြင်းများ ရှိနေနိုင်ပေသည်။

နှလုံးသားကို ထိစေသော ကဗျာများကားများသောအားဖြင့် နှစ်မျိုးခွဲနိုင်ပေမည်။ ပထမတစ်မျိုးကား အတွေးပါသောကဗျာများဖြစ်သည်။ အရေးလှခြင်းသည် အတွေးလှခြင်းကလာသည်ဟူသော စကားကို အမှတ်ရစေချင်ပါသည်။

++++++++++

နောက်တမျိုးကတော့ ရှားသည်ဟု ဆိုရပေမည်။ အမြင့်သို. အာရုံနွယ်တက်သောကဗျာမျိုးဖြစ်သည်။ (ပြောခဲ့ပီးပါပြီ) ထပ်ပြောရလျှင် လူသားဟူသည် အမြင့်သို. အာရုံညွန်.တက်သောသဘာဝရှိပါသည်။ အကောင်း၊အမှန်၊ အမြတ်တရားများကို ရှာဖွေတတ်သောသဘောရှိသည်။ ကဗျာတွင် လည်းရှာပါသည်။ (သို.သော် ကဗျာတွင် ရှာခြင်းသည် ခဲတံနီပြာတံဖြင့် မျဉ်းသား၍ ရှာဖွေခြင်းမျိုးမဟုတ်သည်ကို သတိထားတော်မူပါ။ )

ရှေးက ကဗျာသည် တေးနှင့်နွယ်ပါသည်။ နောက်ပိုင်းတေးနှင့်လမ်းခွဲပြီးသည့်နောက်တွင် ကဗျာကိစ္စ သည် စကားပြေက ပြောပြ၍ မရသည်ကို ပြောပြရန်ဖြစ်လာပါသည်။ အတွေးဥာဏ်ဖြင့် သုံးသပ်၍ မရသည်ကိုပြောရန်ပါ။ မောင်ချောနွယ်စကားကထိမိပါသည်။ ရင်ဘတ်ခြင်း ပလပ်ထိုးရန်ဖြစ်ပါသည်။

ထိုသို.ဖြင့် အမြင့်သို. နွယ်တက်သောကဗျာမျိုးတို.သည်နှလုံးသားကို နက်ရှိုင်းစွာထိခတ်ပါသည်။ ပဲ့တင်သံချန်ပါသည်။ ခေတ်အဆက်ဆက်လည်း ပဲ့တင်ထပ်လေ့ရှိပါသည်။


++++++++

စကားလုံးပြောင်သော ကဗျာများကို အပြစ်ပြောရန်မရှိပါ။ ချီးမွန်းရန်သာရှိပါသည်။ အချို.က စကားအသုံးလှသည်၊ လှသည့်စကားလုံးရှာသည်။ အချို.က မိမိ ပြောလိုသော အရာဆီရောက်ရန်ကွက်တိဖြစ်သောစကားကိုရှာသည်။

တာရာမင်းဝေ ပြောဖူးသောစကားကို အမှတ်ရပါသည်။ ပစ်သောမြားအမျိုးအစား မခွဲပါ။ ထိချက်သာလျှင် အရေးကြီးပါသည်။ မော်ဒန်၊ပို.စ်မော်ဒန်၊နီယိုမော်ဒန် ခွဲချင်လည်းခွဲတော်မူကြပါ။ ထိချက် မကောင်းလျှင် စကားလုံးများပြိုးပျက်နေခြင်းသာ အဖတ်တင်ပါမည်။

ဆက်ပါမည်။

ချစ်သောကဗျာ-၅

ကြားဖြတ်ရေးရသော စာဖြစ်ပါသည်။ မှတ်ချက်က စ၍ပြောပါမည်။ ယခုရေးခဲ့သမျှတွင် မော်ဒန်၊ ပို.စ်မော်ဒန်၊ ဂန္ထ၀င် ဘာမှခွဲပြောနေခြင်းမရှိပါ။ ကဗျာကောင်းတို.၏ သဘောသည် အတူတူပင်ရှိသည်ဟု (ရိုးသားစွာ) ယုံကြည်ထားပါသည်။ အသုံးပြုသော နည်းလမ်း၊ကိရိယာသာ ကွာခြားပါမည်။ ခွဲပြောရန်လိုအပ်လာပါက ခွဲပြောပါမည်။

ပြောသင့်သော စကားကို အထပ်ထပ်ဆိုရပါမည်။ တတ်၍ ရေးနေခြင်းမဟုတ်ပါ။ ငါသာ အမှန်ဟု တခါမှမယူဆခဲ့ပါ။ ဖတ်ဖူးသော၊မှတ်ဖူးသော စာများထဲမှ အယူအဆတူသည်တို.ကို မျှဝေခြင်းပါ။ ကိုယ်ပိုင်ဥပမာများပါဝင်နိုင်ပါသည်။ ထပ်၍ဆိုပါမည်။ ကြိုက်ရင်ယူပါ၊ မကြိုက်ရင်ပယ်ပါ။ ဝေဖန်၍ရပါသည်။ ဆွေးနွေး၍ရပါသည်။

+++++++++++

ခေတ်အဆက်ဆက်ဝယ် ရိုးသားစွာဖောက်ထွက်သော အနုပညာများရှိခဲ့ပါသည်။ လက်ရှိ အသုံးပြုနေသော အနုပညာနည်းလမ်းများ၊မီဒီယာများ ၏ အားနည်းချက်ကို စွန်.ခွာ၍ အသစ်ကိုရှာဖွေသူများ၊ အောင်မြင်သူများစွာရှိခဲ့ပါသည်။ ထို. အတူ သူတို.နှင့် ကပ်၍ ပေါ်ပင်လိုက်သူများလည်းရှိနေပါသည်။

သူတို.နည်းတူ ယုံကြည်၍ သူတို.လမ်းစဉ်ကို လိုက်သူများကို ပြောရန်မရှိပါ။ အားပေးပါသည်။ သို.သော် သူတို. ၏ နည်းပညာကို အပေါ်ယံ လျှပ်ကြည့်ကာ ပုံတူကူးချသူများကိုကား ပြောရပါလိမ့်မည်။

ပီကာဆိုသည် အာဗီညွန်မိန်းမပျိုများကို ကလေးရေးသော မျက်နှာဖြင့်ရေးပါသည်။ သူ၏နက်ရှိုင်းမှုကို မသိပဲနှင့် သူ.အတိုင်းလိုက်ရေးရုံနှင် ပီကာဆိုဖြစ်မလာပါ။ လွယ်လိုက်တာဆို၍ ကလေးရေးသလိုရေးဖို.မကြိုးစားစေချင်ပါ။ ပီကာဆိုပြောဘူးပါသည်။ စာသား ထပ်တူမဟုတ်တိုင် ထိုသဘောပင် ဖြစ်ပါသည်။ ပုံမှန်ပန်းချီဆရာတွေရေးသလို ရေးဖို.ကလွယ်တယ်။ ကလေးရေးသလို ရေးတတ်ဖို.က ကျုပ် တစ်သက်လုံး ကြိုးစားနေရတယ်ဟုဖြစ်ပါသည်။ ဆင်ချင်ကြည့်စေလိုပါသည်။

++++++

နည်းပညာတစ်ခုကို ရောက်လိုသော ခရီး အတွက် ကိရိယာဖြစ်နေလျှင်သုံးပါ။ ဝေလေလေ အုပ်စုတွင် ပါပါက ဝေလေလေ သာဖြစ်ပါမည်။ ခက်သည်က ထိုသူများက ၀ါးလုံးရှည်နှင့် ရမ်းတတ်သည်။ ငါတို.ရေးသလိုမရေးတတ်လျှင် ငပေါ။

ရိုးသားစွာ အနုပညာကို ဖန်တီးနေကြသူများသည် သူကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ပါသည်။ သူတပါးယုံကြည်ရာကို မကန်.ကွက်ပါ။ အနုပညာရှင်သည် လွတ်လပ်မှုကို တန်ဖိုးထားသူများ ဖြစ်ပါသည်။ လွတ်လပ်မှုတွင် ကိုယ့်လွတ်လပ်မှုသာမက သူတပါးလွတ်လပ်မှုပါ ပါဝင်နေသည်ကို သဘောပေါက်ကြပါသည်။

++++++++

ယနေ.ခေတ်သည် ပို.စ်မော်ဒန်ခေတ်ဖြစ်ပါသည်။ ( အခြားသူများ မည်သို. သတ်မှတ်သည်ဖြစ်စေ စာရေးသူကတော့ ထိုသို. သတ်မှတ်ပါသည်။ သတ်မှတ်ရသည့် အကြောင်းရင်းလည်းရှိပါသည်)

ပို.စ်မော်ဒန်ခေတ်ဝယ် ပုဂ္ဂလိက သဘောကို ဦးစားပေးပါသည်။ လုပ်ချင်ရာလုပ်ခွင့်ရသော ပုဂ္ဂလိက သဘောမဟုတ်ပါ။ ကိုယ့်နှုန်းစံများ၊ ကိုယ့်တန်ဖိုးများနှင့်ကိုယ် လွတ်လပ်သော ပုဂ္ဂလိကတရားကိုယ်ဖြစ်ပါသည်။ နောက်ပိုင်းရှင်းရန်ကြံရွယ်ထားသည်များမှ အကြောင်းတစ်ခုကြောင့် ဤနေရာတွင် ဓားထစ်ထားခြင်းဖြစ်ပါသည်။


ဆက်ရပါဦးမည်။

အဆင့်မြင့်ကဗျာများနှင့် အဆင့်နိမ့်ကလေးများ

ထိုသို.ပင်ဖြစ်ခဲ့ရပါသည်။

မောင်ချောနွယ်အင်တာဗျူးမှာ ပြောခဲ့သည်ကိုလည်းအမှတ်ရပါသည်။

“ပိုဆိုးတာက ကဗျာဆရာအချင်းချင်းပဲ။ ကဗျာရေးရတာ လူရွှင်တော်တွေ ပျက်လုံးထုတ်သလိုဖြစ်နေပြီ။ အလကားရတဲ့ မန်ကျည်းရွက် တက်ခူးရောင်းတာတောင် သုံးကျပ်ရှုံးတယ်။ ဟ…ဘာဖြစ်လို.တုန်းဆိုတော့ အောက်ကခုံဖိနပ် လူခိုးသွားလို.တဲ့။ခုတော့ ခိုးရုံတင်မကဘူး။လာလည်းလာ အထင်သေးသေး၊လာ…လာစော်ကားသေးတယ်။ ဒါကလည်းအချင်းချင်းတွေနော်”

မောင်ချောနွယ်လည်း ထိုသို.ပင်နာကျင်ဖူးပါသည်။

++++++++++++++

အရှေ.ရော အနောက်ပါ ကဗျာသည်တရွေ.ရွေ. ရွေ.ခဲ့သည်။ ရွေ.ခဲ့ခြင်းသာဖြစ်သည်။ မြင့်ခဲ့ခြင်းမဟုတ်။နိမ့်ခဲ့ခြင်းလည်းမဟုတ်။ သခင်ကိုယ်တော်မှိုင်းနှင့် တာရာမင်းဝေ၊အချုပ်တိုင်းဆရာဖေနှင့် အောင်ချိမ့် နှိုင်းယှဉ်နေရန်မဟုတ်။ အမျိုးအစားမတူသော နှစ်မျိုးကို မည်သည့်ပေတံဖြင့် အကဲဖြတ်မည်နည်း။ရှိပါစေ။ စံပယ်လည်းလှ၊ နှင်းဆီလည်းလှပါသည်။

ခက်သည်က (ခဏခဏလည်းပြောဘူးပါပြီ) ကိုယ့်ကဗျာမှကဗျာ။ ကျန်ကဗျာတွေကဖွတ်။ အဲသည်တော့ ခက်ပါသည်။

ဥပမာပြောပါမည်။ လောလောဆည် ကနေ.ခေတ်စားနေသော LP (L=A=N=G=U=A=G=E Poetry ) ကို မိမိ မကြိုက်သေးပါ။ မကြိုက်သေး ဟုပြောပါသည်။ ကြိုက်ချင်ကြိုက်လာပါမည်။ ကြိုက်ချင်မှလည်း ကြိုက်ပါမည်။ သို.သော် မကောင်းဟုမပြောပါ။ အဆင့်နိမ့်ဟု မပြောပါ။ သူ.ယုံကြည်ချက်နဲ့သူ၊ သူ.လမ်းနှင့်သူ။

ကဗျာတွင်နေရာယူ၍ နေရာပေး၍မရပါ။ သူ.ဘာသာသူ ဖြစ်ချိန်တန်၍ ဖြစ်သည်ကို ဘာမှတားမရပါ။ အမှတ်ထားမိသလောက် မောင်စိန်ဝင်းပုတီးကုန်း၏ သောကခြေရာရတနာကဗျာစာအုပ်သည် ကဗျာစာအုပ်များထဲတွင် ပုံနှိပ်ကြိမ်ရေအများဆုံးဖြစ်ပါလိမ့်မည်။ ထိုအထဲမှ အများကြိုက်သည်မှာလည်း အချစ်ကဗျာများပင် ဖြစ်ပါမည်။

အသစ်မဟုတ်ဟုပြောလျှင်လည်းရပါသည်။ သတိထားတော်မူစေချင်သည်မှာ အသစ်တိုင်းအကောင်းဟု အဓိပ္ပါယ်မရပါ။ အချစ်ကဗျာ ရေး၍ မောင်စိန်ဝင်းကို မကောင်းဟုပြောလျှင်လည်း ခက်ပါမည်။ မောင်စိန်ဝင်းသည် နေရာတစ်နေရာ၊မှတ်တိုင်တစ်ခု စိုက်ပြီးပါပြီ။

အသစ်ကိုကြိုဆိုချင်သလို အကောင်းကိုလည်းကြိုဆိုချင်ပါသည်။ နားမလည်ရင်လည်း လက်ခံပါသည်။ သို.သော် ငါတို.ကဗျာက အဆင့်မြင့်ကဗျာ၊ နင်တို.ကဗျာက အဆင့်နိမ့်။ ကမ္ဘာမှာ ထိုသို.ပြောသည်ကို မကြားဘူးသော်လည်း မြန်မာမှာ ထိုသို. (ထိုသို. မဟုတ်တောင် ထိုသဘော အတိအကျ သက်ရောက်စွာ) အပြောခံရပါသည်။


သူရို.ဆီဝယ် LP ကို Movement အနေဖြင့်ပြောပါသည်။ LP မှမဟုတ်ပါ။ ကျန်သည်ကိုလည်း လှုပ်ရှားမှု အရွေ. အနေဖြင့်သာပြောပါသည်။ upgrade အဆင့်မြှင့်လိုက်ခြင်းဟု မည်သူမှမပြောပါ။ ( LP ကိုဥပမာပေးခြင်းပါ။တိုက်ခိုက်ခြင်းမဟုတ်ပါ) မြန်မာနိုင်ငံမှာတော့ တွေ.ရပါသည်။ ၀ါရင့် သမ္ဘာရင့်ကိုယ်တိုင်က ဘယ်ကဗျာက မင်းတို.နဲ့တန်တာ၊ဘယ်ကဗျာက မင်းတိုနဲ.မတန်။လေးစားစွာမှတ်သားရပါသည်။

ထိုသို.ပြောသဖြင့် မိန်းမဆန်တာ၊မိန်းမကဗျာဆရာဟုဆိုပြန်ပါလိမ့်မည်။ မိန်းမများကို အထင်သေးသောခေတ် မကုန်သေးဟု ထပ်မံသိကြားမှတ်သားရပြန်ပါသည်။ ဖြစ်နိုင်မည်ဆိုလျှင်တော့ ခရစ္စတီနာရိုဆက်တီ၊ ၀ုဖ်တို.ကဲ့သို. မိန်းမကဗျာဆရာမဖြစ်ရလျှင်ကောင်းပါမည်။

ထိုမှတပါး အခြားဆိုရန်မရှိပါ။ ။

ချစ်သောကဗျာ -၆ (ဘာသာဗေဒအားနည်းချက်နှင့် ကဗျာဆရာ)

အကြောင်းတစ်ခုကြောင့် ကြားဖြတ်ရေးပါသည်။ မရေးတော့ဟု ဆုံးဖြတ်ထားသော ကဗျာအကြောင်းကို ရေးရပြန်ပါသည်။ အမှန်အမှားထက် ကဗျာရေးမည့် လူငယ်လေးများကြိုက်ရာယူပါစေ။ သီအိုရီချပြခြင်းလည်းမဟုတ်ပါ။ လွတ်လပ်စွာကွဲလွဲခွင့်ကို ယုံကြည်စွာရေးနေပါသည်။ အယူအဆဟူသည် တူခဲပါသည်။ မတူသည်ကိုလည်း လက်ခံပါသည်။

သီးခြားအကြောင်းအရာဖြစ်၍ ခေါင်းစဉ်ခွဲတပ်ပါသည်။
++++++++++

စကားလုံးတိုင်းလည်း အနက်ထွက်သည်၊ ၀ါကျတိုင်းလည်း အနက်ထွက်သည်။ သို.သော်စကားလုံးမှထွက်သော အနက်သည် ဂယက်ထသည်။ ၀ါကျမှထွက်သော အနက်သည် ဂယက်မထ။ ဦးတည်ချက်ပါသည်။

ဥပမာပြပါမည်။

“သွား” ဟူသောစကားလုံးကို ကြည့်လျှင် ပါးစပ်တွင်းမှသွားကိုမြင်ချင်မြင်မည်။ လူတစ်ယောက် လမ်းသွားနေသည်ကို မြင်ချင်မြင်မည်။ “သူကျောင်းသွားသည်” ဟူသောဝါကျဝယ် သွားနေခြင်းကိုမြင်သည်။ အဓိပ္ပါယ်ဂယက်မထ။ စကားလုံးတစ်လုံးထဲကိုကြည့်၍ အဓိပ္ပါယ် မပေါ်ခြင်းသည် ဘာသာဗေဒ၏ အားနည်းချက်မဟုတ်၊ နဂိုရှိရင်းစွဲသဘာဝသာဖြစ်သည်။ ဘာသာဗေဒ၏ အားနည်းချက် ရှိသည်ကိုလည်း ဆက်ပါမည်။

+++++++++

ဘာသာစကားဝယ် သဒ္ဒါနက်နှင့် အဓိပ္ပါယ်နက်ထပ်ခွဲပါရစေ။ သဒ္ဒါနက်သည် သူ.ဘာသာရှိနေသော အနက်သာဖြစ်သည်။ အဓိပ္ပါယ်နက်သည် လူ၏ ရင်တွင်းမှာပေါ်သော အနက်ဖြစ်သည်။

သဒ္ဒါနက်သည် စကားလုံးအဖြစ်ရှိနိုင်သော်လည်း အဓိပ္ပါယ်နက်သည် ၀ါကျဖြစ်အောင် အထိသွားပါသည်။ “က” ဟုသောစကားကို မြင်လျှင် ရင်တွင်းဝယ် “ကခုန်ခြင်း/ကခုန်သည်” အထိမြင်ပါသည်။ “လူတစ်ယောက်” ဟူသောစကားကိုမြင်လျှင် အဓိပ္ပါယ်အနက်၌ “လူတစ်ယောက်ရှိခြင်း/လူတစ်ယောက်ဖြစ်ခြင်း” အထိဆက်မြင်ပါသည်။

အင်ပရက်ရှင် ပန်းချီစနစ်ဝယ် Mono Tone ခေါ်တတိယအရောင်ကို မချယ်ပဲခံစားသူ၏ မျက်လုံးအတွင်းဝယ် ရောယှက်ဖြစ်ပေါ်စေသောနည်းကိုသုံးသည့် ပန်းချီဆရာများရှိပါသည်။ အလျှင်အမြန် တဖျတ်ဖျတ်လက်နေသော အရောင်သဘောကို ဖမ်းယူဆုတ်ကိုင်မိရန်သုံးပါသည်။


ဥပမာအနီနှင့် အ၀ါရောလျှင်လိမ္မော်ရောင်ရပါသည်။ သို.သော် အနီရောင် အရာဝတ္တုပေါ်သို. အ၀ါရောင်နေထိုးသည်ကို ပြချင်သောအခါ လိမ္မော်ရောင်ထပ်မံမစပ်တော့ပဲ(ပန်းချီကားတွင် ထည့်သွင်းရေးဆွဲခြင်းမပြုတော့ပဲ) အနီနှင့် အ၀ါကို ဘေးချင်းယှဉ်ဆွဲလိုက်ပါသည်။ လိမ္မော်ရောင်သည် ကြည့်သူ၏ မျက်လုံးထဲဝယ်ပေါ်ပါသည်။ (ကိုယ်တိုင်စမ်းသပ်နိုင်ပါသည်)

ကဗျာတွင်လည်း စကားလုံးများဆက်စပ်လိုက်သော်အခါ သဒ္ဒါနက်အရ (သဒ္ဒါနည်းအရ) ပေါင်းစု ဆက်စပ်သော ပစ္စည်း၊သမ္ဗန္ဓ စသည်တို.မပါသော်လည်း အဓါပ္ပါယ်နက်အရ ရင်တွင်းဝယ် “တစုံတရာ” ထွက်လာပါသည်။ တခါတရံ ဆင်ခြင်ဥာဏ် ထက် အရင် အဓိပ္ပါယ်နက်က အရင်ပေါ်ပါသည်။ သို.သော်…….

++++++++

အချို.စကားလုံးများသည် နေရာကို လိုက်၍ အဓိပ္ပါယ် ကွာခြားမှုရှိသွားပြန်ပါသည်။ မင်းခိုက်စိုးစံ၏ ခေတ်သစ်တစ်ခု၏အစ၊အဓပ္ပါယ်များ၏အဆုံးကို ပြန်ညွှန်းပါမည်။ ဒီကွန်စထရပ်ရှင်း ကိုသူရှင်းထားပါသည်။ လိုအပ်သလောက် ပြောပါမည်။

သူ.ဥပမာကိုပဲယူပါမည်။ ဘကြီးတော်မင်း ဆိုသည်နှင့် ဝေဿန္တရာမင်းဆိုသည်ကို ကြားရပုံခြင်းမတူပါ ( မြန်မာနားတွင်မတူပါ) ဝေဿန္တရာမင်းသည် မြန်မာနှလုံးအိမ်ဝယ် နက်နက်ရှိုင်းရှိုင်းတွယ်ညိနေသောကြိုးဖြစ်ပါသည်။ ထိုကြိုးကို လှုပ်လျှင် နှလုံးအိမ်ကပို လှုပ်ပါမည်။ နိုင်ငံခြားသားတစ်ဦး၏ စိတ်ဝယ်မူ စိတ်တွင်း၌ပေါ်လာသော ခံစားချက် ကွာခြားမည်ဟုမထင်ပါ။

မောင်သာချိုကလည်း သင်္ဘောဆိုက်ကပ်လာပြီး ကိုလံဘတ်ဆင်းလာတယ် ဟူသောစာသားနေရာဝယ် ယောမင်းကြီးဦးဘိုးလှိုင်ဆင်းလာတယ်ဟု ရေး၍မရကြောင်း ပြောခဲ့ပါပြီ။ ဘာသာစကားကို ကိုင်တွယ်ရာဝယ် ဘယ်နိမိတ်ပုံကိုသုံးမည်နည်း။ ထို.ထက်ပိုသည်မှာရှိပါသေးသည်။ ၀ါကျ အတူတူမှာပင် အဓိပ္ပါယ်နက်မတူကြပါလေ။

++++++++++++

“ရှင်က မစားသင့်တာတွေစားတာကိုး ဟုသူမက ညှိုးငယ်စွာပြောလေသည်”


“ရှင်က မစားသင့်တာတွေစားတာကိုးဟု သူမ မဲ့ပြုံးပြုံးရင်းပြောလေသည်”


ဝါကျချင်းတူသော်လည်း မုချအနက် (တိုက်ရိုက်အနက်)သည် ပထမ၀ါကျ၌သာထွက်လေသည်။ ဒုတိယ၀ါကျ ရှိအနက်သည်မစားသင့်တာဟူသည် အစားအစာကိုဆိုလိုရင်းမဟုတ်ကြောင်း သိဆက်အနက်ဖြင့်သိရသည်။ အကယ်၍သာ နောက်ရှိသူမပြောပုံမပါလျှင် အနက်ကဖေါ်သောစကားကို လေသံနားထောင်မှသာလျှင်ရပေမည်။ ခပ်ငေါ့ငေါ့လေသံလား ၊ စိုးရိမ်သောလေသံလား။ ဘာသာစကား၌ လစ်ဟာမှုများများစွာရှိနိုင်ပါသည်။

++++++

ဂျွိုက်စ် ၏ ယူလီဆီး ၀တ္တုဝယ် ဘာသာစကားစမ်းသပ်ချက် များများစွာပါပါသည် (ဟုပြောပါသည် မဖတ်ဘူးပါ။ဝန်ခံပါသည်) သို.သော်စာလုံးပေါင်းအမှားများသည် တမင်တကာပေါင်းသည်ပဲလား၊ မှားသည်ပဲလားမသိပါနေသည်ဟုလည်းဆိုပါသည်။ သို.သော် ဂျွိုက်စ်သည် ဂျွိုက်စ်သာဖြစ်သည်။

ဝတ္တုရှည်တို.ကို ဂျွိုက်စ်က အဆုံးစီရင်ပြစ်သဖြင့် ယခု အစမှပြန်စရတော့မည်ဟု ဆိုသူကဆိုပါသည်။ ဂျွိုက်စ်သည် ဟန်ဆိုင်ရာ အမြင့်ဆုံးအားကိုရပြီးသူဖြစ်ပါသည်။ စု၊တု၊ပြု ကို မလွန်ဆန်နိုင်ကြသော်လည်း မစုပဲ တုနေလျှင်ခက်ပါသည်။ ပိုဆိုးသည်က မတုတတ်ခင်ပြုနေခြင်းပါ။ (စုတုပြုကို ဆရာဇော်ဇော်အောင် ကလည်း ပြောခဲ့ဘူးပါသည်)

+++++++

ကဗျာ ၀ယ်ဘာသာစကားစမ်းသပ်ချက်တို.ပါလျှင်လည်းပါပါစေ။ကန်.ကွက်ရန်မရှိပါ။ ကျန်လျှင်ကျန်မည်၊ကျလျှင်ကျမည်။ ခေတ်ကလက်ခံလျှင်ကျန်ပါမည်။ လက်မခံလျှင် သူ.ဘာသာပျောက်သွားပါမည်။ ဒါဒါဝါဒီတို.၏ အသံကဗျာ (အဓိပ္ပါယ်မပါ၊ အသံ၏အားသက်သက်ကိုယူထားသောကဗျာများ) အကြောင်းတာရာမင်းဝေပြောဘူးပါသည်။ မအောင်မြင်ခဲ့ဟုလည်း သူ အလေးအနက်ပြောထားပါသည်။

ကဗျာဝယ် ဘာသာစကားကို အားအင်ယူသောကဗျာတို.ရှိပါသည်။ ဘာသာစကားကို ဖျက်စီးရန်ထက် ပိုမိုထက်မြက်လာစေရန်ဖြစ်ပါသည်။ စာဖတ်သူမှ အင်အားစိုက်ပါဝင်လာစေရန်ဖြစ်ပါသည်။ ( Language poetry also seeks to involve the reader in the text, placing importance on reader participation in the construction of meaning.)

မည်သို.ပင်ဆိုစေကာမူ ကဗျာကို ကဗျာဓာတ်သွင်းပေးသော ကဗျာဇောစေတနာ ကတော့ပါပါသည်။ ဗဟိုချက်မဲ့ခြင်း၊ မတိကျမရေရာခြင်း၊ ဗဟိုချက်များစွာရှိခြင်း မည်သည့် အိုင်ဒီယာများကိုသုံးသုံး ကဗျာ၏ အသက်ဓာတ်၊ ကဗျာဇိဝိနြေ္ဒကို စောင့်ထိန်းထားကြကြောင်း တွေ.နိုင်ပါသည်။

အားထုတ်မှုကိုကျေးဇူးတင်ရပါသည်။

အကျယ်ပြောလျှင်ပြောသလောက်ထွက်သောအကြောင်းအရာကို အတိုပြောရသည်မှာ အဓိပ္ပါယ်ကောက်လွဲနိုင်ပါသည်။ ဆက်ဖတ်ရန်ညွှန်းပါမည်။ လွတ်လပ်စွာကွဲလွဲခွင့်ရှိကြောင်းလည်း အလေးအနက်ဆိုပါသည်။

၁။တက္ကသိုလ်ဘုန်းနိုင် ခပ်သိမ်းကဗျာရှုဖွယ်သာတည်း
၂။ တက္ကသိုလ်ဘုန်းနိုင် အမြင့်သို.အာရုံညွှန်.တက်ခြင်းသို.မဟုတ် ကဗျာ
၃။ တက္ကသိုလ်ဘုန်းနိုင် ၀တ္တုရှည်ဆိုသည်မှာ စာတမ်း
၎။ ဦးရွှေအောင် ရသစာပေ၏ရသ
၅။ မင်းခိုက်စိုးစံ ခေတ်သစ်တစ်ခု၏အစ၊အဓိပ္ပါယ်များ၏ အဆုံး
၆။မင်းခိုက်စိုးစံ ပို.စ်မော်ဒန်လူငယ်
၇။ဇော်ဇော်အောင် ဆည်းဆာဖြူ
၈။ဇော်ဇော်အောင် ပို.မော်ဒန်မှတ်စုများ
၉။ မောင်သာချို ပင်လယ်ဝသို. လှေကလေးနဲ.ထွက်ခဲ့


ဆက်ပါမည်။

ချစ်သောကဗျာ -၇

အနုပညာသည် မီဒီယာတစ်ခုခုကိုသုံးစွဲရလေ့ရှိသည်။ ထိုအထဲတွင် စာ/ကဗျာက ပို၍ထူးခြားသည်။ အခြားအနုပညာများသည် ပရိသတ်နှင့် တိုက်ရိုက် ထိတွေ.ရသည်။ ပန်းချီသည် အရောင်များ၊ပုံရိပ်များနှင့် မျက်စေ့ကိုတိုက်ရိုက်ဆုံပေးသည်။ ဂီတက အသံနှင့်နားကို တိုက်ရိုက်စီးဆင်းစေသည်။ (စာသားပါသောသီချင်းများကို ခေတ္တ ထားပါ) ကဗျာကမူ တိုက်ရိုက်ထိတွေ.၍မရ။ ကြားထဲဝယ် စကားလုံးများခြားနေသည်။ စကားလုံး (text) များဖြစ်သည်။ ဘာသာစကားဟုမပြောပါ။ ဘာသာစကားဝယ် စကားလုံးများချည်းမဟုတ်ပါ။ Communication Process အတွက် အထောက်အကူပြုသောအရာတိုင်းပါဝင်နေပါသည်။ Body Language, Sign Language တို.ကိုသတိရပေးပါ။

စကားလုံးဟူ သည်မှာ အသံထွက် သင်္ကေတများဖြစ်သည်။ ဥပမာ “လူ” ဟူသောစာလုံးသည် အကောက်ကလေးတစ်ခုနှင့် အချောင်းလေးနှစ်ချောင်း သာဖြစ်သည်။ ဤမှာ ပြဿနာက ၀င်လာသည်။

++++++

စကားလုံးများသည် အားလုံးကို ကိုယ်စားမပြုနိုင်။ ဒါကလည်းသေချာပါသည်။ အနီ ဟုပြောလျှင် ဘယ်၍ ဘယ်မျှနီသလဲ။ ကြက်သွေးရောင်အနီ၊ ကတ္တီပါနီ စသည်ဖြင့် ထပ်မံ၍ ညွန်းဆိုရပြန်သည်။ ကြက်သွေးမမြင်ဘူးလျှင် ညွန်းဆိုပွဲကြီး မဆုံးတော့ကြောင်း ထောက်ပြကြပါသည်။

ထို.ထက်ဆုံးသည်မှာ စိတ်ခံစားမှု အခြေအနေများ။ နဂိုကတည်းက ထိတွေ. ဆုတ်ကိုင်မရသော အရာများကို အမည်တပ်ထားခြင်းကို ထပ်မံ၍ ပီသအောင်ဖေါ်ထုတ်ရေးသည် အတော်ပင်ခက်ခဲသော အလုပ်ဖြစ်ပေမည်။

သို.သော် ဘာသာစကားသည်အရှင်ဖြစ်သည်။ရာစုနှစ်များစွာ အတွင်း တရွေ.ရွေ.ဖွံ.ဖြိုးလာခဲ့သည်။ သူ.လမ်းသူရှာဖွေလာခဲ့သည်။ ပြန်ကြည့်လျှင် စကားလုံးများပျောက်ပျက်သွားခြင်း၊ အဓိပ္ပါယ် အသစ်များထွက်လာခြင်း၊တိုးပွားလာခြင်းများဖြင့်ဝေဆာစည်ပင်နေပါသည်။ ထိုသို. ဝေဆာနေမှသာ ခေတ်နှင့်လျှော်ညီသော ၊ အသစ်အသစ်ဖြစ်သော အာရုံများကို ကိုယ်စားပြု စကားများကို ဖေါ်ထုတ်နိုင်ပေမည်။

စကားလုံးမရှိဟု ပြောခဲ့သော်……….

စကားလုံးမရှိဟု စတင်တီထွင်သူများထင်ခဲ့သော်…….

+++++++++

စကားလုံးများကို သိခြင်းဟူသည် သဒ္ဒါနှင့် အနက် နှစ်ခုလုံးကိုသိခြင်းဖြစ်သည်။ ပစ္စည်း တစ်ခုကို မြင်နေပါရက် နာမည်မခေါ်တပ်ခြင်းသည် အနက်ကို သာ သိ၍ သဒ္ဒါ မသိခြင်းဖြစ်သည်။ ပုရိသော ဟု ကြား၍ သဒ္ဒါကို သိသော်လည်း ဘာပြောမှန်းမသိခြင်းသည် အနက်ကို မသိခြင်းဖြစ်သည်။

သဒ္ဒါနှင့် အနက်သည် အမှန်စစ်စစ် သီးခြားတည်ရှိနေသောအရာမဟုတ်ပေ။ သဘာဝတရားတခုပေါ်တွင် မီနေခြင်းသာ။ ပါဠိသံပါပါပြောရလျှင် “နိရုတ္တိ” ဟု ခေါ်ပါသည်။နိရုတ္တိကို ငွေစက္ကူဖြင့် နှိုင်း၍ရပါသည်။ သဒ္ဒါနှင့် အနက်သည် ခေါင်းနှင့်ပန်းပမာသာဖြစ်သည်။ ခေါင်းဖြစ်စေ၊ ပန်းဖြစ်စေမပါသော ငွေစက္ကူသည်သုံးမရသကဲ့သို. သဒ္ဒါနှင့် အနက်မပါသော နိရုတ္တိသည် အစစ်မဟုတ်ပေ။

နိရုတ္တိ အဖြစ်သုံးမရသော သဘာဝတမျိုးသာဖြစ်ပါမည်။ အမှန်စစ်စစ် ဘာသာစကားကို သိခြင်းသည် နိရုတ္တိကို သိခြင်းပင်ဖြစ်ပါသည်။

သဒ္ဒါနှင့် အနက်မပါသော ၊သို.မဟုတ် တမျိုးမျိုးသာပါသော ဘာသာစကားသည် ဘာသာစကားမမည်ပါ။ အသုံးချ၍လည်းရမည်မထင်ပါ။

တကယ်တော့ ကဗျာသည် ဖတ်သူကဖတ်မှသာလျှင် ကဗျာ့တာဝန်ထမ်းပါသည်။ မဖတ်လျှင် စာလုံးဟုခေါ်သောကောက်ကောက်ကွေးကွေး၊အတွန်.အလိမ်များသာ ဖြစ်နေပါမည်။ စက္ကူတစ်ရွက်သာဖြစ်နေပါမည်။ ဆင်ခြင်တော်မူရန်ပါ။

ဆက်ရပါဦးမည်။