Monday, October 11, 2010

အနော်မာ ခရီးသည်

ညကမှောင်တာမဟုတ်ဘူး
လောက ကမှောင်နေတာ
မြစ်ရေပြင်က လဲ့လဲ့လေးလင်းနေတယ်
မြစ်ကလင်းတာတော့မဟုတ်ဘူးပေါ့လေ
ဟိုးအမြင့်တစ်နေရာက
လင်းလက်မှုတစ်ခုခုရဲ.ရောင်ပြန်ပေါ့။

တလက်လက်လင်းနေတဲ့ကြယ်လေးတွေဆီကလား
ညနက်နက်ဆီက ရောင်နီဦးသန်းတာလား
ရင်တွင်းကပဲလင်းနေတာလား
မသိမှုတစ်ခုခုဆိုပေမယ့်
အလင်းတော့ရှိနေတာ သေချာပါတယ်။

ခရီးသည်တစ်ယောက်လာနေတယ်အနော်မာ
ဟိုး……..တစ်ဖက်ကမ်းကိုကူးဖို.ပေါ့
သူမသိတာ တစ်ခုခုရှာဖို.ပေါ့။

တိတ်ဆိတ်ခြင်းက
မြစ်တစ်ဖက်မှာဖြာကျနေတယ်
နောက်ကျောမှာ ပူလောင်သောဆီမီးတွေ
ပူလောင်သော သံယောဇဉ်တွေ
ကျန်ခဲ့ပြီ။

ထွက်ခွာသူ ဟာပြန်လာမှာပါ
အမှန်တရားတစ်ခုကိုပိုက်လို. ပြန်လာမှာ
အေးချမ်းမှုတစ်ခုကိုမျှဝေမှာပါ
တစ်ယောက်ယောက်ထက်
လောကကိုချစ်တာက ပိုမြင့်မြတ်တယ်မဟုတ်လား။

သောကဆင်းရဲဟာ တို.ကိုယ်တွင်းမှာဖန်ဆင်းတာ
အလှအပဟာတို.ကိုယ်တွင်းမှာဖန်ဆင်းတာ
တပ်မက်ခြင်းဟာလည်း တို.ကိုယ်တွင်းမှာဖန်ဆင်းတာ
အမှန်တရားကတော့ တို.ဖန်ဆင်းတာမဟုတ်ဘူး
တို.ကိုယ်တွင်းမှာရှိနေတာ။

ကြေကွဲခြင်းရဲ့ အစဟာ
ပျော်ရွှင်ခြင်းများဖြစ်နေခဲ့မလား
ဆုံးရှုံးခဲ့ရတာဟာ
ရယူမိခဲ့လို.များဖြစ်နေမလား
အဆုံးတစ်ခုဟာ
အစတစ်ခုကြောင့်ဆိုရင်
အဘယ်သို.သော အစကြောင့်
တို.ဘ၀တွေ ကြေကွဲရတာလဲ
အဘယ်သို.သော အစကြောင့်
တို.ဘ၀တွေ ပျော်ရွှင်ရတာလဲ
မင်းသိရင်ဖြေပါအနော်မာ။

ဘယ်လိုတရားတွေကြောင့်
တို.တတွေ သေဆုံးနေရတာလဲ
ဘယ်လိုတရားတွေကြောင့်
တို.တတွေ နာကျင်နေရတာလဲ
ဘယ်လိုတရားတွေကြောင့်
တို.တတွေ အိုမင်းကြရတာလဲ
ကြေကွဲဖွယ်အဆုံးသတ်တွေအတွက်
ပျော်ရွှင်မှုတွေစတင်ခဲ့ရတယ်ဆိုရင်
ဒီဘ၀ဒီဇာတ်လမ်းကိုမ“စ”ချင်တော့ဘူး။

ပန်းပွင့်လေးရဲ့ လှပမှုမှာ
ပျက်သုဉ်းခြင်းခိုအောင်းနေတယ်
ညနက်နက်မှာ မဖြူနိုင်တော့တဲ့တိမ်တွေ
အရိပ်အရောင်တွေကြောင့် ဖြစ်နေတဲ့လောက
တိမ်တွေနဲ.ဘာများကွာခြားပါသလဲ
ပြိုကွဲရမယ် ၊လေနှင်ရာရွေ.ရမယ်
ရွာကျရမယ်၊စုဖွဲ.ရမယ်
ဘ၀ဟာဒီလိုပဲ ဖြစ်နေရမှာလား။

ဆုံးရှုံးမှုတွေအတွက် ငိုကြွေးရခြင်းများ
မျက်ရည်တွေ သမုဒ္ဒရာထက်များနေမလား
မကြုံချင်လို.ရောရခဲ့ကြပါသလား
မျက်ရည်သုတ်သောလက်ထက်
မျက်ရည်မကျစေသောစိတ်ကိုပေးနိုင်သောသူဖြစ်လိုတယ်။

ငါတို.ရဲ့ အရိုးအကြောတွေတိုင်းဟာ
စက္ကန်.နဲ.အမျှပြိုကျနေတယ်
ဒုက္ခကို တို.မရွေးချယ်ခဲ့ကြပါဘူး
ဒုက္ခက တို.ကိုရွေးချယ်ခဲ့တယ်
အလုံးစုံသောတရားတွေ
ချစ်ခြင်းမုန်းခြင်းတွေ၊ လှပအကျည်းတန်ခြင်းတွေ
အောင်မြင်မှုဆုံးရှုံးမှုတွေ
အားလုံးအားလုံးကို
ပြိုကျပျက်စီးမှုလှိုင်းတွေက တိုက်ချသွားမှာပါ။

ဒါတွေကိုသိရဲ့နဲ.
တည်ဆောက်နေကြတဲ့မာန်မာနတွေ
တစ်ခဏသာယာမှုအတွက် တစ်ဘ၀လုံးနာကျင်ရခြင်းတွေ
တို.ရွေးချယ်ခဲ့တာမှန်ပါရဲ့လား။

စစ်သည်ဗိုလ်ပါတွေနဲ.စစ်ခင်းလို.မနိုင်တဲ့မင်းတစ်ပါး
လျှို.၀ှက်စွာစောင့်စားနေတယ်
အဝေးဆီကမျောက်မင်းအူသံသဲ့သဲ့ကြားလား
တို.အချိန်သတ်မှတ်လို.မရတဲ့တိုက်ပွဲမှာ
ရှုံးမှာလည်းသေချာတယ်
တို.ရဲ့ ပျော်ရွှင်ခြင်းတွေကိုသူကျိတ်ပြုံးနေခဲ့တယ်။

တို.ကိုယ်တွင်းမှာစောင့်နေတဲ့တရားမင်းဟာ
ဘယ်အချိန်မှာတိုက်ခိုက်လာမှာလဲ
ငါတို.အားကောင်းလေ သူ.ရက်စက်မှုကပြင်းထန်လေပါ
တို.ကိုချည်ထားတဲ့သံယောဇဉ်တွေ
တို.မွေးမြူထားတဲ့ အတ္တစစ်သည်တွေအတွက်
သူကပိုပြီးတော့ တုံ.ပြန်တတ်တယ်။

“ရှင်သေမင်း
လူချင်းငယ်တဲ့မတူပါ”
ကြားလိုက်ပါစ
အဝေးဆီကညည်းညူသံတွေ
ခြောက်ခြားဖွယ် ငိုကြွေးသံတွေ
သွေးပျက်ဖွယ်ကာလအတွက်
ငါတို.ဘာသာ
အထပ်ထပ်စုထားခဲ့တဲ့နှောင်တွယ်ခြင်းတွေပါလား
ဒီမရဏတေးကိုထပ်မကြားချင်လည်းကြားနေရမှာပဲ။

တို.ကလည်းတို.ပါ
သေခြင်းကိုကြောက်တတ်တယ်
အချိန်မရွေးသေတတ်တာကိုမမြင်ကြဘူး
နာခြင်းကိုကြောက်တတ်တယ်
အမြဲနာကျင်နေရတဲ့ဘ၀ကိုမမြင်ကြဘူး
ခွဲခွာခြင်းကိုတားချင်တယ်
တားဆီးမရတာကိုမှလွန်ဆန်ချင်ကြတယ်
မိုးကြိုးကိုလက်ဖ၀ါးနဲ.ကာမိသလိုပါလား။

တို.လုပ်ရမှာက
သစ်သားတွေကိုမီးရှို.ဖို.မဟုတ်ပါဘူး
အိမ်ဆောက်တဲ့လက်သမားဆရာကို ရှာဖွေဖို.ပါ
ပျိုးပင်တွေကိုမြေလှန်ဖို.မလိုပါဘူး
စိုက်ပျိုးသူလယ်သမားကိုရှာဖို.ပါ
ဒီအိမ်ဒီလယ်ကိုမတွယ်တာမှပဲ
ဒီနေရာကငိုကြွေးခြင်းကိုလွန်နိုင်လိမ့်မယ်။

ကြောက်ရွံ.မှုတွေအဆုံးမှာ
ကြောက်ရွံ.ဖွယ်မရှိသောတစ်နေရာရှိရမယ်
ငိုကြွေးမှုတွေ နောက်မှာ
ငိုကြွေးခြင်းမှ လွန်မြောက်ရာရှိရမယ်
တုန်လှုပ်မှုတွေ အပြီးမှာ
တုန်လှုပ်ခြင်း ကင်းသောအရာကိုတွေ.ရမယ်
လူတစ်ယောက်
အရောက်လာနေပါပြီ အနော်မာ။

လေးနက်သော ညဟာလေးနက်သောအတွေးကိုပေးတယ်
အေးမြသောလေညှင်းဟာအေးမြသောစိတ်ကိုပေးတယ်
ခဏဆိုပေမယ့် တစ်ဘ၀ခြေလှမ်းတွေအတွက်အားဆေးဖြစ်တယ်
တွေ.ရှိမှုဟာရှာဖွေမှုရှိမှသာရောက်လာမယ်
ခလုပ်တိုက်မိတာဟာကျောက်တုံးပဲ
ပတ္တမြားကတော့ နက်ရှိုင်းစွာတူးဖေါ်မှရမယ်။

ကိုယ်တိုင်မျက်ရည်သိမ်းဖို.တင်မကဘူး
သူများမျက်ရည်သိမ်းဖယ်ပေးနိုင်သောကိုယ်ဖြစ်လိုတယ်
ကယ်တင်ခြင်းစစ်စစ်ဟာ နှစ်သိမ့်မှုတင်မကဘူး
ဟိုး အရင်းအမြစ်ကစပြီး အေးချမ်းစေနိုင်သူဖြစ်လိုတယ်။

ပူလောင်မှုများမှခွဲခွာ
ငြိမ်းအေးမှုများ၏ အစကိုရှာဖွေဖို.ရာ
လူတစ်ယောက် လာနေပြီအနော်မာ
ဟိုး……တစ်ဖက်ကမ်းကိုကူးတော့မယ်
အလင်းရှိရာ………………….
…………………………………………..
…………………………………………………….
………………………………………………………………..

(၂၄.၉.၂၀၁၀တွင်ကွယ်လွန်သွားသော အစ်မ ဒေါ်ချိုချိုသိန်းအားရည်စူးရေးဖွဲ.ပါသည်။)

Friday, September 24, 2010

အမေ့ခံ သူရဲကောင်း-၃

ထိခိုက်ကြေကွဲမှုတွေနဲ.ပြည့်နေတဲ့နှလုံးသားကို
အသေပိတ်ထားလိုက်ပြီ။

လူနေအိမ်မဟုတ်လို.
သန်းခေါင်စာရင်းလည်း မကောက်လာပါနဲ.
ပြတိုက်မဟုတ်လို.
လေ့လာရေးလည်း မလာကြပါနဲ.
ပန်းခြံမဟုတ်လို.
ပျော်ပွဲစားလည်း မထွက်လာကြပါနဲ.။

ပိရမစ်တစ်ခုပါ
ခိုင်ခံ့တယ်၊ လျို.၀ှက်တယ်၊ဣနြေ္ဒရတယ်
ဒါပေမယ့် တကယ်တော့
ဂူသင်္ချိုင်းတစ်ခုပါပဲ။

ပိရမစ်အောက်ခြေ အနက်ရှိုင်းဆုံးနေရာမှာ
မျက်နှာဖုံးစွပ်သူရဲကောင်းတစ်ယောက်
သုံးမြဲဓားကို ဘေးမှာချ
ငြိမ်သက်စွာ လဲလျောင်းနေတယ်
နှလုံးသားတည့်တည့်မှာ ဒဏ်ရာတစ်ခုနဲ.။ ။

မီးပြတိုက်

ငါဟာ မီးပြတိုက်ပါပဲ
ဒီမှာ ကြမ်းတမ်းတဲ့ ကျောက်ဆောင်ရှိတယ်
ငါရှိရာ မလာနဲ.။

ငါဟာ မီးပြတိုက်ပါပဲ
ငါ့ကိုဝင်တိုက်လို. ငါနာကျင်ရမှာထက်
ငါ့ကိုဝင်တိုက်လို. နင်နာကျင်ရမှာ
သွားပါ။

ငါဟာ မီးပြတိုက်ပါပဲ
နေ.မှာငါ့ကို မေ့ကြတယ်
ညမှာငါ့ကို သတိရတာလည်း
ငါ့ကို ဝေးဝေးရှောင်ဖို.ပါ။

ငါဟာ မီးပြတိုက်ပါပဲ
ရေတစ်ဝက်ကုန်းတစ်ဝက် ကမ်းပေါ်က
အထီးကျန် တစ္ဆေ။ ။

ဇာတ်သိမ်းခန်း

အလွမ်းနဲ.
အိပ်ယာက မထချင်တော့ဘူး။

ငါခွင့်လွှတ်တာ မမှန်ခဲ့သလို
မင်းစွန်.ပစ်တာ မမှားခဲ့ဘူးလား
ကောင်းကင်ကို မေးတဲ့မေးခွန်း
မြေကြီးက မဖြေသင့်ဘူး။

မင်းဝင်လာဖို.
တံခါးဖွင့်ပေးတဲ့လက်ကပဲ
မင်းထွက်သွားမယ့် တံခါးကို
ဖွင့်ပေးခဲ့တာပါ
ဘယ်ဘ၀က ၀ဍ္ဍ်ကြွေးမှန်း မသိပေမယ့်
ဟောသည်ဘ၀မှာ
ဆပ်လိုက်ရတာတော့ သေချာတယ်။

တချို.က
တစ်ဘ၀လုံးစိုက်ပျိုးရတယ်
တချို.က
ခဏလေးနဲ. ရိတ်သိမ်းသွားတယ်
သည်လောက
စိတ်ကိုနာတယ်။ ။

Thursday, September 23, 2010

ပိရမစ်

ဖာရိုဘုရင်တစ်ပါးကျဆုံးသလို
နန်းတော်တစ်ခုလုံးက ဂူသင်္ချိုင်းဖြစ်သွားတာ။

နင့်ကိုတော့ချစ်ခဲ့ဘူးလို. ခွင့်လွှတ်ပေမယ့်
နင့်ကောင်ကိုတော့ မျက်နှာတံတွေးနဲ.ထွေးချင်နေတာ
သုံးနှစ်ကြာပြီ။

ငါရှုံးခဲ့တာနဲ့စာရင် နည်းသေးတယ်
ဘုရင်တွေနဲ.သမိုင်းမှာ
အယုံကြည်ရဆုံးသူတွေကပဲ သစ္စာဖောက်ကြတာ
သစ္စာဖောက်တွေကပဲ မျက်နှာပြောင်တိုက်ကြတာ။

နောက်ကျောကို ဓားနဲ.ထိုးတာမဟုတ်ဘူး
ငါကြိုက်တဲ့စားစရာထဲမှာ
တမျှင်းမျှင်းသတ်မယ့် အဆိပ်ခတ်လိုက်တာဆိုတော့
နင်တို.နှစ်ယောက်လုံးကို
ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မုန်းတယ် ။

ဒီပိရမစ်ထဲက မမ်မီက
ဆေးစီရင်ပြီး မပုပ် မသိုးတာမဟုတ်ဘူး
အမုန်းဓာတ်နဲ. ခဲထားတာ
အမုန်းဓာတ်နဲ. …………

သမားတော်

ရည်းစားများတာ မဟုတ်ဘူး
ကုစားပေးမယ့် သမားတော်ရှာနေတာ ysmiley
လက်စားချေတာလေး နည်းနည်းပါမှာပေါ့။

သမားတွေညံ့တာမဟုတ်ဘူး
အနာနဲ.ဆေးမတည့်တာ
စိတ်ကိုထိတဲ့ဒဏ်ရာ ဆိုတော့
စိတ်ပါမှလည်း ပျောက်မှာနော်။

အဆိပ်ဖေါ်သူမှာပဲ အဆိပ်ပြယ်ဆေးရှိမှာ
သူကုမှပျောက်မယ် ဆိုရင်
ငါအသေပဲခံလိုက်တော့မယ်
အဲဒီလောက်ထိ စိတ်ထဲမှာနာနေတာ။

ကဲ….လာချင်တဲ့သမားတော်လေး
မိုးကြိုးကိုမကြောက်ပဲ မိုးကိုကာတဲ့ ထီးလေးလို
ဆူးကိုမကြောက်ပဲ ပန်းကိုစိုက်တဲ့ဥယျာဉ်မှူးလို
ငါ့အနားမှာနေပေး
(ပုံပြင်ထဲကလို)
စုန်းမကျိန်စာသင့်တဲ့ ဖားရုပ်ဆိုးလေး
မင်းသမီးနမ်းရင် မင်းသားလေးဖြစ်သွားမယ်။ ။

အချစ်အတွက် လျောက်လဲချက်

အချစ်က ဘ၀တစ်ခုလုံးမဟုတ်ပါဘူးလို.
သူပြောခဲ့တာ
ဘယ်သူကငြင်းနေလို.လဲ။

ရှင်ကအချစ်ကိုပဲ စဉ်းစားနေတော့မှာလား
ဒီမေးခွန်းက အဖြေမရှိပါဘူးကွယ်။

သစ်ပင်လေးက
“ရေ၊လေ၊မြေ၊နေ” ရှိရင် ရှင်သန်နိုင်တယ်
နွယ်ပင်လေးကတော့
မှီတွယ်စရာလေးပါ ရှိမှ ဖြစ်မှာပါ။

သစ်ပင်ကြီးကို
လက်သည်းနဲ.ဆိပ်ရင်ဘာမှ မဖြစ်ဘူး
ပျိုးပင်ပေါက်လေးကျတော့
လက်သည်းလေးတစ်ချက်က ဘ၀ပျက်နိုင်လို.
လက်သည်းနီရောင်နှုတ်ခမ်းလေးကို
အသည်းအသန်တောင်းပန်နေတာ။ ။

ကျွန်း

ပင်လယ်ဆိုတာ
ပက်လက်ကြီးဖြစ်နေတဲ့ကောင်းကင်ပါ
တကိုယ်စာ ရင်ခုန်သံလေးနဲ.
ငါ့ကိုယ်ငါ “ကျွန်း” တည်မယ်။

သစ်ပင်လေးတစ်ပင်စိုက်ရဦးမယ်
ပြီးမှ
ငါ့နံရိုးနှစ်ချောင်းကို ထုတ်ယူ
တစ်ချောင်းကို ဘုရားသခင်ထံအပ်
ကျန်တစ်ချောင်းမှာ
“ဧဒင်ဥယျာဉ်” လို. ကမ္ဗည်းတပ်မယ်။ ။

လူပျိုကြီး-၂

လူပျိုကြီးပါ
လူပိုကြီးမဟုတ်ပါဘူး
မင်းနှလုံးသားရဲ့ လစ်လပ်နေရာ
ငါ့လျောက်လွှာလေး တင်ချင်လို.ပါ။

မင်းရဲ့လှောင်ပြောင်တဲ့အင်တာဗျူးတွေ
ဝမ်းနည်းစွာ ငါဖြေပါတယ်
“ဘာလို.နဖူးပြောင်နေတာလဲ”
မင်းအကြောင်းနှလုံးသားမှာရေးထားတာ
နေရာမဆန်.မှာစိုးလို.
ငါသေရင်ဆက်ရေးဖို.နေရာပါ
“ဆံပင်ပေါက်ချင်တာလား
ရည်းစားလိုချင်တာလား”
မင်းကိုရည်းစားအဖြစ်တွဲသွားတဲ့အခါ
မင်းရှက်မှာစိုးလို.ဆံပင်ပေါက်ချင်တာ

မင်းပြုံးဖို.ဖြေရတဲ့အဖြေတွေမှာ
အမှန်တရား တ၀က်ပါပါတယ်
အရှက်တရားတစ်ဝက်ပါ ပါတယ်
ငါဟာလှောင်စရာဖြစ်နေချိန်မှာ
ငါ့မေတ္တာကိုပါ လှောင်စရာဖြစ်လာတော့
ဝမ်းနည်းစွာငါပြန်ရတော့မှာ။

ငါပြင်မရတဲ့ သဘာဝတရား
ငါ့အားနည်းချက်ပဲလား
ရုပ်ရှင်ထဲတွေထဲမှာ
လူဝကြီးတွေကရယ်စရာလား
လူပုလေးတွေက ရယ်စရာလား
ခံစားချက်နှုန်းစံတွေ လွဲမှားလွန်းနေတဲ့ကမ္ဘာ။

ဘာပဲပြောပြောလေ
မေတ္တာတရားဟာ
နဖူးနဲ.မဆိုင်တာ မင်းနားလည်လာတဲ့နေ.
အချစ်ဆိုတာ
အသက်နဲ.မဆိုင်တာမင်းနားလည်လာတဲ့နေ.
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ

တားမြစ်နယ်မြေ

မင်းခန္ဓာကိုယ်မှာ
တားမြစ်ဧရိယာတွေ ရှိသလို
ငါ့နှလုံးသားမှာလည်း တားမြစ်နယ်မြေတစ်ခုရှိတယ်
တစ်ယောက်နဲ.တစ်ယောက်
စည်းမဖောက်ကြေးလေ ysmiley ။

စိတ်လည်းဆိုးမနေနဲ.
မင်းပါးပြင်ပေါ်က ၀က်ခြံလေးကို
မိတ်ကပ်နဲ.တို.ပြီးဖျက်သလိုမျိုး
ကိုယ့်ရဲ့ ရုပ်ဆိုးတဲ့အပိုင်းကို
ကိုယ့်ချစ်သူကို မမြင်စေချင်လို.ပါကွယ်။

နာကျည်းဖွယ် ငါ့အတိတ်ကို
ထာဝရမြုပ်နှံထားတဲ့ ဂူသင်္ချိုင်း တစ်ခုဖြစ်သလို
ရည်းစားဟောင်းရဲ့ အမှတ်တရများထားရှိသော
“အမုန်းပြတိုက်” တစ်ခုလည်းဖြစ်တယ်။

တံခါးဖွင့်လိုက်ရင် ထွက်လာမယ့် အမုန်းငွေ.က
နှလုံးသားတစ်ခုလုံး ခြောက်သွေ.သွားနိုင်လို.
ကမ္ဘာအဆုံး ငါပိတ်ထားလိုက်တာ
မ၀င်ချင်ပါနဲ.ချစ်သူ။ ။

ဝဋ်

ငါလေချစ်၍
ဖြစ်မိသောဝန်
ငါ့အလွန်တည်း။

မှားသူဖြစ်၏
နစ်မိသောဝန်
ကိုယ့်အကျွံ၌………

ရှိုက်သံတိုးတိုး
ကိုယ်လန်.နိုးစဉ်
အဆိုးဖြစ်ခဲ့
အပြစ်မဲ့ပန်း ကြွေပြီကိုး။

မနမ်းပဲခြွေ
နွမ်းကြေခြောက်လို.
ပန်းကြွေကောက်သူ မှားချေပြီလား။

အလွမ်းလဲမပြေ
လမ်းတွေပျောက်လို.
စမ်းရေနှောက်သူ သွားလေပြီတကား။

ငါ့ကိုခွင့်လွှတ်
ရင်ခွင်ညွှတ်အောင်
လွမ်းဆွတ်ရသူ ဖြစ်ပါ၏။

မှားသူဖြစ်၏
ချစ်မိသောဝန်
ငါ့အလွန်သာ ရှိပါစေ။ ။

(၁၀.၁၁.၁၉၉၇ အဲဒီတုန်းကစိတ်ကူးယဉ်တာ။အခုတိုက်ဆိုင်နေတယ်)

လမ်းအဆုံးက ထိုနေရာ

လမ်းအဆုံးမှာ
ဘာရှိမလဲ…..

လမ်းအဆုံးမှာ
သာယာရွှေပြည်
ရှိမည်လေလား။

လမ်းအဆုံးတွင်
တစပြင်ကို
မြင်ရမှာလား။

လမ်းအဆုံးမှာ၊ဘာရှိမှာလဲ
ငါလည်းမသိ၊အခုထိအောင်
အမှောင်ရိပ်လွှမ်း၊ ခရီးလမ်း၌
စမ်းတ၀ါးငါ တစ်ယောက်တည်း။ ။

(၈.၉.၁၉၉၅ အခုထိကြိုက်တယ်။ဘာလို.လဲမသိဘူး)

ရည်းစားစာ-၂

ဍရင်ကောက်ပင်လေးကနေ
ထိကရုန်းလေးလို ညှိုးသွားမှာစိုးလို.
မျက်လုံးတွေကပဲ ကြေညာရဲ့တဲ့
ရွာရန်ရာနှုန်းတစ်ရာရှိတဲ့ “အချစ်လေ၀သ” သတင်း
မင်းအချိန်ရရင် နားထောင်ပါ။

မင်းနှာသီးဖျားလေးကချွေးဥလေး
ဖွဖွလေးဖယ်ရှားပေးခွင့် အတွက်
ဘုရားမှာပဲဆုတောင်းရတော့မှာလား
မင်းကဘယ်လိုကြားမှာလဲ
ငါကဘယ်လိုပြောမှာလဲ
ပေါတောတောမြန်မာရုပ်ရှင်တွေထဲကလို
လော်စပီကာနဲ.အော်ရမှာလား။

ရည်းစားစာပေးတဲ့ခေတ် ကုန်ပီဆို
ခုနောက်ဆုံးပေါ်
မျက်လုံးလေးနဲ.ရေးတဲ့ ရည်းစားစာ
မျက်လုံးလေးနဲ.ပဲဖတ်ကြည့်ပါ
ဒါပေမယ့်
နှုတ်ခမ်းလေးနဲ. စာပြန်ပါ။ ။

Wednesday, September 22, 2010

လူပျိုကြီး-၃

အမေကတော့ မှာတယ်
“သား….ယောက်ျားလေး ဆိုတာ
ကြာလေ ဈေးတက်လေပဲ” တဲ့။

အတင်းမပြောချင်လို.
မိန်းကလေးဆိုတာ
ကြာလေဈေးကျလေလို. မပြောတော့ဘူး
သူတို.က
ကြာလေနွမ်းလေ ပန်းလေးတွေကိုး
တို.ကတော့
ထုလေမာလေ ငါးဖယ်မျိုးကိုး။ ysmiley

မိန်းမ တစ်ယောက်ရဲ့တာဝန်က
မြန်နိုင်သမျှ မြန်အောင်ယောက်ျားယူဖို.
ယောက်ျားတစ်ယောက်ရဲ့တာဝန်က
ကြာနိုင်သမျှကြာအောင် မိန်းမမယူပဲနေဖို.။

ကိုယ့်တာဝန်ကိုယ် ကြေပွန်အောင်ထမ်းနေတာ
ကျဆုံးလေသော ယောက်ျားတွေက
ငါ့ကိုမနာလိုဖြစ်ကြပြီး
တာဝန်ယူစိတ် မရှိသော ယောက်ျားတွေက
ငါ့ကိုလူညံ့ကြီးလို.ပြောကြတယ်။

အမှန်စင်စစ်တော့
အပျိုလေးတွေအတွက်တော့ ငါဟာ
လက်တည့်စမ်းချင်စရာ ပစ်ကွင်းတစ်ခုဖြစ်ပြီး
အပျိုကြီးတွေအတွက်တော့ ငါဟာ
ရေနစ်သူအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်နေတယ်။

ဘာပဲပြောပြော
ဒီတိုက်ပွဲက ဆက်နွှဲနေရမှာပဲ
ရဲဘော်တို.
ငါ့နောက်မှာ တန်းစီကြ။ ။
(ဒီကဗျာရေးရတာ အရသာရှိလိုက်တာ။ ဟိဟိ)

အမုန်းတရား

ဆိုးဝါးလွန်းတဲ့အမုန်းကြောင့်
ငါရှုံးနေရတာသိတယ်
တစ်သံသရာလုံးရှုံးချင်တယ်
တစ်သံသရာလုံး မုန်းချင်လို. …….
(အမုန်း-၂ ကဗျာမှ)
(၁)
အမုန်းနဲ.အရှုံးဆိုရင်
အမုန်းကိုပဲ ရွေးပါတယ်
မုန်းရတာက ရှုံးရတာစာရင် တော်ပါသေးတယ်။

အမုန်းဟာ တက်ကြွသော ဒေါသဖြစ်ပြီး
အရှုံးဟာ နုံချာသော ဒေါသဖြစ်တယ်
မင်းဆိုရင်ဘာရွေးမလဲ။

(၂)
တစ်ယောက်ကမေးတယ်
ဘ၀မှာ အမုန်းတွေနဲ. ထွေးလုံးရစ်ပတ်
ပျော်နိုင်သေးရဲ့လားတဲ့
သူမရှိတဲ့နောက်
အခွံပဲ ကျန်တဲ့ဘဝ
အမုန်းလေးနဲ.တော့ ဖြည့်ထားပါရစေ။

အလွမ်းနဲ. သတိရနေရင်
နာကျင်နေရတယ်
အမုန်းနဲ. သတိရနေတော့
ထုံဆေးထိုးထားသလိုပေါ့
ကိုယ့်ကိုကိုယ် လှည့်စားလို.ရတာပေါ့။

ကံကြမ္မာက အမုန်းကိုပဲပေးတော့
အမုန်းကိုပဲ ယူထားရတာပေါ့လေ
တွေးလိုက်ရင်တောင်
သွားကြားထဲက ခါးလာတဲ့အထိ မုန်းတာ။

(၃)
လူတစ်ယောက်ကို မုန်းရတာ
အရိုးမပါတဲ့ အသွားထက်ဓားကိုကိုင်ထားရသလိုပါပဲ
သူ.ကိုမခုတ်ရခင် ကိုယ့်လက်မှာသွေးစက်လက်နဲ.
လွှတ်လည်းမချချင်ဘူး
မခုတ်ရရင် သွေးက မငြိမ်းနိုင်ဘူးလေ။

အချစ်ကြီးလို. အမျက်သည်းခဲ့တာ
အချစ်နဲ. အမုန်းဟာ ရေခဲ နဲ. ရေနွေးလိုပဲ
ဒြပ်သဘောတစ်ခုထဲမှာပဲ
ဆန်.ကျင်ဘက်ဖြစ်နေခဲ့တယ်။

သတိရနေဖို. တစ်ခုတည်းသောနည်းက
မုန်းနေဖို.ပဲဆိုတော့
ငါ့မှာရွေးချယ်ခွင့် မဲ့ခဲ့ပါပြီ
အမုန်းဟာ ဆေးခါးကြီးလိုပါပဲ
ရောဂါပျောက်ဖို.အတွက် မျက်စိမှိတ်သောက်ရဦးမှာ။

(၄)
လက်တုံ.မပြန်နိုင်လို.မဟုတ်ဘူး
တုံ.ပြန်နိုင်စွမ်းရှိရဲ့နဲ. လက်လျော့ပေးခဲ့တာဆိုတော့
ဒီအမုန်းကိုဖြင့် ခွင့်ပြုကြပါလေ
တစ်ယောက်ယောက်ကိုမမုန်းရရင်ဖြင့်
ကိုယ့်ကိုကိုယ် မုန်းမိမှာစိုးလို.ပါ။

တစ်ယောက်ယောက်ကို မုန်းတာထက်
ကိုယ့်ကိုကိုယ် မုန်းတာပိုဆိုးတယ်
ကိုယ့်ကိုကိုယ် မုန်းတာထက်
တစ်လောကလုံးကို မုန်းတာပိုဆိုးတယ်
ဒီတစ်ယောက် နဲ.နောက်တစ်ယောက်
အဲဒီနှစ်ယောက်ကိုပဲ တစ်သက်လုံးမုန်းခွင့်ရရင်
ကျန်တဲ့လူကို ငါပြုံးပြပါ့မယ်။

ငါပြောပါတယ်
တစ်သံသရာလုံးရှုံးချင်တယ်
တစ်သံသရာလုံး မုန်းချင်လို.။ ။

အပျိုကြီး-၎

သင်္ကြန်မှာ ဆိုရင်
အပျိုကြီးအနားကကောင်မလေးတွေ သွားမပက်နဲ.
ငါ့မပက်နဲ.နော် ငါ့မပက်နဲ.နော် ဆိုပြီး
သူကချည်းရှေ.ရောက်ရောက်လာတာ
မနည်းပြေးရတယ်။

မ၀ယ်ပါဘူးဆိုမှ
ချိန်လိုက်မယ်ပြောတာသူတို.အကျင့်
မစားပါဘူးဆိုမှ
တစ်လုပ်ဖြစ်ဖြစ်ပါ ဆိုတာသူတို.စရိုက်
ညီလေးတို.ရေ
မစားရင် ဇွတ်ခွင့်ကျွေးတော့မှာ။

ခွေးလေးကြောင်လေးတွေလည်း တကယ်ချစ်တာမဟုတ်ဘူး
သူတို.ဒီလိုဂရုစိုက်တတ်တယ်လို.
ယောကျားတွေကိုပြနေတာ
သူတို.က မာယာလေးဆယ်ကို နှစ်နဲ.မြှောက်ထားတာ
အပြစ်တော့ မပြောကျပါနဲ.
တစ်ခုကျရင် တစ်ခုမဲတင်းရမယ်လေ
သူတို.မှာက အလှလည်းကျ ဘ၀လည်းကျ
ဈေးမှမရတော့ မာယာပဲသုံးရမှာကိုး။

တူမတွေက တိတ်တိတ် နာမည်ပေးကြတယ်
“ကျဆုံးလေသော ခေါင်းဆောင် ” တဲ့
တို.ကတော့ဒီလိုမထင်ဘူး
မှီရာရထား မှီရာကားကို ဖမ်းတားနေတာမဟုတ်ဘူး
ယောကျားတွေကို ချွေးတပ်ဆွဲနေတာ။ ysmiley

ကဲ
ညီလေးတို.
ငါ့နောက်မှာတန်းစီ
နောက်ကျတဲ့ခြေထောက် သစ္စာဖောက်
လွတ်အောင်သာပြေးကြတော့။ ။

အပျိုကြီး-၅

မုန်းလို.ပြောနေတာမဟုတ်ဘူးပြောရင်
ချစ်လို.ပြောနေတာလားလို.
ဝမ်းသာအားရမေးလိမ့်မယ်
မပြောလို.လည်းမဖြစ်
သင်္ကြန်မဟုတ်ပဲလမ်းဘေးမှာ“က”နေရင်
ခေါင်းကိုဒေါက်ကနဲခေါက်
“မလုပ်နဲ.” လို.ပြောရတယ်
တော်ကြာ နတ်ကတော်ဖြစ်နေလိမ့်မယ်မမရေ။

ဘယ်မှာ “က”လို.လဲလို.မပြောနဲ.နော်
အများအမြင်မှာကိုးရိုးကားယားလုပ်ရင်
“က”တာထက်ဆိုးသေး
ဘာမှမတော်တဲ့လူတစ်ယောက်မို.
ခုမျက်စောင်းကိုလည်း ခဏဖယ်ပေး။

စပ်ပြီးသား ငရုတ်သီးကို ပိုမစပ်စေချင်ပါနဲ.တော့
လျော့ပေးပြီးသားဈေးကို ထပ်မဆစ်ပါနဲ.တော့
လောကကြီးမှာ အလိုက်သင့်လေးနေလိုက်စမ်းပါ
ကမ္ဘာကို အလိုမကျတာတွေနဲ. ပိုမလေးပါစေနဲ.တော့လေ။

ဘယ်သူကြောင့် ဘယ်ဝါကြောင့်
သူများကို အပြစ်တင်တာလေး နဲနဲလျော့
ငါ့ကြောင့်ပါပဲလို. မတွေးနိုင်သေးရင်
ငါ့အကြောင်းနဲ.ငါပဲလို.တွေး
လောကက ယောကျားတွေမရှိလည်း နေပျော်ပါတယ်ဗျာ။ ။ ysmiley
(စိတ်ဆိုးရဘူးနော်၊ ချစ်လို.စတာ)

အပျိုကြီး-၆

ဘုရားသခင်က လူပျိုကြီးတွေပဲရှိစေချင်လို.
အာဒန်ကို ဖန်ဆင်းတာ
ခက်ပုံက အပျိုကြီး ဧဝ
သူ.ကိုဖန်ဆင်းလိုက်မှ ဇာတ်ရှုပ်က စ တာ။

ကမ္ဘာဦးကတည်းက
ယောက်ျားတွေကို ဒုက္ခပေးလို.မ၀ဘူးလား
နည်းနည်းလေးဘေးဖယ်ပေးကြပါ
နည်းနည်းလေးဘေးဖယ်ပေးကြပါ။

အိမ်ထောင်သည်တွေကိုမေးကြည့်
အမေးတူလည်းအဖြေမတူဘူး
လူပျိုကြီးတွေ ဘာကြောင့် မိန်းမ မရသလဲဆိုရင်
“ကံကောင်းလို.”
အပျိုကြီးတွေ ဘာကြောင့် ယောက်ျားမရသလဲ
“ကံဆိုးလို.” ။ ။

အို……သစ္စာ

ခပ်ဝေးဝေးက ခွာကြည့်မိတယ်
သြော်….ဒါကလည်း
ကာလတစ်ခုရင် ရှိမှ
သတိတစ်ခုရင်ထားမှ။

မျက်ဝန်းကို တင်းတင်းမှိတ်ပြီး
အိပ်မက်ဆီလှမ်းလိုက်တယ်
တကယ့်တကယ်မှာ
ငါ ဘာမြင်ချင်တာလဲ
ငါလည်း မသိဘူးကွယ်။

မှုန်ဝါးတဲ့ ရှုခင်းလား
ပြတ်သားတဲ့ ရှုခင်းလား
ဘာကိုများ
ငါမျှော်လင့်ထားရမှာလဲ။

မှုန်ပြာပြာနဲ.
ညင်သာငွေ.ဝေေ၀ဟာ
သိပ်လှမှာပါ
ဒါပေမယ့်ကွယ်
ငါတကယ်လိုချင်တာ အလှလား။

လင်းရှတဲ့ ရှုခင်းဟာ
ထင်လင်းလင်း မြင်ရမယ်
ကွယ်……..
ရှင်းရှင်းအမြင်ဟာ
ဘာကိုများ ထူးခြားစေသလဲ။

မသိဘူးကွယ်
ကြည့်မိ…….ကြည့်မိကြည့်မိတယ်
ဘယ်လိုပဲဖြစ်ဖြစ်
အသစ်တစ်ဖန်
ပြန်ရှင်သန်ဖို. ဆိုတာက
မျှော်လင့်လို. မရတော့ပါဘူး။

တကယ်တော့ကွယ်
အမြင်ဆိုတာက
ဘာမှ မသေချာခြင်းပါ
အလင်းအမှောင်
အရောင်အရိပ်
တိတ်တဆိတ် လှည့်စားခြင်းပါပဲ။

ငါတို.ရဲ. သဘာဝမှာ
ဖြာကျတဲ့အလင်းက
အစစ မြင်စေတယ် လို.
လွယ်လွယ်တွေးခဲ့ကြတာပါ။

အလင်းရောင် အဖြာမှာ
နိမ့်ဆင်းလာတဲ့အမှောင်
အရောင်ကို အနားသတ်ပေးတဲ့ အရိပ်
တိတ်ဆိတ်စွာ နှိမ်ချရင်းနဲ.
အလင်းကို ဖြည့်ဆည်းပေးကြတာပါ။

မှောင်လွန်းမှ မမြင်ရတာ မဟုတ်ပါဘူး
စူးရှတဲ့ အလင်းကလည်း
မြင်ကွင်းကို ကွယ်စေပါတယ်။

တို.ဘ၀ရဲ့ မျှော်လင့်ခြင်း
အလင်းရိုက်ချက်တွေကိုသာ
ဘ၀မှာ နေရာပေးရင်း
မှားယွင်းခဲ့တာ သိပါရဲ့လား။

အရှိတရားကို
အသိများနဲ.
သတိထားရင်း
မှားယွင်းတဲ့ စိတ်ကိုတွေးလို.
အရိပ်ဘက်ကို အလေးကဲ ကြည့်မိတယ်။

တကယ်ပါကွယ်
ဘယ်လို အလင်းမှားတွေပါလဲ
စူးရဲစွာဖြာလွင့်
မမြင်သင့်တဲ့ အရာတွေအထိ
ကြည့်မိအောင် ဝေကြတယ်။

သစ္စာတို.ရဲ့အလင်း
ရှရှထင်းထင်း
မြင်ကွင်းကို မကွယ်ပါပဲ
မှောင်မဲခြင်း ဆိုတဲ့ မာနကို
တစ်ကျော့ပြီးတစ်ကျော.
ပီသမှု လျော့စေခဲ့တယ်။

နေ၀င်ချိန်မှတော့
ဖျော့လာတဲ့အလင်း
ဝင်းလက်မှုအမှိန်မှာ
ရင့်ရင့်လာတဲ့ အမှောင်
အရောင်ပြင်းလာတဲ့ အရိပ်
သိုသိပ်လို. မရနိုင်တော့ပါဘူး။

စဉ်းစားပါကွယ်
တကယ်တမ်းမှာ
အလင်းဆိုတာ
တဒင်္ဂပါ
သဘာဝဟာ
ထာဝရ အမှောင်
အမှောင်ဆိုတာ ရှိခြင်းပါ
အရောင်ဆိုတာ ဖြစ်ခြင်းပါ။

ဖြစ်နေတဲ့ အလင်းခဏတို.
ကွယ်ပခဲ့ရင်
ထာဝစဉ် တည်တဲ့ အမှောင်က
သူ.နေရာသူ ယူမှာပါ။

သြော်……..
ငါမှ သတိမထားမိပဲ
ဖြစ်ဆဲခဏတို.ကို
အမြဲလို. ထင်ခဲ့တယ်
မကွယ်ပျောက်မယ့် ကာလများလို.
ထင်ထားခဲ့တယ်
ဘယ်သူ. အပြစ်မှ မဟုတ်ပါဘူး။

လှည့်စားတတ်တဲ့ အလင်းရဲ့
ပြောင်းတတ်တဲ့ သဘော
မစစ်ကြောမိတော့
ဖျော့တော့ မှေးမှိန်လာချိန်မှာ
ငါကြိုဆိုဖို. မပြင်ခဲ့တဲ့အမှောင်
မရှောင်နိုင်အောင် ဖုံးလွှမ်းပြီပဲ။

သြော်………သစ္စာတဲ့ကွယ်
ဘယ်သူတွေ လင်းပြခဲ့သလဲ
ဘယ်သူတွေ ကွယ်ပခဲ့သလဲ
ပြောင်းလဲတတ်တဲ့သဘော
အပြစ်ပြောဖို. လိုပါသလား။

သူ…………လင်းခဲ့ပါတယ်
လင်းပြခဲ့ပါတယ်
ဆိတ်ကွယ်ခဲ့တာက
ဘာ့ကြောင့်လဲ။

သူ.ရဲ့ အလင်းရောင်က
လောင်စာကုန်ခဲ့တာလား
တစ်ပါးသော အလင်းဓာတ်
ရောင်ပြန်ဟပ်စေမယ့်တရား
တစ်ခြားကို လှည့်သွားတာလား။

ဘယ်သူတွေးနိုင်ခဲ့မှာလဲ
တည်ဆဲကာလတို.ကို
ဖမ်းထားဖို. ဆိုတာကလည်း
ဘယ်မှာ ဖြစ်နိုင်ပါ့မလဲကွယ်။

သစ္စာ……………
သစ္စာ……………………..
ငါဆုံးရှုံးခဲ့တဲ့ အလင်း
ဒင်း…….မတည်ခဲ့တဲ့ ကတိ
အရှိတရားတို.က
မာနဆိုတဲ့ အမှောင်
အရောင်ကို တိုးမြှင့်
ရင့်သထက် ရင့်စေခဲ့။

အိပ်မက် ဆိုတဲ့အတိတ်
အတိတ် ဆိုတဲ့ ရှုခင်းက
လှလိုက်တာကွယ်
တွယ်ကပ် မွှေးမြလာတဲ့
ပန်းလေးတစ်ပွင့်ပေါ့
ခပ်ဖွဖွ အလင်းမှာ
ဝင်းဖျော့စွာလေ။

သြော်….တစ်စစ မြင့်တက်လာတဲ့
ကာလတို.ရဲ့ ပြောင်းလဲခြင်းမှာ
အလင်းက တိုးမြှင့်
ရင့်ရင့်လာတဲ့ အပူ
ဖြူသောပန်းကို နွမ်းစေ………တဲ့
ပန်းခြွေခဲ့တယ်။

ဒါပါပဲ
ရယူခြင်းဆိုတာ
အကောင်းကို လက်ခံ
အဆိုးကို ပြန်နှင်လို. ဖြစ်မလား
ခြားနားမရတဲ့ ခေါင်းနဲ.ပန်း
လမ်းကြောင်းတစ်ခုတည်းပေါ်က အမှားအမှန်
အတန်တန်တွဲစပ်ထားတဲ့ အကောင်းအဆိုး
ရိုးသားစွာ ယူဖို.ပါပဲ။

အလင်းနဲ.အတူ
ယူလာတဲ့ ပူလောင်ခြင်းများ
ခံစားခဲ့ရပါတယ်
အလင်းကွယ်တော့
နွမ်းဖျော့ခြင်းသာ ကျန်ခဲ့
တရားပါရဲ့လား။

သွေ.ခြောက်စွာ
အမှောင်မှာကျန်ရစ်
အပြစ်ကြီးသူဟာ
သာယာမိတဲ့ ကိုယ်ပါ
သဘာဝအတိုင်း
အပူလှိုင်း ချသွားသူ မဟုတ်ပါဘုး။

အသိဟူသမျှက
အာသာဝ ကို ဖြတ်လာတယ်
တကယ်တမ်း ငါတို.က
“ရေကို တံလျှပ်လို. အမည်တပ်ပြီး
အာသာမပြတ် သောက်ခဲ့ကြတာပါ”

မြေပုံမှားလာတဲ့ မြို.ပါ
ငါဘယ်လိုလျောက်လျောက်
နေရာမှန်ကို မရောက်တော့ပါဘူး။

အ၀ိဇ္ဇာကို ဖြတ်လာတဲ့ အသိ
ပီတိလို. အမှတ်မှားရင်း
စူးစမ်းခြင်းနဲ. ထိတွေ.မရတဲ့ အသိ
ငါ့မှာဘယ်လိုရှိမှာလဲ။

ဝေဖန်ပိုင်းခြားခြင်းများ
နှိုင်းဆတဲ့ အသိဥာဏ်တရားနဲ.
ခွဲခြားပြောလို.မရတဲ့အလင်း
(အဲဒီ အလင်းကလွဲရင်)
မြင်ရတဲ့ အလင်းမှန်သမျှမှာ
အလွှာပါးပါးတစ်ချပ်
ထပ်လို.တည်ကြတာပါပဲ။

စဉ်းစားပါကွယ်
အလင်းဆိုတာ
သူ.ကို ကြည့်ဖို.မဟုတ်ပါဘူး
သူဖြာကျတဲ့နေရာ
နေရာတကာကို လွှမ်းတဲ့ တဆင့်ခံ
သူ.ရောင်ပြန်ကြောင့် ဖြစ်တဲ့အမြင်
တို.ခင်တွယ်တာ ဒါပဲ မဟုတ်လား။

ဒါကြောင့်
လရောင်ကို ခံယူကြ
လမင်းကို မလိုချင်နဲ.
မြင်ရတဲ့ လမင်းထက်
လရောင်လက်လက်ရှုခင်း
ရင်တွင်းမှာ သိမ်းကြစမ်းပါ။

ပိုင်ခွင့်မရတဲ့ လမင်းများ
ဘ၀မှာဘယ်လောက်များသလဲ
တွေးရဲကြပါသလား
အိပ်…..မက်……..တွေ …….ပြင်……..ဆင်
ရင်ခွင်ကြားမှာ……….

အပြစ်မတင်ကြပါနဲ.ကွယ်
တကယ်တမ်းမှာ
လမင်းဖြစ်စေ
နေမင်းဖြစ်စေ
ခြေလှမ်းမှန်စွာ
သူ.ကမ္ဘာနဲ.သူပါ။

သူတို.တာဝန်က
ဖွဖွဝင်းဝင်း
အလင်းပေးဖို.ပါ
ငါတို.မြေကမ္ဘာကို
ဆင်းလာဖို.ရာ
တာဝန်မရှိပါဘူး။

အလင်းကံ ခေသူတို.ရေ
တို.က
နေကြာပါ
နေကို မော့ငေးသူပါ
တို.က
ကုမုဒြာပါ
လကို မျှော်တွေးသူပါ
ဒါပါပဲ
ဒါထက်လည်း မပိုချင်နဲ.ကွယ်။

အနွေးဓာတ်မလာတဲ့အခါ
အကြာကြီး မျှော်ခဲ့ရသလို
သူတို.ရဲ့အလင်း
ရှပြင်းပြင်း လောင်ကျွမ်းတဲ့အခါမှာလည်း
နွမ်းရတာပါပဲ။

ကံဇာတ်ဆရာက
တို.ဘ၀ကို ဆုံးဖြတ်
အနားသပ်ပေးခဲ့တာပါ
ငါတို.နဲ.လည်း မဆိုင်ဘူး
သူတို.နဲ.လည်း မဆိုင်ဘူး
ရူးမိုက်ကြတာက
သဘာဝပါကွယ်။

စိတ်နာမှုတစ်ခုတည်းနဲ.
တို.ရဲ့အတိတ်
အရိပ်ဖြစ်နေတဲ့ ပီတိ
ကျိန်ဆဲမိဖို. လိုသလား။

ကြည်နူးမှုရဲ့ အကြောင်းတရား
ပြောင်းသွားစေဖို.မာနနဲ.
ကာလတစ်ခုထဲအထိ ဆွဲခေါ်
မသင့်တော်ပါဘူး။

ငါ့စိတ်ငါ အထပ်ထပ်
သတ်မှတ်ပေးထားရတယ်
မကွယ်ပမယ့် အလင်းမျိုးက
ရင်တွင်းမှာရှိပါတယ်
အိမ်ငယ်ငယ်လေး အတွင်းမှာ
ဒါကိုလည်း ငါသိတယ်။

ရောင်ပြန်အလင်းထက်
ဝင်းလက်မှုမရှိသည့်တိုင်
ကိုယ်ပိုင် ကိုယ့်အလင်းမျိုးကို
လိုလားစွာ ကြိုချင်ပါရဲ.
ကြိုချင်ပါရဲ့ကွယ်။

သြော်…….တကယ်တမ်းကျ
လင်းပြ ဖို. ဆိုသည့်တိုင်
လောင်ကျွမ်းနိုင်ဦးမှ
ဖြာကျစွာ အပူပေးဖို.
ကိုယ့်ကိုယ်ကို လောင်စာအဖြစ်
ကျွမ်းရစ်နိုင်စွမ်း ရှိဦးမှ။

စာနာလိုက်ပါရဲ့
တစ်ခါက အလင်းရှင်ရေ
နွေဥတုရဲ့ သစ္စာနဲ.
ငါ့ကမ္ဘာကို လင်းပခဲ့
ငါ့ကမ္ဘာကို လင်းပြခဲ့
ရင်ရဲ့ အလည်
ဘယ်အရာတွေ လောင်ကျွမ်းခဲ့ပါသလဲ။

ငါခွင့်လွှတ်လိုက်ချင်ပါရဲ့
ဒါပေမယ့်ကွယ်
ဟောဒီလို လောင်ကျွမ်းရင်းလင်း
ဟောဒီလင်းခြင်းဟာ
မင်းအလင်းပေးချင်လို.လား
သဘာဝတရားနဲ.
သားထားတဲ့ အအေးဓာတ်
ကိုယ့်ရင်ဘတ်ကိုယ် နွေးဖို.လား။

မသေချာခြင်းနဲ. စိတ်ကူး
ကျေးဇူးမတင်ပါဘူးကွယ်
ရူးမိုက်တဲ့ ကာလ
ခဏသာတည်တဲ့ အလင်းအတွက်
ငါ ပေးဆပ်ခဲ့ပြီပဲ။

ကုန်စည် ဖလှယ်ခဲ့ကြတာပါ
ဘာမှမဟုတ်ပါဘူး
နှစ်ဦးသဘောတူ ကိစ္စပါ
မာနအရိပ်နဲ. သစ္စာအလင်း
မြင်ကွင်းနဲ. မြင်သူတစ်ဦးပါ
ထူးထူးခြားခြား မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ကာလများကို
ပြီးခဲ့စွာထားခဲ့တော့မယ်
ခေါင်းမော့ဖို.ကြိုးစားရင်း
အလင်းသက်သက်နဲ. မမြင်နိုင်မယ့် သဘာဝတရား
စည်းချထားရတော့မယ်။

ဘယ်သူမှ မမှားခဲ့ကြပါ
တရားမဲ့တာကလည်း
ဖြစ်တည်ဆဲ ကာလရှည်မှာ
ခဏတာပါ။

သူ.တရားသူ ပြန်သုံးသပ်
သူ.ဇာတ်လမ်းသူ ရပ်ပြီကိုး
လက်ညှိုးထိုး မစွပ်စွဲဘူး
မင်းလည်းအသိ
ငါလည်းအသိ
ထားမိတဲ့ သံယောဇဉ်က
ပဲ့ပြင်ရ ခက်နေတာပါ။

သစ္စာမဲ့သူတွေ ရှိနေသမျှ
သစ္စာတည်ပြသူများကို
အထင်မှားကြဦးမှာပေါ့။

ကိုယ့်ကိုယ်ကို မလေးစားတတ်အောင်
ကိုယ့်ဘာသာဆုံးဖြတ်သွားသူရေ
ပြန်သုံးသပ်မိရဲ့လား
သွားလေရာ တွယ်ကပ်တော့မယ့် အရိပ်
ထိတ်လန်.ခြင်း ရောတော့မယ့် သိက္ခာ
ငါ စာနာလိုက်ပါတယ်ကွယ်။

ဘာကိုမှ ယုံကြည်မရတဲ့ အသိတရား
အားလုံးမှားတတ်တယ်ဆိုတဲ့ သတိ
ရရှိခဲ့ခြင်းမှတပါး
အခြားသော ဆုံးရှုံးခြင်းများ
ငါ မခံစားခဲ့ရပါ။

စိတ်ထဲ လှိုက်နာတဲ့ ဒဏ်ရာက
အာသာဝ ကို မြင်စေတယ်
ကွယ်ဝှက်မရတဲ့ ခါးသီးခြင်းက
ရင်တွင်း တစ်နေရာက တစ်ခုခုကို
သူ.အတိုင်းထက် ပိုတဲ့ အတွေ.နဲ.
အပြည့်ဖြည့်ပေးခဲ့တယ်။

ဒါဟာ နာကျည်းတာ ဖြစ်ပါစေဦး
ဆုံးရှုံးတာ မဟုတ်ပါဘူး
ရူးမိုက်ခြင်းရဲ့သဘော
ပြောပြခြင်း မဟုတ်တဲ့ လက်တွေ.
မေ့နေခဲ့သော မာနတွေလေ
ရှတတဲ့ ဇာတ်လမ်းက
ပြသွားတဲ့ သင်ခန်းစာတွေပါ။

မထားပေမယ့် တည်မိတဲ့
ကတိများစွာကလည်း
ရင်ထဲမှာ ၀ဲတလှည့်လှည့်
ကျိန်စာရဲ့ ခေါ်သံ
နာခံဖို. ပြင်နေကြရဲ့။

ဒါပေမယ့်ကွာ
ငါ မကျိန်ရက်ခဲ့ပါဘူး
ဦးထားခြင်း မဟုတ်တဲ့ နေရာ
ဘယ်သူလာနေနေပေါ့
သူကျေနပ်လို. ခွင့်ပေးတာပဲ
ငါပြီးရင် နောက်တစ်ယောက်
ပြီး နောက်တစ်ယောက်
ပြီး တစ်ယောက်
ဖောက်ဖောက်လာဦးမယ့်ဗွေ
သူ.ခြေ သူလှမ်း
သူ.လမ်းသူပြေးတော့
ကိုယ့်အတွေး ကိုယ့်စိတ်မှာ
သူ ခွာမလိပ်ပါစေနဲ.။

ဘယ်ကာလ တစ်ခုဆီက
ချထားခဲ့တဲ့ ၀ဋ်ကျွေးလဲ
ပေးဆပ်လိုက်ပြီလေ
ကျေပါတော့။

ငါ့မှာကလည်း
ခဏခဏ ပြန်ကျော့လာတဲ့ သတိရခြင်း
စိတ်တင်းလို. တားရတယ်
တကယ့်တကယ်ပြောရရင်
သံယောဇဉ်တရားကလည်း
အမှားနဲ. အမှန်
မခွဲခြားတတ်ပြန်ဘူး။

နောင်တတွေ အထပ်ထပ်နဲ.တောင်
ကန်.သတ်မရတဲ့ အလွမ်းက
ပန်းလို ခိုးခိုး ပွင့်တတ်သေးရဲ့
ထားခဲ့သူသာသိရင်
ရယ်ချင်ဦးမှာပါ။

ထားပါ
ထားလိုက်ပါ
တိမ်ကောသွားတဲ့ ရေအိုင်ပါ
“တခါက” အဖြစ်ဟာ
နှစ်မက်စရာ မဟုတ်ပါဘူး။

ကွဲရှသွားတဲ့ မှန်တစ်ချပ်
ဆက်စပ်လို. မရတော့ပါဘူး
ဦးထား မိတဲ့ နေရာ
လစ်ဟာစွာ ထားခဲ့ရတော့မယ်။

ကျောက်စာတစ်ချပ်တောင် မထားပဲ
ထွက်ခွာ …………….သွားတော့မယ်
ဘယ်လိုလူကမှ
ငါ့သမိုင်းကို မဖတ်ကြနဲ.
နားလည်ကြမှာမဟုတ်ဘူး။

ငါရခဲ့တဲ့ အသိတရားကို
ခံစားပြီးမှ သိကြမှာပါ
“မှာ” မထားခဲ့ပါဘူး
ရူးမိုက်တဲ့ သဘောဆိုတာက
ပြောပြထားလို. မရဘူး။

ငါ့လို တစ်ထပ်တည်းကြုံရင်
ယုံကြည်ခြင်းမဟုတ်တဲ့ အစစ်တရား
သူတို.နားလည်သွားမယ်
ကျောက်စာတစ်ချပ်တောင် မထားပဲ
ထွက်ခွာသွားကြလိမ့်ဦးမယ်။

ငါ့လို ခံစားရင်းနဲ.
ငါ့လို သီချင်းတစ်ပုဒ်ဆိုကာ
ကမ္ဘာကို နှုတ်ဆက်ကြမယ်
နှုတ်ဆက်ကြမယ်။

“ဆုံးရှုံးခဲ့တဲ့ အချစ်က
စစ်မှန်လိုက်တာကွယ်
ဆုံးရှုံးခဲ့တဲ့ အချစ်က
စစ်မှန်လိုက်တာကွယ်
တကယ်တမ်း မစစ်မှန်တာက”

ဝေးဝေးက ခွာကြည့်မိတယ်
ကာလတစ်ခုလည်း ရှိပါတယ်
သတိတစ်ခုလည်း ထားပါတယ်
သြော်………ဒါတောင်မှ……………..
………………………………………….
……………………………………………..
……………………………………………………..
……………………………………………………………………………

(၃၀.၁၀.၂၀၀၀ မှာရေးတာပါ။ သစ္စာမဲ့မှုကို ပထမဆုံး ကြုံဘူးပြီးတဲ့နောက်ရေးတာပါ
နောက်တစ်ခါလည်း သစ္စာကိုမေးခွန်းထုတ်ဖို. ကြုံပါသေးတယ်။
ဒါပေမယ့် အခုထိ ရေးဖို.ခွန်အားမရနိုင်အောင်နာကျင်နေဆဲပါ။
ပြတ်ပြတ်သားသားမြင်ချင်ရင် ဝေးဝေးကခွာကြည့်ရတယ် မဟုတ်လား။
အချိန်ကာလတစ်ခုကိုကျော်ဖြတ်ပြီးတဲ့အခါ
သတိတရားတစ်ခု ထားနိုင်တဲ့ အခါမှာတော့
“အို……သစ္စာ-၂” ကို ရေးနိုင်ပါလိမ့်မယ်။
ပြောဖို.ကျန်ခဲ့မှာစိုးလို. ၁၅.၁၂.၂၀၀၀ တုန်းက “သတိရခြင်း သစ္စာ” ဆိုတဲ့ နာမည်နဲ.
ကဗျာတွေကို ကက်ဆက်ခွေလေးနဲ. မွေးနေ.အမှတ်တရ ခွေထုတ်ဘူးပါတယ်။
သတိရခြင်း၊ အခု အို သစ္စာ၊ သူငယ်ချင်းလေးသို. -၂ စတဲ့ကဗျာတွေပါပါတယ်။
ကျွန်တော့်ဘ၀ရဲ့ မှတ်တိုင်လေးပါ)

ကြမ္မာမိုးတိမ်

မိုးတွေညိုမည်း မှိုင်းမှုန်လို.၊ခုဆို ရွာတော့မယ့်ပုံမျိုး။
ခြေလှမ်းလေးနည်းနည်းမှ မသွက်ချင်ဘူးလားမမရယ်။ကြည့်၊ ထီမထင် ဖြည်းညှင်းစွာ။

ပြေပြစ်တင့်တယ်သော ကိုယ်ဟန်ကို စွဲမက်ဖွယ်ရာ မပျောက်စေပဲ
အမြင်မရိုင်းအောင် ယဉ်ယဉ်နွဲ.နွဲ. လျှောက်တတ်သော အနုပညာကို
သူဘယ်မှာများသင်ကြားတတ်မြောက်ခဲ့ပါလိမ့်။

သပ်ရပ်တိကျသော ခြေလှမ်းတွေတိုင်းမှာ ကို.ကိုယ်ကို ယုံကြည်မှုရာခိုင်နှုန်း
ဘယ်လောက်များထည့်သွင်းထားမှန်း ကျွန်တော်မမှန်းဆတတ်ခဲ့ပါ။

ရုံးဆင်းချိန်၊ ရုံးတက်ချိန်များကို ကျွန်တော် မျှော်မောတတ်လာသည်။
အေးချမ်းတိတ်ဆိတ်သော လက်ခက်ရည်ဆိုင်လေးမှနေု၍ ကမ္ဘာတည်မည့် အလှအပတို.
နေထွက်သလို လထွက်သလို လမ်းချိုးလေးမှပေါ်လာသည်ကို
စောင့်ကြည့် မောသက်ဘူးပါသလား။

ဟောဒီ အမည်မသိရင်ခုန်သံကို အချစ်ဟုသာ အမည်တပ်လိုက်ချင်သည်။
မမရယ်၊ မမဣနြေ္ဒပျက်စေဖို. မဟုတ်ပါဘူး။
စုဖွဲ.လာတဲ့ တိမ်တိုက်တွေဟာ လိုအပ်ရင် မိုးအဖြစ် ရွာကျသလိုမျိုးပေါ့။
မမရဲ့ အေးချမ်းတဲ့ အလှထဲမှာ ရင်ထဲက မိုးမြူတွေလေ၊
တိမ်တွေလို အုံ.သက် ညို.ရီ လာခဲ့ပါရဲ့။

တဖွဲဖွဲဖြစ်ဖြစ်၊ တသည်းသည်းဖြစ်ဖြစ်၊ ရွာပါရစေလား ချစ်သူ။

= = = = = = = = = =
မရဲပဲနဲ. သူသေကိုသေ တိုက်ပွဲကို လိုက်ခဲ့သူတစ်ယောက်လိုပါမမရယ်။
ခြေလှမ်းတွေက တွန်.ဆုတ်အားလျော့လို.၊ဒါပေမယ့်……..

သူ.ခြေလှမ်းတွေက ကျွန်တော့်ခြေလှမ်းတွေထက် ခိုင်မာပြတ်သားလွန်းမှန်း
ကျွန်တော်သိသည်။
ကျွန်တော်နောက်မှ လိုက်လာသည်ကို သူသိနိုင်သည်။
သို.သော် မတိုးမလျော့သော လမ်းလျောက်ပုံ၊ အေးချမ်းစွာရှိနေသော အမူအရာတို.ဖြင့်
ကေသဧကရီ တစ်ပါးလို သူ ခန်.ထည်တည်ငြိမ်လှသည်။

ဟောဒီ ရဲဝံ့မှုတွေကြားမှာ ကျွန်တော် ဘယ်လိုပြောကြားရမှာလဲ။
တည်တည်တင်းတင်းလေး တစ်ချက်ကြည့်ရင်တောင် ဒူးညွှတ်ကျမိလိမ့်မယ်။
ဘာလဲလို. ခပ်စိမ်းစိမ်း တစ်ချက်မေးရင်တောင် နောက်လှည့် ပြေးမိလိမ့်မယ်။
တစ်ဆိတ်၊ မနှင်လိုက်ပါနဲ. မမရယ်။

“မနှင်းဖြူဇော်”

ဘေးချင်း မရောက်တစ်ယောက်ဝယ် ခေါ်မိသည်။
တိုးညှင်းသော်လည်း ကြားသာသော ကျွန်တော့်လေကို သူမတုံ.ပြန်ပါ။
ခြေလှမ်းမပျက်ပါ။

“မမ”

ဝေ့ကြည့်လာသော မျက်ဝန်း။
တင်းမာခြင်း၊ပြေလျော့ခြင်း အစွန်းနှစ်ဖက်လွတ်သော စူးစမ်းအကြည့်။
ကျွန်တော် အားတင်း၍ ဆက်ပြောမိသည်။

“ကျွန်တော် လိုက်ပို. ပါရစေ”

မဆိုစလောက်ပြုံးသည်။
ခြေလှမ်းကို အရှိန်လျော့သည်။ အခုမှကျွန်တော့ ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။
ဘယ်ဘက် ရင်ခွင်မှ လှိုက်၍ ပူရှလာသည်။

“ဒီက…. မောင်……”
“ကျွန်တော့် နာမည် သက္ကကျော်ပါ”
“မောင်သက္ကကျော်၊ ဘယ်နှစ်တန်းလဲ”

ကျွန်တော် ရှက်ရွံ.စွာ ပြုံးမိသည်။
မိုးတို. ညို.ညိုနေသော ကောင်းကင်ကို အဓိပ္ပါယ်မဲ့ တစ်ချက်ကြည့်မိသည်။

“ဆယ်တန်း တစ်ခါကျလို. နောက်တစ်ခါဖြေရမှာပါ”

သူခေါင်းငြိမ့်သည်။ မျက်နှာနုပြေ၀ယ် ဒေါသ၊ မာန ဘာမှမတွေ.ရ။

“ငါ့မောင်က…. အဲ၊ ဒီလိုပဲခေါ်မယ်နော်”

ခေါင်းငြိမ့်ပြမိသည်။

“ငါ့မောင်က တို.ကို လိုက်ပို.ချင်တယ်။ တို.လည်း…..
အင်း…………သဘောပေါက် ပါတယ်”

ရှက်ရွံ.ဟန်မရှိ။အေးချမ်းသော မျက်နှာ။

“ဒါပေမယ့်ငါ့မောင်ရယ်၊ မင်းအရွယ်ဟာ စိတ်ကူးယဉ်တတ်တဲ့အရွယ်ဆိုပေမယ့်
စိတ်ကူးမယဉ်သင့်ဘူး”

အလျှင်အမြန် ဖြေရှင်းမည်ပြင်သော ကျွန်တော့်နှုတ်ခမ်းသည်
ကာလိုက်သော လက်ဖ၀ါးနုနုကြောင့် ဆွံ.အ သွားသည်။

“ငါ့မောင် စိတ်ကူးယဉ်ချင်ရင်လည်း မမနဲ. မဆိုင်ဘူး။ ဒါပေမယ့်”

ခဏ ရပ်သွားသည်.ပြီးမှ

“မင်း တို.ကိုတော့ စိတ်ကူးမယဉ်ရဘူး။ မယဉ်သင့်တော့ဘူး။
ဘာဖြစ်လို.လဲဆိုတော့…….”

ပြုံးသည်။လျော့ရဲသောအပြုံး။

“တို.မှာ အိမ်ထောင်ရှိတယ်”

ခဏမျှ မှောင်မိုက်သွားသည်။ အို…..

= = = = = = = = =
အေးစက်စ ပြုနေသည့် လက်ဖက်ရည်ခွက်ကို ကျွန်တော် တစ်ကျိုက်ကျိုက်သည်။
ပြီးမှ….

“ဘယ်ယုံမလဲ စာရေးဆရာရယ်၊ကျွန်တော်ကစုံစမ်းပြီးမှလိုက်တာကိုး။

သူ ကျွန်တော့်ကိုကြည့်သည်။

“ကိုသက္ကကို လိမ်တာပေါ့”
ကျွန်တော် ပြုံးမိသည်။ အပြုံးပီပါမည်လား မသိ။

“မဟုတ်ဘူး၊တကယ်ဗျ”

အံကို ကြိတ်မိသည်။

“မိန်းကလေး တစ်ယောက်တည်း ဦးဆောင်နေတဲ့ မိသားစုကြီးကြီး တစ်ခုကို
ခင်ဗျားစဉ်းစားကြည့်စမ်း။ ဒီလိုနဲ.သူဟာ….
ကုန်သည်ကြီးတစ်ယောက်ရဲ့……”

ပါးစပ်က ထွက်မရ။ ပြော၍မထွက်။ သူလက်ကာပြသည်။

“ကျွန်တော် နားလည်ပြီ”
ကျွန်တော် ခေါင်းငြိမ့်သည်။

“အဲဒီမှာ ကျွန်တော် စာမေးပွဲ အောင်အောင်ဖြေတယ်။ပြီးတော့ ကြိုးစားတယ်။
ကြိုးစားပုံတွေ ကတော့ ၀တ္တုထဲကလို လွယ်လွယ်တော့ မဟုတ်ဘူး။
ဒါပေမယ့် ကျွန်တော် အောင်မြင်စပြုလာတယ်။ အဲဒီအချိန်မှာ သူ ခင်ပွန်းဆုံးတယ်”

“မြန်လိုက်တာ”
“အတိုချုပ် ပြောတာကိုးဗျ”

သူခေါင်းငြိမ့်သည်။

“သူအမွေရလိုက်မှာပေါ့”
“တပြားမှ မရဘူး”

ကျွန်တော် နာကျည်းစွာပြောမိသည်။ စာရေးဆရာ မျက်လုံးဝိုင်းသွားသည်။

“သူ အမွေမှုမှာ ရှုံးသွားတယ်”
“သြော်”
“ကျွန်တော် သူ.ကို သွားတွေ.သေးတယ်”

= = = = = = = = = =
သူပြုံးသည်။ တစ်ခါမှ မမြင်ဘူးသော ကြေကွဲပြုံး။

“မောင်လေးရယ်”
သူပြုံးပြန်သည်။

“မမမှာ ဒီလိုမျိုး တကယ်ကို ချစ်နေသူတစ်ယောက် ရှိပါ့လားဆိုတဲ့
ကျေနပ်ပီတိလေးကို အသည်းထဲစွဲအောင် မှတ်ထားလိုက်ပါ့မယ်။
ဒါပေမယ့် မောင်လေး နောက်ကို ဒီလိုစကား ဘယ်တော့မှ မပြောပါနဲ.။”

“မမ”
ခြောက်ခြားစွာ ခေါ်မိတော့ သူပြုံးပြန်သည်။
ဘာကြောင့် ကြောက်စရာကောင်းသော အပြုံးကိုချည်း သူပြုံးနေပါသလဲ။

“မောင်လေး၊ ရွံ.ပေတဲ့လက်နဲ. စံပယ်ခူးရင် ဘာဖြစ်မလဲ”
တိတ်ဆိတ်စွာ ငြိမ်နေမိသည်။
“စံပယ်တွေ ပေကျံကုန်မှာပေါ့၊ ဒါ့အပြင် မမလေ……..”

အသံတွေ တုန်ခါလာသည်။

“အသိုင်းအ၀ိုင်းတစ်ခုမှာ နာမည်ဆိုးရပြီးပြီ။
နောက်ထပ် အသိုင်းအ၀ိုင်း တစ်ခုရဲ့ အငြိုငင်ကို မခံပါရစေနဲ.တော့”

ရင်ထဲဝယ် ပြိုဆင်းနာကျင်သွားသည်။

“တစ်ခုတော့ ပြောလိုက်ပါ့မယ်။ မမရဲ့ ဘ၀ထဲမှာလေ၊
ငယ်ငယ်ရွယ်ရွယ် ရူးရူးမိုက်မိုက် အချစ်မျိုးကို မကြုံဘူးခဲ့ဘူး၊ အချစ်ဆိုတာတောင်
ရှိခဲ့ရဲ့လား မသိပါဘူး”

သူခေါင်းငုံသည်။
“တခါတခါတော့ မျက်ကန်းတစ်ယောက်လို လူတစ်ယောက်ကို ချစ်ပစ်လိုက်ချင်စိတ်တွေ
စိတ်ကူးယဉ်ခဲ့ဘူးပါတယ်။ အင်း……..
နောက်ဘ၀မှာ ကြုံပါစေလို.လည်း ဆုတောင်းခဲ့ဖူးတယ်”

မျက်ရည်စ။ ဘာအဓိပ္ပါယ်နည်း။

“ဘယ်တုန်းက ဆုတောင်းခဲ့ ဖူးလဲ၊ သိလားမောင်လေး”
ပြုံးသည်။စိုရွှန်းသော မျက်လုံးနှင့် အလှဆုံးအပြုံး။

“မင်း မမကို လိုက်ပြီး စကားပြောတဲ့ နေ.ကပါ မောင်လေးရယ်”
……………………………………………………
……………………………………………………
…………………………………………………..
အမာရွတ်၊ တစ်သက်လုံး မပျောက်တော့မည့် အမာရွတ်။

= = = = = = =
စာရေးဆရာပြုံးသည်။
“အေးပေါ့ဗျာ၊ ယောကျားတစ်ယောက်ဟာ အသက်နှစ်ဆယ်မကျော်ခင်မှာ
မမနတ်သမီးတစ်ယောက်ကို ချစ်ကို ချစ်ဖူးရမှာပေါ့”

ကျွန်တော် ဖွဖွ တိုးတိုးရယ်မိသည်။
“နောက်တော့ကော”
သူဆက်မေးသည်။
“သူ……ဆုံးသွားတယ်”
“ဗျာ”
“ဟုတ်တယ်၊ ကင်ဆာနဲ.”

ခဏမျှတိတ်ဆိတ်သွားသည်။ မသောက်ဖြစ်သေးသော ရေနွေးကြမ်းတို.
အေးစက်နေကြတော့မည်။

“ကဲ၊ စာရေးဆရာ”
သူ ခပ်ငိုင်ငိုင် မော့ကြည့်သည်။
“ကျုပ်တို.အကြောင်း ၀တ္တုရေးမလား”
“မရေးဘူး”
“မရေးဘူး”

သူ မပီတပီ ပြုံးသည်။
“ဇာတ်လမ်းမှ မရှိတာ”
ဒီတစ်ခါ ပြုံးရသူက ကျွန်တော်။
“မရေးလည်းနေပေါ့ဗျာ”

နှစ်ဦးသား အဝေးသို. ငေးမိကြသည်။
ဘ၀တစ်ခုလုံး အုံ.အုံ.သည်းသည်း နာကျင်ခဲ့ရတာလည်း ဇာတ်လမ်းတစ်ပုဒ်တောင်
မဟုတ်ခဲ့ပါလား မမရယ်။ အင်းလေ….. ဇာတ်လမ်းဆိုတာကလည်း အဆုံးအစ ရှိမှကိုး။
အခုတော့လည်း……………….

“အခု ခင်ဗျားဇနီးက….”
သူ.အမေး
“နှင်းဖြူနွယ် တဲ့”
“ဗျာ”

သူ မျက်လုံးဝိုင်းသွားသည်။ကျွန်တော် ခေါင်းငြိမ့်ပြသည်။

“ဟုတ်တယ်၊ မမရဲ့ အထွေးဆုံးညီမလေး”
သူ.အကြည့်ကို တည့်တည့်ပြန်ကြည့်ရင်း
“သူဆုံးသွားတော့ သူ.မိသားစု တာဝန်ကို ကျွန်တော်ဆက်ယူလိုက်တဲ့ သဘောပါပဲ”
“ခင်ဗျား……..သူ.ကို ချစ်လို.လား”

ကျွန်တော် ပြုံးမိသည်ထင်သည်။
“အချစ်ဆိုတာ ဘ၀မှာ တစ်ခါဆိုရင် လုံလောက်ပါတယ်လေ။
သြော်၊ကံကောင်းတာက နွယ်က ကျွန်တော့ကို ချစ်ရှာပါတယ်”

ကျွန်တော်ပြန်တော့ စာရေးဆရာ ငေးငိုင်ကျန်ရစ်သည်။
သူ ၀တ္တုတစ်ပုဒ် ဖွဲ.မည်လား မဖွဲ.မည်လား ကျွန်တော် မတွေးတော့။

သူ.အတွေးမြူတွေ တိမ်လို စုဖွဲ.လာနိုင်သော်လည်း ရွာချင်မှရွာပါစေတော့။

တစ်ခါတစ်ရံ ညိုရုံညို၍ ရွာခွင့်မရသော မိုးတိမ်တို.လည်းရှိဦးမည်။
လေအဝှေ.၀ယ် ဟိုသည်ရွေ.လျားရင်း ပြိုပျက်ကြလိမ့်မည်။ ကိုကဖန်တည်း၍မရ။
ဟောဒီ ကံကြမ္မာ တရားလိုပေါ့။ ။
(၇.၆.၂၀၀၄ မှာရေးပါတယ်)

Tuesday, August 31, 2010

ပီတိ

ဆည်းလည်းသံလေးက
လိမ်ညှစ်ခံထားရတဲ့ စိတ်ကို
တစ်ရစ်ချင်း ဖြည်ပေးခဲ့။

ခက်ခဲလှတဲ့ ပြေးတမ်းလိုက်တမ်းမှာ
ငါ တုန်ခါခဲ့တာ တိတ်ဆိတ်မှုနဲ.။

အမြင်အကြားတို. သုဉ်းဆိတ်ချိန်
နှာသီးဖျားမှာ တဲတဲလေး
“သတိ”
သူ.ကိုငါ မိပြီကော။ ။
(၂၀၀၂မှာရေးတာပါ။ချယ်ရီ မှာပါခဲ့ပါတယ်)

အငြိုး

မုန်းလိုက်……….

ကိုယ်လိုကောင်က ချစ်တယ်ဆိုတော့
မခံချိမခံသာ နာကျင်သွားမှာပေါ့။

ငါသိတယ်
အင်ကြင်းပန်းထဲ ခါချဉ်ပါသွားတာ
သူ……..ဒုတိယမြောက်။ ။

တစ်ခါက

ငါသိပ်ချစ်တာ
သိလိုက်ပါစ
မေးပါရစေ
ခဏဆုံသောအိမ်မက်၌။

အားလုံးလွန်ခဲ့
ပြီးဆုံးခဲ့ပြီ
သွားတဲ့သူအား
မတားလိုတော့။

ဟိုဝေးဝေးမှာ
တိမ်ပြာတစ်စ
မျောလွင့်မှလျှင်
ငါ့ဘ၀ငါ တွေးမိသည်။

ချန်ခဲ့သူလား
ကျန်ခဲ့သူလား
မစဉ်းစားချင်
တမင်မေ့သော
တရံရောကို။

မြတ်သောစိန္တေ
ဆုချွေတစ်စ
တောင်းလိုက်ရသည်
ငါ့ထက်ချစ်သူ ဖြစ်ပါစေ……။ ။
(၂၅.၁.၁၉၉၇ ပျင်းလို.အဟောင်းလေးတွေပြန်စုနေတာပါ
မကြိုက်လည်းသည်းခံဖတ်ပါ)

ကျွန်း

ပင်လယ်ဆိုတာ
ပက်လက်ကြီးဖြစ်နေတဲ့ကောင်းကင်ပါ
တကိုယ်စာ ရင်ခုန်သံလေးနဲ.
ငါ့ကိုယ်ငါ “ကျွန်း” တည်မယ်။

သစ်ပင်လေးတစ်ပင်စိုက်ရဦးမယ်
ပြီးမှ
ငါ့နံရိုးနှစ်ချောင်းကို ထုတ်ယူ
တစ်ချောင်းကို ဘုရားသခင်ထံအပ်
ကျန်တစ်ချောင်းမှာ
“ဧဒင်ဥယျာဉ်” လို. ကမ္ဗည်းတပ်မယ်။ ။

အချစ်အတွက် လျောက်လဲချက်

အချစ်က ဘ၀တစ်ခုလုံးမဟုတ်ပါဘူးလို.
သူပြောခဲ့တာ
ဘယ်သူကငြင်းနေလို.လဲ။

ရှင်ကအချစ်ကိုပဲ စဉ်းစားနေတော့မှာလား
ဒီမေးခွန်းက အဖြေမရှိပါဘူးကွယ်။

သစ်ပင်လေးက
“ရေ၊လေ၊မြေ၊နေ” ရှိရင် ရှင်သန်နိုင်တယ်
နွယ်ပင်လေးကတော့
မှီတွယ်စရာလေးပါ ရှိမှ ဖြစ်မှာပါ။

သစ်ပင်ကြီးကို
လက်သည်းနဲ.ဆိပ်ရင်ဘာမှ မဖြစ်ဘူး
ပျိုးပင်ပေါက်လေးကျတော့
လက်သည်းလေးတစ်ချက်က ဘ၀ပျက်နိုင်လို.
လက်သည်းနီရောင်နှုတ်ခမ်းလေးကို
အသည်းအသန်တောင်းပန်နေတာ။ ။

ဝိပ္ပလ္လာသ မြူပြယ်ခြင်း

အရိပ်ကအရောင်
အရောင်က အတိတ်ဖြစ်
နစ်ခဲ့ရ ၀ိပ္ပလ္လာ…….

ဝေ့ရီရီ မှုန်မှုန်မှိုင်း
အရိုင်းရောင် ပျက်ပြယ်လွင့်ရန်
လင့်ခဲ့ရပါ…….

ကာလရဲ့ နေခြည်
ရွှေရည်ဖြာ ပုဝါဖွင့်တော့
မျှော်လင့်ရ အရိပ်ဟာ
ဘယ်ဆီမှာရှောင်ခွာရင်း……….

တရံရောလျှင် ပြန်မလာပါလား
ပြန်ပြောရင် ဒဏ်ရာများနဲ.
သံယောဇဉ် ကမ္ဘာခြားမှာ
(ငယ်ရေ….)
ထားခဲ့လေခြင်း။ ။
(၆.၁.၁၉၉၇ ကကဗျာလေး အမှတ်တရ ပြန်တင်တာပါ)

မျှော်စင်

မြင့်မြင့်တက်မှ ဝေးဝေးမြင်ရတာမျိုးလား
သူ.ရင်ခွင်ထဲ ဝေးဝေးလှမ်းမြင်ချင်လို.
ငါ့အရိုးတွေနဲ. တိုင်ထူခဲ့တယ်။

တစ်ယောက်ကိုတစ်ယောက် ပွေ.ဖက်ခဲ့ကြတာ
တစ်ယောက်ကိုတစ်ယောက် လိမ်ညာဖို.လား
အဲဒီလို လိုအပ်လို.လား
အဲဒီလို မလိုအပ်လို.လား
မေးခွန်းကေ၀၀ါးရင်
အဖြေကလည်းေ၀၀ါးခွင့်ရှိတယ်။

မျော်စင်တစ်ခု ဆောက်ခဲ့တယ်
လာသူကို ကြိုဆို မျော်ကြည့်ဖို.မဟုတ်ဘူး
သွားသူကို နှုတ်ဆက် မျော်ကြည့်ဖို.ပါပဲ။ ။

Thursday, August 19, 2010

မေတ္တာအကြောင်း ဖတ်စာ

အဖူးဘ၀ကနေ
ရွှန်းမှည့်သစ်သီးလေး ဖြစ်စဉ်တလျှောက်မှာတောင်
ဘယ်အချိန်ကြွေမယ်မှန်း မသိတဲ့ ကံတရားရှိနေမယ်
အပြီးတိုင် မချည်နှောင်ရသေးခင်
တင်းသွားပြတ်သွားမှာ စိုးရိမ်တယ်။

မျက်လုံးချင်းအလွှဲမှာကိုပဲ
မင်းအတွေးက ဖျတ်ကနဲ လွင့်သွားနိုင်တော့
စိတ်အခန်.မသင့်ချိန် တစ်ခုခုမှာ
ငါမသိတဲ့ တစ်ယောက်ယောက်ဆီ
မင်းအလင်းလေးယိုင်ထွက်သွားမှာ
ငါ……သေမလောက်ကြောက်တယ်။

အသီးအပွင့် အကိုင်းအခက်တွေပေးပြီးတဲ့အခါ
ရေသောက်မြစ်အထိ တူးယူဖို.မကောင်းပါဘူး
သေဆုံးခြောက်သွေ.ရမှာထက်
နောက်ထပ်သီးပွင့်မပေးနိုင်မှာစိုးလို.ပါ။

သြော်……အနက်ရှိုင်းဆုံး အမြစ်ဟာ
ပင်စည်ကိုခိုင်မာစေနိုင်တယ်
ဒီလိုပဲ
ဖြည့်ဆီးမှုတွေပေးနိုင်တဲ့အချစ်ကို
အဝေးဆုံးမှာဝှက်ထားရမယ်။

ဒီမှာပဲနေစေချင်တာကလွဲလို.
မင်းကိုငါ တားပိုင်ခွင့်မရှိဘူး
ရှိရင်တောင်မသုံးစွဲဘူး
ငါဟာ တံငါမဟုတ်ဘူး
စိတ်ကိုမျှားမယူဘူး
ငါဟာ မုဆိုးမဟုတ်ဘူး
ဆန္ဒကို ထောင်မဖမ်းဘူး
အချစ်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အလုပ်
ဘယ်တော့မှ ငါမလုပ်ဘူး။ ။

Tuesday, August 17, 2010

မီးပြတိုက်

ငါဟာ မီးပြတိုက်ပါပဲ
ဒီမှာ ကြမ်းတမ်းတဲ့ ကျောက်ဆောင်ရှိတယ်
ငါရှိရာ မလာနဲ.။

ငါဟာ မီးပြတိုက်ပါပဲ
ငါ့ကိုဝင်တိုက်လို. ငါနာကျင်ရမှာထက်
ငါ့ကိုဝင်တိုက်လို. နင်နာကျင်ရမှာ
သွားပါ။

ငါဟာ မီးပြတိုက်ပါပဲ
နေ.မှာငါ့ကို မေ့ကြတယ်
ညမှာငါ့ကို သတိရတာလည်း
ငါ့ကို ဝေးဝေးရှောင်ဖို.ပါ။

ငါဟာ မီးပြတိုက်ပါပဲ
ရေတစ်ဝက်ကုန်းတစ်ဝက် ကမ်းပေါ်က
အထီးကျန် တစ္ဆေ။ ။

မင်းငါ့ကိုစောင့်မှာလား

စောင့်မှာလား
အသစ်စိုက်ပျိုး ဖူးပွင့်ချိန်အထိ
စောင့်မှာလား
ဝဲဂယက်တွေ ငြိမ်သက်ရေကြည်ချိန်အထိ
စောင့်မှာလား။

သိချင်တယ် စောင့်မှာလား
ငါ့ရင်က
အဆိပ်ပြယ်အောင်ကုလို.ပျောက်မှ
ထွက်သွားမှာလား
အတုံ.အပြန်မလိုချင်တော့ဘူးလား။

ငါ့လိုပဲ
အဖြေတွေကို စိတ်မချလို.
အမေးတွေမမေးတော့တာလား
ငါလည်း မမေးရဘူးလား
စောင့်မှာလားလို. မမေးရတော့ဘူးလား။ ။

ကွက်လပ်များကို တောင်းဆိုခြင်း

ကမ္ဘာကြီးက
တို.အတွက်အဆင်သင့်မဖြစ်တာလား
တို.က ကမ္ဘာကြီးအတွက်
အဆင်သင့်မဖြစ်တာလား။

အားလုံးအတွက်လူ မဖြစ်ချင်ဘူး
“ချစ်သူအတွက်လူ” ဖြစ်ချင်တယ်။

အကောင်းဆုံးတွေကိုပဲ
အများဆုံးဖြည့်ပေးချင်လို.
နေရာလေးတစ်ခု လိုချင်တယ်။

ဗလာသက်သက်လေးလာခဲ့ပါ
မင်းရင်ထဲမှာ တစုံတရာ
ထည့်မလာခဲ့ပါနဲ.။ ။

ဇာတ်သိမ်းခန်း

အလွမ်းနဲ.
အိပ်ယာက မထချင်တော့ဘူး။

ငါခွင့်လွှတ်တာ မမှန်ခဲ့သလို
မင်းစွန်.ပစ်တာ မမှားခဲ့ဘူးလား
ကောင်းကင်ကို မေးတဲ့မေးခွန်း
မြေကြီးက မဖြေသင့်ဘူး။

မင်းဝင်လာဖို.
တံခါးဖွင့်ပေးတဲ့လက်ကပဲ
မင်းထွက်သွားမယ့် တံခါးကို
ဖွင့်ပေးခဲ့တာပါ
ဘယ်ဘ၀က ၀ဍ္ဍ်ကြွေးမှန်း မသိပေမယ့်
ဟောသည်ဘ၀မှာ
ဆပ်လိုက်ရတာတော့ သေချာတယ်။

တချို.က
တစ်ဘ၀လုံးစိုက်ပျိုးရတယ်
တချို.က
ခဏလေးနဲ. ရိတ်သိမ်းသွားတယ်
သည်လောက
စိတ်ကိုနာတယ်။ ။

Monday, August 2, 2010

ရည်းစားတစ်ယာက်ရှိဘူးတယ်

သံသယတွေမကျန်အောင်လို.
ငါ့အတိတ်ကို အကုန်ဖွင့်ပြခဲ့တာ
ရလာဒ်က ပြောင်းပြန်ဖြစ်သွားတယ်။

ခိုးပြီးငိုတဲ့သူကို
ငါကဘယ်လို ဗြောင်ချော့ရမှာလဲ
ငါလည်း ဘယ်လိုဖြေသိမ့်ရမှန်း မသိတော့ပါဘူးကွယ်။

သတိမရတော့ဘူးလို. ငါမငြင်းပါဘူး
ဒါအတွက်လည်း မင်းကိုမနာကျင်စေချင်တော့ပါဘူးလေ။

သားကောင်က
မုဆိုးကို သတိရတာမဟုတ်ပါဘူး
နာကျင်မှုကို မမေ့နိုင်တာပါ။

တွန်.ဆုတ်ငါးက
အစာကိုမတပ်မက်တာမဟုတ်ပါဘူး
ငါးမျှားချိတ်မှာ မိဘူးလို.ပါ။

မင်းဆီကို ၀ံ့ကြွားတဲ့ခြေလှမ်းနဲ.
လာခဲ့သူမှ မဟုတ်တာပဲ
ဖုန်တွေ သဲတွေ သွေးတွေနဲ.
တောင်ပံတွေဒရွတ်ဆွဲဝင်လာခဲ့တာပဲ
သေချာပြုစု စောင့်ရှောက်ပြီးမှ
ဒဏ်ရာရခဲ့ရကောင်းလားလို.
ဒေါမနဿဖြစ်နေရင်
ငါဘယ်လိုနေတတ်မှာလဲ။

ပါးပြင်ပေါ်က အမာရွတ်လေးကို
ခဏခဏပွတ်သပ်နေသူ
အမာရွတ်ပေးခဲ့သူကို လွမ်းလို.လား
ချောမွေ.မှုကို ပြန်လိုချင်တာလား
အဖြေက ရှင်းရှင်းလေးပါကွယ်။

သူ.ကိုတစ်ခါ သတိရတိုင်း
စိတ်ထဲက မင်းကို ငါးခါတောင်းပန်ခဲ့ပါတယ်
ဒါလည်း မင်းကို သတိရခြင်းတမျိုးမဟုတ်ဘူးလား။

မင်းအတွက်နဲ.
ငါတန်ဖိုးအထားဆုံးတစ်ခုကိုတောင်
မေ့ပစ်နိုင်ဖို. ကြိုးစားနေပါတယ်လို.ပြောရင်
မင်းပိုငိုရမှာပါ။

မင်းအတွက်နဲ.
ငါ့မှာနောက်ဆုံးကျန်တဲ့ သတိရခြင်းကိုတောင်
ငါမုန်းမိနေပြီလို. ပြောရင်
မင်းပိုကြေကွဲမှာပါ။

တစ်ခုတည်းသော ငါပြောနိုင်တာက
အသစ်ဖြစ်သောတစ်ခုကို နေရာအားလုံးပေးဖို.
အဟောင်းကို အမြစ်ပါမကျန် ရှင်းနိုင်အောင်
ငါအားထုတ်နေတယ် ဆိုတာပါပဲ။

အဖြစ်အပျက်တွေရဲ.အဆုံး
သစ္စာတရားကို မေးခွန်းထုတ်ကြည့်
မြူတစ်စိတ်စာတောင် မလျော.ခဲ့ဘူး
အပ်တစ်ထောက်စာတောင် မပွန်းခဲ့ဘူး
ကျီးပေါင်းတက်သစ်ပင်မှာလည်း
အသန်.စင်ဆုံး ပန်းတစ်ပွင့် သိမ်းဝှက်ထားနိုင်တာ
နည်းနည်းလေး ယုံပေးပါ။

နင်လည်း ခိုးမငိုပါနဲ.တော.
ငါလည်း ခိုးသတိမရတော့ပါဘူး
နောက်ဆုံးအကြိမ် အားရအောင်ငိုပစ်လိုက်
ပြီး
ငါ့ရင်ခွင်မှာ ပါးအပ် သက်ပြင်းလေးချ
အသစ်သောဘ၀ကို “စ” ရအောင်။ ။

Friday, July 23, 2010

ချစ်သူများကို နှုတ်ဆက်ခြင်း

အားလုံးကို နှုတ်ဆက်ပါတယ်
အဆိုးရှိလည်းပြေပါ
အငြိုးရှိလည်းကြေပါ။

ခွင့်လွှတ်ကြပါမပြောတော့ဘူး
ငါ့ဘ၀သာ အပျက်ခံမယ်
သူ.ဘ၀ဖျက်ဖို. မကြံခဲ့တာ
အားလုံးသိမှာပါ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လည်းမဖြစ်ချင်ပါဘူး
တစ်ခုပဲ
ငါ့ကိုချစ်၍ ငါချစ်သောမိန်းကလေးကိုရှာနေမိတာ
အခုတော့မဖြစ်နိုင်ခဲ့ပြီမို.
ငါ့ကိုချစ်၍ ငါချစ်သင့်သောမိန်းကလေးကိုပဲ
ငါဦးစားပေးခဲ့ပါတယ်။

ဒီကမ္ဘာကြီးမှာ ရွေးချယ်စရာများလွန်းလို.များ
ရွေးချယ်လို.မရခဲ့တာလား
အချစ်ဆိုတာကရော
ရွေးချယ်ရတာလား
နဖူးမှာ တို.မမြင်နိုင်တဲ့နာမည်တွေများရေးထိုးထားသလား
ငါလည်းမသိတော့ပါဘူးကွယ်။

တို.တွေပြန်ဆုံရင်
ငါ့ကိုပြုံးပြကြမှာလား
မျက်နှာတစ်ဘက်လှည့် တံတွေးထွေးမလား
ဘာဖြစ်ဖြစ်ပေါ့လေ
ငါ့မျက်နှာကို မေ့နိုင်ရင်အကောင်းဆုံးပေါ့။

သြော်…..
အဆိုးရှိလည်း ပြေပါစေ
အငြိုးရှိလည်း ကြေပါစေ။ ။

ရည်းစားနှစ်ယောက်ရှိဘူးတယ်-၂

ခွင့်လွှတ်ပါမပြောတော့ပါဘူး
(ခွင့်လွှတ်စရာ ကိစ္စလည်း မဟုတ်ပါဘူး)
တစ်ခုပဲ
နားလည်စွာ မုန်းတီးပေးပါ။

အပြစ်မရှိဘူးလို. မငြင်းခဲ့ပါဘူး
နတ်ရေကန်ထဲချလို. နင့်ဘ၀အသစ်ရရင်
ငါအသက်နဲ.လဲ ပို.ပေးပါတယ်
စိတ်ရင်းအမှန်ပါ။

ငါ့ကြောင့် လက်တစ်ဖက်ပြတ်သူနဲ.
ငါ့ကြောင့် လက်နှစ်ဘက်ပြတ်သူ
ပိုကြီးတဲ့ ဆုံးရှူံးသူကိုငါရွေးပါတယ်
နောက်ဘ၀ ဆိုတာရှိရင်
ငါရဲရဲလာမှာပါ
ငါကြေအောင်ဆပ်မှာပါ။

နှစ်ယောက်စလုံးအတွက်
လာခြင်းမကောင်းတဲ့လူတစ်ယောက်ကို
နှစ်ယောက်စလုံးက
မုန်းခြင်းကောင်းစွာ မုန်းပေးပါလေ။ ။

ရည်းစားနှစ်ယောက်ရှိဘူးတယ်

တစ်ယောက်က ငါ့ကိုထားခဲ့တယ်
တစ်ယောက်ကို ငါကထားရစ်ခဲ့တယ်။

တစ်ယောက်ပျော်ဖို.ငါနေခဲ့ရတယ်
တစ်ယောက်စိတ်ညစ်ရမှာ သိလို.
ငါထားရစ်ခဲ့ရတယ်
(သူကတော့ မသိရှာပါဘူး)
အခုငါ့ကို မုန်းရောပေါ့။

ကျန်နေရစ်ရတာ စိတ်မချမ်းသာသလို
ချန်ထားရစ်ရတာလည်း မပျော်ပါဘူး။

သူရဲကောင်း ဖြစ်ချင်လွန်းလို.လည်းမဟုတ်ပါဘူး
ရိုးရိုးလေးပါပဲ
ကိုယ့်ကိုကိုယ် အမုန်းခံ
သူတို.နဲ.ကိုယ် သံသရာ အကြွေးမကျန်ဖို.
လူဆိုးစာရင်း အ၀င်ခံခဲ့တယ်။ ။

အမေ့ခံ သူရဲကောင်း-၂

ဓားကတော့ ထက်မြနေဆဲပဲ
ဒီလက်တွေက အားအင်မဲ့ခဲ့ပြီ။

ဂုဏ်ပြုပွဲတော်တွေနဲ. ဝေးရာမှာ
ငါတစ်ဦးထဲ စဉ်းစားနေခဲ့မိတယ်
သွေးနဲ.ရှင်းတဲ့ တိုက်ပွဲဟာ
သွေးနဲ.ရင်းရတာပါ
သွေးတဲ.ရေးတဲ့ သိက္ခာဟာ
သွေးနဲ.ပဲဆေးရတာပါ
ဘာအတွက် ငါ တိုက်ခိုက်ခဲ့တာလဲ။

အောင်မြင်မှုနောက် လိုက်နေကြတဲ့
အသစ်သော အသစ်သော သူရဲငယ်တွေ
သိက္ခာကို ဓားနဲ. ရှာဖွေနေကြတဲ့
နုပျိုသော ထက်မြက်သော လူငယ်တွေ
တကယ်ရော ရမှာလား
ရရင်ရော မြဲမှာလား
ဆို.နင့်စွာ ပြုံးမိတယ်။

ဘ၀ရဲ. အမွန်အမြတ်ဟာ
ဘယ်လို အောင်နိုင်ခြင်းမျိုးပါလဲ
ဒူးအစုံကိုညွတ်ချ
ချိနဲ.သော လက်အစုံကို
ပဒုမာကြာလို ပူးကပ်လိုက်ချိန်
ငါ့ရင်ထဲမှာသူရဲကောင်းတစ်ပါး
နုပျိုစွာ ဖွားမြင်လာခဲ့တယ်။ ။

Thursday, May 27, 2010

တောင်ပံလေးနဲ.ခရီးနှင်

(၁)
ခြေကုတ်မမြဲလို.
အကြိမ်ကြိမ်လဲကျဘူးခဲ့တယ်။

လေယမ်းဝှေ.တိုး
သစ်ရွက်မိုးနဲ.တော့မစိုချင်ဘူး
ကောင်းကင်ရဲ.လက်ဆောင်ကိုတောင်
လက်ဝေခံယူနေရရင်မလိုချင်ဘူး
အဲဒီမာနကလည်း
အမေ့ဇာတိပြတယ်။

ဒါပေမယ့်အမေ့သားက
မှားတဲ့နေရာမှာပိုပါတယ်
မမြဲလို.တော့မဟုတ်ဘူး
တစ်ယောက်သူမျက်ရည်ဝဲလို.
ဆွဲထားတဲ့လက်ကိုလွှတ်ပေးခဲ့ဘူးပါတယ်။

ကံကြမ္မာခင်းပေးတဲ့ လမ်းကိုမလျောက်ဘူး
အနုပညာကိုပဲ လိုက်ကောက်ချင်ခဲ့သူ
ငါဖောက်ထွင်းခဲ့တဲ့ ၀င်္ကဘာက
ဆူးကွန်ခြာ အလွှာလိုက် ထပ်နေတော့
ခြေထောက်တွေ စုတ်ပြတ်ခဲ့ပါပြီ။

(၂)
မြေပြင်က ကြမ်းတမ်းရုံပဲဆို
ဘယ်လိုဖြစ်ဖြစ် လျောက်ရဲပါတယ်
အခုတော့လည်း
လမ်းစတွေက စိတ်မွှာ
ဘယ်နေရာ ဘယ်အကွေ.မှာ
ဘာတွေ.မှာလဲ မသိတော့
လျောက်မိတဲ့ ခြေထောက်တွေက
နှလုံးသားကို သစ္စာဖောက်ပြီလား
တွေးမိရင် ရင်နာရပြန်တယ်။

ဒီလမ်းကိုပဲမှားလျောက်တော့
ဒီဆူးကပဲ ခြေကို ထပ်ဖောက်တာပေါ့
ပြုံးရတာလည်း ရှက်ဖို.ကောင်းပြီထင်တယ်
ကျောက်သင်ပုန်းပေါ်က “ကကြီး ခခွေး” လို
လက်လေးနဲ.ဖျက်လို.တော့ ဘယ်ရပါ့မလဲ။

(၃)
ဆူးဝင်္ကဘာမှာမောပန်းလည်း
ဝမ်းမနည်းခဲ့ပါဘူး
ဘယ်လက်မှာတွဲစရာမရှိပေမယ့်
ညာဘက်လက်တကြောလုံး
အနုပညာကသွေးတိုးနေတယ်
အချိန်တန်ရင် ပန်းတွေပွင့်လာမှာပါ။

အားပေးဖော်ဆိုတာက
အားငယ်တတ်သူတွေအတွက်ပေါ့
ငါလိုအပ်တာက
ပေးဆပ်သူမဟုတ်ဘူး
မျှဝေတတ်သူပဲဖြစ်တယ်။

(၄)
စံပယ်ကိုရှာရင်းနဲ.
နှင်းဆီဆူးနဲ.လည်း ငြိဘူးပြီ
အမှောင်ထဲကနှစ်ယောက်
တစ်ယောက်ကို တစ်ယောက် ၀င်တိုက်မိတာ
ရေစက်မဟုတ်ပါဘူး
ဝဍ္ဍ်ကြွေးကျေသွားတာပါ။

ပိုင်ရှင်ရှိတဲ့ သစ်ပင်ရိပ်လေးကို
ပိုင်ရှင်လာတော့ ဖယ်ပေးရသလို
ကိုယ်ပိုင်တဲ့ သစ်ပင်လေးကိုလည်း
အားကြီးသူလာတော့ ထပြေးခဲ့ရတာပါပဲ
ဒီကမ္ဘာကြီးကို နားလည်ရတာလည်း
ရင်ကွဲပက်လက်နိုင်လွန်းပါတယ်။

ကိုယ့်ဘ၀ရဲ့ မှတ်စုများမှာ
ခြေထောက်ဆိုတာက
ထွက်ပြေးဖို.နဲ. လမ်းမှားဖို.မျှသာ
အမေ့ကို အားနာမိသော
ထို ခဏငယ်များစွာမှသည်……
………………………………..
……………………………………

(၅)
မုန်တိုင်းကြမ်းကြမ်းပြီးတဲ့နောက်
လမ်းပျောက်တာလဲအကောင်းသား
စမ်းတ၀ါးဝါးသွားရင်း
မြရွက်ရည်သစ်နွယ်ကြားက
ပန်းသီးတစ်လုံးကိုစားမိတယ်။

ပြီး
အိပ်ပျော်သွားလိုက်တာ
နိုးလာတော့
ကမ္ဘာဟာတစ်ခုခုတော့မှားနေပြီ။

ဘယ်ဘက်ရင်ခွင်က
ပြည့်လျှမ်းလာတဲ့တစ်စုံတစ်ရာဟာ
ပခုံးသားတစ်လျောက်
တင်းရင်းနွေးမြသွားလို.
ခေါင်းငဲ့ကြည့်မိတော့
အို……………………………
…………………………………
…………………………………

မျက်လုံးထဲမှာငွေဖြူရောင်လက်သွားတယ်
လမင်းရဲ.ကြည်သန်.မှုနဲ.
ငါ့မှာ
တောင်ပံတစ်စုံနဲ.
တောင်ပံတစ်စုံနဲ.
တောင်ပံတွေတစ်စုံနဲ.။

(၆)
ပန်းပွင့်လေးတွေက
ကောင်းကင်ကိုပဲမော့ကြည့်တယ်
မီးခိုးမွမွတွေက
အပေါ်ကိုပဲလွင့်တက်တယ်
အထက်တစ်နေရာမှာ
တို.မသိတဲ့မြင့်မြတ်မှုတစ်ခုခု
ရှိနေမှာအသေအချာပေါ့…………

ပျံသန်းခြင်းဟာ
ဘုရားသခင်ရဲ.လက်ဆောင်မွန်ဆိုရင်
တောင်ပံတွေဟာ
လူသားနဲ.ဒေ၀တာကိုဆက်သွယ်တဲ့
တစ်ခုတည်းသောကြိုးဖြစ်တယ်။

ခြေထောက်ဆိုတာက
လမ်းရှိမှလှမ်းလို.ရတယ်
အကန်.အသတ်မဲ့လွတ်လပ်ခြင်းကိုတော့
တောင်ပံတွေကပေးတယ်
မြေပြင်ကရက်စက်တတ်တယ်
ကောင်းကင်ကသိမ်မွေ.တယ်
တို.ဘ၀တွေက
ရွေးချယ်ခွင့်နည်းလွန်းခဲ့တယ်။

တောမီးတွေလောင်ချိန်
ခြင်္သေ့တွေကျားတွေလည်စင်းခံရတယ်
ငှက်တွေကတော့
လေကိုဆန်ပီးနေရာသစ်ရှာတယ်
လောကဟာ
အဓိပ္ပါယ်တစ်ခုခုရှိနေတာပဲ။

(၇)
အိပ်မက်ဆိုရင်လည်း
ကျေနပ်ပါတယ်
အမေပေးတဲ့ခြေထောက်တွေက
တာဝန်ကျေအောင် ထမ်းခဲ့ပီးပါပြီ
ခုအချိန်မှာတော့
တောင်ပံလေးနဲ. ခရီးဆက်ပါရစေဦး။

သော့လေးတစ်ချောင်းထဲမှာ
အခန်းကြီးတစ်ခုသိမ်းထားသလိုမျိုး
တောင်ပံလေးထဲမှာ
င့ါအနာဂတ်တစ်ခုလုံးဝှက်ထားလိုက်မယ်
ခက်ခဲဘူးတဲ့တောင်ထိပ်တွေ
ဝေးလွန်းတဲ့ပန်းတိုင်တွေ
မရောက်ဘူးတဲ့စားကျက်တွေအတွက်
မြေပုံလေးပဲဆိုကြပါစို.။

လမ်းတွေကငါ့ခြေထောက်တွေကိုခေါ်ယူတော့
ငါဟာလမ်းရဲ.အစေအပါးပဲဖြစ်ရတယ်
တောင်ပံလေးနဲ.ကျ ငါဟာ
ရှုခင်းတွေကိုငါ့ဆီခေါ်ယူနိုင်တဲ့
နတ်တမန်တစ်ပါးလိုခံစားရပြန်လေတယ်။

လမ်းမရှိလည်းဘာအရေးလဲ
ကောင်းကင်ဟာငါ့လမ်းဖြစ်တယ်
ခက်ခဲခဲ့ဘူးသောအနာဂတ်ရေ
အရှူံးကနေ ငါပြန်အနိုင်ယူဖို.
တောင်ပံလေးနဲ.ငါပျံလာခဲ့မယ်။

ကောင်းကင်မှာဝင်္ကဘာမရှိဘူး
တောင်ပံလေးကလမ်းညွှန်အလံလေးပဲ
မြေပြင်ကရှုပ်ထွေးမည်းနက်တယ်
ကောင်းကင်ကရှင်းလင်းတောက်ပတယ်
တောင်ပံလေးနဲ.ခရီးနှင်မယ်။

(၈)
ငါ့တောင်ပံလေးရေ
လောက ကိုပြန်လည်ဖန်ဆင်းဖို.
ငါ့ဆီကို မင်းရောက်လာခဲ့တယ်
ဘ၀ကိုပြန်လည် ဦးသစ်ရွှန်းမြဖို.
မင်းနဲ.ငါခရီးနှင်ကြပါစို.ကွယ်။

စံပယ်များပွင့်ရာဆီ
သစ္စာတရား ထွန်းကားရာဆီ
အမုန်းတရားများဝေးရာဆီ
အသစ်ဖြစ်သော အရာရာဆီ
တောင်ပံလေးနဲ.
တောင်ပံလေးနဲ. ခရီးနှင်။ ။

Tuesday, May 18, 2010

နင့်လူနဲ. ငါ တွေ.ချင်တယ်

နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်တို.ကို မနှောက်ယှက်ပါဘူး
ငါပြောစရာလေးတွေရှိလို. ……..

နင့်လူနဲ. ငါ တွေ.ချင်တယ်
နင် ကန်စွန်းရွက်ကြော် ကြိုက်တာ ပြောပြဖို.
နင်စိတ်ကောက်ရင်
ချော့တာထက် ဘေးမှာငြိမ်ငြိမ်လေးနေတာ
ပိုထိရောက်ကြောင်း ပြောပြဖို.။

နင့်လူနဲ. ငါ တွေ.ချင်တယ်
ဆောင်းတွင်းရောက်ရင်
နင့် လက်ဖ၀ါးလေးတွေ ယားတတ်တာဂရုစိုက်ပေးဖို.
နင့်နားပေါက်တွေက
သံထည်တွေပန်ရင် ယောင်တတ်တာပြောပြဖို.။

နင့်လူနဲ. ငါ တွေ.ချင်တယ်
အချိန်ရရင်
နင့်ဆံပင်ကြမ်းတွေ ရွေးနှုတ်ပေးဖို.
(နင်သွားကိုက်တတ်တာတော. မပြောတော့ဘူး
သူကုတတ်မှာပါ :p )

နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်ဆိုင်ကယ် အမြန်မောင်းတာ သတိပေးခိုင်းဖို.
အစာမှားရင်
နင်ဗိုက်နာတတ်တာ သိထားဖို.။

နင့်လူနဲ. ငါ တွေ.ချင်တယ်
ညည နင်နဲ.အတူ
ကြယ်တွေကို ထိုင်ကြည့်ပေးပါ ပြောမလို.
မေမြို.တက်ရင်
(ပိုက်ဆံကုန်သွားလို. တို.မ၀င်ခဲ့ရတဲ့)
ရုက္ခဗေဒ ဥယျာဉ်
ပို.ဖြစ်အောင်ပို.ဖို. မှာချင်လို.။

နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
……………………………………
……………………………………
……………………………………

Monday, May 17, 2010

သက်တံ့

သက်တံ့ ဆိုတာက
အပေါ်စွန်းထုတ်ပြတဲ့
စက်ဝိုင်းတစ်ခု မျှသာ…..

ကျန်ရှိတဲ့ စက်ဝန်းပြတ်
ကမ္ဘာမြေရဲ. ရင်ဘတ်ထဲမှာရှိတယ်
ကွယ်ဝှက်တတ်တဲ့ သဘောက
လောကရဲ. သဘာဝ ဆိုပါတော့ကွယ်။

မေတ္တာဆိုတဲ့ သက်တံ့ရဲ.
ထိန်ချန်တဲ့ စက်ဝန်းတစ်ပိုင်း
ငါ့ရင်ထဲမှာ သူ.အတိုင်း ကျန်သေးတယ်
ဖယ်ရှားပေါင်းထည့်ခြင်း မလုပ်မိအောင်
အရှိအတိုင်း ထားလိုက်ချင်ပေမင့်
နင် မြင်သင့်သလား တွေးမိလို.ပါ။

မီးကျိုးမောင်းပျက် စိတ်ကူးနဲ.
သံယောဇဉ်ကို ခူးချင်တဲ့စိတ်
အရိပ်တကြည့်ကြည့် ဆပ်ပြာပူပေါင်းလေးကို
ပုဆိန်နဲ. ခုတ်ပစ်တယ်ဆိုမလား
ငါ့အမှားပဲထားပါလေ ။

မသိစိတ်က လှုပ်နှိုး
မေးခွန်းမျက်ဝန်းလေး လှမ်းအခိုးမှာ
ငါ….ရိုရိုကျိုးကျိုးလေး မြတ်နိုးသွားခဲ့မိတာ
ကာလတစ်ခုပြီးတစ်ခု ပြုစား
ငါ့ရဲ.မှော်နတ်ဖုရားမလေးရေ
ကြယ်မှုန်မှုန် အတွေးတွေတိုင်းမှာ
သက်တံ့တစ်ပိုင်းလို ကိုင်းညွတ်အုပ်မိုး
ငါဖြူစင်အောင် နင်ပျိုးခဲ့ဘူးတယ်။

နင်တန်ဖိုးထားထား မထားထား
ငါ့ ကမ္ဘာဦး မေတ္တာတရားက
အငြင်းပွားဖွယ် မဲ့ တည်ခဲ့တယ်
ဘယ်မှော်ရုံ ၀င်္ကဘာကမှ
ငါ့ လားရာကို မဖျက်နိုင်ခဲ့ဘူး။

ပိုင်ဆိုင်ဖို.ထက် မြတ်နိုးဖို.ကို
ငါ ပိုလို. အလေးထားရင်း
ကိုးကွယ်ခြင်းနဲ. တပိုင်းသေနေတဲ့
ကောင်လေးတစ်ယောက်ရဲ. အိပ်မက်ရှည်တွေလေ
နင့်ကြောင့် အရွက်အခက်ဝေခဲ့တယ်။

အဲဒီလို
ရိုးရိုးသားသား အံကိုကြိတ်
ကောင်းကင်ကို တိတ်တဆိတ်မော့ကြည့်
တိမ်တွေကို စကားပြောမိခဲ့
လူရှင်းတဲ့လမ်းတွေပေါ်မှာ
နာမည်လေးတစ်ခုကို တိုးတိုးခေါ်ရင်း
သက်ပြင်းတွေ ချဘူးခဲ့ပြီ။

အတည်အတံ့ ငါ့ရင်ခွင်ဟာ
နင်မြင်တာထက် ပိုသိပ်သည်းခဲ့တယ်
မြိုသိပ်တဲ့ အနက်အရှိုင်းကို
နင်သိအောင် သမိုင်းမတင်ခဲ့တာဟာ
တိမ်လွှာပေါ်က သဏ္ဌာန်ရုပ်ကို
နင် သက်သေလုပ်မယ် မထင်လို.ပါ။

အကြည့်ထက်မပိုတဲ့ မေတ္တာတရား
နင်ဘယ်လို နားလည်မှာလဲ
တောကြီးမျက်မည်းထဲက သစ်ရွက်တစ်စ
တစ်တောလုံးရဲ့ သဘာဝ မဟုတ်ဘူး
ရည်စူးသမျှတွေ ခင်းကျင်း
ငါ့ တစ်ဘ၀လုံးလင်းခဲ့တာတောင်
နင်သိအောင်မပြခဲ့ဘူးလေ။

ယုံကြည်ခြင်းတရား ဆိုတာက
မြင်နိုင်တဲ့ အကြောင်းဆက်တွေကို သက်သေပြ
တစ်ခုခြင်း ရေတွက်သွားရတယ်
တကယ်တော့လည်း
ငါ့အဖြစ်က ရေခဲကျွန်းလို
မဖြစ်စလောက်ပဲ သောင်ထွန်းခွင့်ရ
ခမ်းနားကြောင်း ဘယ်လိုပြမှာလဲ။

သြော်…..အရှိကနေ ဆင့်ပွားတွေးရတဲ့အသိ
မြင်တတ်အောင် ဘယ်လိုကြည့်ရပါ့
နင်မြင်နိုင်သမျှက အပေါ်ယံကြောပါ
နက်ရှိုင်းတဲ့ အတွင်းသဘောကို
ထုတ်ခြင်းခတ် မြင်အောင်ပြောချင်သေးတယ်။

နင်မကြည့်တဲ့ မြင်ကွင်းအောက်ကိုမှ
ယောက်ျားဆန်ဆန် ဒူးထောက်ပြခဲ့သူ
နောက်ကျတတ်တဲ့ စကားလုံးတွေကြောင့်
ယောက်ျားဆန်ဆန် ရှုံးနေရတယ်။

စိတ်တူကိုယ်တူ ဝေးခဲ့တာမဟုတ်တော့
အတွေးတွေ ဖြန်.ကာအုပ်မိုးတဲ့ညတိုင်း
အရူးတစ်ပိုင်း အိပ်မက်တွေနဲ.လန်.နိုး
သူစိမ်းဆန်တာ ဆိုးတယ်ကွယ်။

ငါ့ရဲ. ရာဇ၀င် စံပါယ်ဦးလေးရယ်
ဥပေက္ခာ အစိမ်းတွေ ရင်မှာစူးလောက်အောင်
ဘယ်အမှားအယွင်းကိုမှ မခူးမိပါလားကွယ်။

နင်မယုံကြည်နိုင်တဲ့ မေတ္တာ
ငါမဖေါ်ပြသာတဲ့ သံယောဇဉ်
နင်မမြင်နိုင်ခဲ့တဲ့ နာမဓာတ်တွေနဲ.
နင့်ကိုနင် ကန်.သတ်ထားပါ
နင်စည်းခြားလိုက်တဲ့ တံခါးက
နင့်ပစ္စည်း ယူမသွားအောင်တားနိုင်သလို
နင့်ကို ပေးချင်တဲ့ပစ္စည်းကိုလည်း
နင့်လက်ထဲ မထည့်အောင် တားသွားတာပါပဲ။

ခေါင်းငုံ. အံကြိတ်
ကိုယ့်ဒဏ္ဏာရီကိုယ် ပြန်ပိတ်ခဲ့ရ
တစ်ဘ၀စာမိုးသည်း
ယုံကြည်ခြင်းတွေ အိမ်ယာအပြောင်းမှာ
ကောင်းကင်နဲ. ငါ့တောင်ပံ လွဲခဲ့ပြီ။

နတ်ဆိုးတွေ ကျိန်စာဖတ်တဲ့ အရပ်တောင်မှ
ငါခြေဦးမချဘူးပါပဲနဲ.
စိမ်ပြေနပြေ အထင်တော်လွဲခဲ့တာ
အသည်းဆို.အောင်နာတယ်။

မျော်လင့်ခြင်းတွေ တန်းလန်းနဲ.
လက်ပန်းကျနေသူ တစ်ယောက်
ရေကြည်တစ်ပေါက် မပေးရင်နေပါ
ခြေနဲ. မကန်ကျောက်သင့်ပါဘူး။

အကြည့်တွေ တနွယ်ငင်ငင် စိမ်းလဲ့ကြ
ဘာ့ကြောင့်များ ယုံကြည်မပေးသလဲ
ရင်ထဲမှာ နင့်နင့်သက်သက်
ပတ်ဝန်းကျင် ချည်တဲ့ကြိုးက
မိုးမလင်းခင် ပွဲဖျက်တယ်။

တစ်လမ်းမောင်း ပန်းပွင့်လေးကိုမှ
ခဏခဏမှိုင်းတိုက်
ငါက…..
သူရဲကောင်းဆန်ဆန် မမိုက်ရဲလို.
တိုက်ပွဲမှာ ကျသူပါ။

အထီးကျန် ရထားလေးက
ဥသြသံ ဖြူလျော်လျော်တောင် မပေးပဲ
အဝေးကို အပြေးတပိုင်း ထွက်ခွာ
နာကျင်ခြင်း ကုန်အပြည့် တင်ဆောင်
ငါနင့်ကို ရှောင်ပါ့မယ်။

သူ.ကို သိပ်ချစ်လို.
တစ်ဘ၀လုံး ပြန်“သစ်”ချင်ပေမယ့်
ဘယ်ဖြစ်နိုင်ပါ့မလဲကွယ်
ကိုယ့်ရင်ထဲ ကိုယ်ပြန်ပုန်းပြီး
မျက်ရည်အ၀ါနဲ.
ငါ……ရှုံးမယ်……..

ချစ်မိသူ ဆိုတာ မနာရက်ဘူးကွယ့်
တွေးတဲ့အခါတိုင်း အသစ်ဖြစ်
ငါ့မှာ အရင်ထက် ပိုချစ်မိ
နင် သိရင် ရယ်ဦးမှာ…….

ယုံကြည်မှုကို ပေးအပ်ဖို.က
ခြေတစ်လှမ်းမက နောက်ကျခဲ့ပြီ
ဒီရေပြာပြာ အိပ်မက်တွေက
အတိတ်လပြည့်ည တိုင်း တက်တယ်။

တမြတ်တနိုးလေးရေ
ဝေးကွာခြင်းတွေ တနံတလျားနဲ.
ကာလများ အလွှာလွှာ အထပ်ထပ်မှာ
တယိုင်တရွဲ. ရပ်တည်ခဲ့ရတယ်
ခဏငယ်တိုင်းမှာ ပျံ.ဆွတ်
မျော်လင့်ခြင်းပန်းခိုင်က
မနိုင့်တနိုင် ယိုင်ညွှတ်တယ်။

ကံနည်းသူတွေ လျှောက်တဲ့လမ်းပေါ်
မျော်လင့်ခွင့်ကို ဆုတ်ကိုင်
ဘယ်အချိန်မှာ ပြန်တိုက်ဆိုင်မလဲ
မရဲတရဲ ပင်လယ်သစ်လေးမှာ
“ကျွန်း” ဖြစ်လာပါကွယ်။

သူသူကိုယ်ကိုယ် လွမ်းခဲ့ကြဘူး
ငါ့ကျမှ ပိုထူးသလား
တနေ.တခြား တိုးတိုးသတိရ
ကျားကုတ်ကျားခဲ ချစ်မိသူမှာ
ဆွတ်ဖြူစွာ သတိရနေရဲ.။

တစ်ခါတစ်ခါကျ
အောက်ကျ နောက်ကျ ခြေထောက်တွေနဲ.
ပြန်လည်ဒူးထောက်မယ် စိတ်ကူးမိ
ရှိစုမဲ့စု မာနလေးက
ပြန်သွားခွင့် မပေးဘူးကွယ်။

မိန်းကလေးတို. အဖြစ်
အချစ်နဲ. အယုံအကြည်
တစ်ပိုင်းစီ ကန်.ထားသလို
ယောက်ျားတို.ရဲ.ဘဝ
အချစ်နဲ. မာန
အခိုင်အမာ ခွဲထားကြတယ်။

တရှိုင်းနင့်နင့် ငါ့ချစ်ခြင်း
အကြွင်းမဲ့ တည်ရှိပေမယ့်
ရှိသင့်တဲ့ သိက္ခာတရား
ထားနိုင်အောင် ငါထားမယ်။

အမှတ်မဲ. ပြန်ဆုံတဲ့အခါ
နင့်မျက်နှာ ကွယ်အ၀ှက်ကို
မက်မက်သက်သက် အငေးမှတပါး
အခြားသော သံယောဇဉ်
နင်မမြင်အောင် “တား”မယ်။

အဲဒီ တစ်နေ.လုံး
အရင့်နက်ဆုံး အပြုံးနဲ.
တစ်ယောက်ထဲ ရိုးရဲပြုံးရင်း
အလင်းဖွဖွ ကောင်းကင်မှာ
သက်တံ့ ရှိမရှိ ရှာကြည့်မယ်။

ဒါပါပဲ
သက်တံ့ရဲ. ကွယ်ဝှက်တဲ့စက်ဝန်းပြတ်
သံယောဇဉ်မဲ.မမြင်အပ်ဘူး
မြင်တတ်အောင် ကြည့်ဦးတော့
အဆုံးအရှုံး ကောင်းကင်မှာ
မိုးသားတွေ ကင်းစင်ပြီပဲ
ဘာထူးမှာလဲ
ဘာ
ထူး
တော့
မှာ
လဲ
ကွယ်…….။ ။

သူငယ်ချင်းလေးသို.-၂

သူငယ်ချင်းလေးရေ
ရှင်းပြဖို. ကြိုးစားရင်း
မင်းကိုငါ စွန်.ခွာခဲ့တာပါ
လျှင်သူ သာသူစား ဆိုပြီး
မေတ္တာကို ကျားထိုးခဲ့တာ မဟုတ်ပါဘူး။

ယုံချင်မှယုံပါ
မာန ဆိုတဲ့ တရားက
နားလည်မှုကို ကန်.သတ်တယ်
ဖြစ်တတ် ပျက်တတ်တဲ့တရားကို
ငါဘယ်လိုရှင်းနိုင်မှာလဲ။

တကယ်တမ်းဆိုရင်
နွံအရင်နစ်သူက ငါပါ
ကူပါကယ်ပါ ငါဖမ်းဆွဲရင်း
နွံထဲကို မင်လည်းကျခဲ့ပါသလား။

တစ်က ပြန်စလို. မရအောင်
နောက်ကျခဲ့ပါပြီ
ဒီလို ဖြစ်ခဲ့မယ် ပျက်ခဲ့မယ်
ဘယ်သူ ဘယ်လိုတွေးတတ်ခဲ့မှာလဲ။

ရိုးသားတဲ့သူငယ်ချင်းအသိ
ငါ့မှာတကယ်ရှိဘူးပါတယ်
ကွယ်ပျောက်မှာ မဟုတ်တဲ့ အမှန်တရား
မင်း နားပိတ်ပြီး ငြင်းချင်ငြင်းပါ။

အေးမြသန်.ရှင်းခြင်းနဲ.
မင်းနဲ.ငါ ခင်တွယ်ခြင်းအရိပ်
အတိတ်မှာနေရာတကျ
တည်ငြိမ်စွာကျန်ခဲ့ရပြီဆိုတာကို
မင်း….. ဖယ်ရှားလိုပါသလား။

သြော်……
ဒါတွေပြောချင်တဲ့စိတ်ဟာ
အတိတ်မှာ လှမ်းမြင်တဲ့
သံယောဇဉ်ကို လှုပ်နှိုး
အရင်ဘ၀ကို မျှော်ကိုးလို.တော့မဟုတ်ဘူး။

တစ်စုံတစ်ခုသော အကြောင်းတရားကြောင့်
ပြောင်းသွားနိုင်တဲ့ ခင်မင်ခြင်းကို
မင်းသိသလို ငါသိတယ်
ဖယ်ရှားလို.မရတဲ့ အတိတ်
အရိပ်လိုပဲ ရှိပါစေတော့။

ရိုးသားခြင်း ဆိုတဲ့စိတ်
တိတ်ဆိတ်စွာပြောင်းလဲခြင်းကို
မင်းကြုံဘူးပါသလား
စကားမဲ့စွာ မနောဓာတ်နဲ.
ထင်ဟပ်ပြီးနားလည်ပါသလား။

စကားလုံးတို.ရဲ. အနက်က
ငြိမ်သက်စွာမနေအပ်လို.လား
ရှုတတ်မြင်တတ်တဲ့ ထောင့်ကိုလိုက်လို.
စိတ်ကြိုက် အဓိပ္ပါယ် ထွက်ကြရဲ.။


အဓိပ္ပါယ်တင် ယဉ်ရထားဖြစ်တဲ့
ငါ့ရဲ.စကားတွေလည်း
ဘယ်နေရာ မှားခဲ့ပြီလဲ
ရင်ထဲမှာ….. သူငယ်ချင်းရယ်………

သစ်စေ့လေး အပင်ပေါက်ချင်တယ်ဆို
အစေ့ခွံ အရင်ပျက်စီးရသလို
မြိုသိပ်မရတဲ့ တစ်စုံတစ်ရာကို အကြောင်းပြု
နင်နဲ့ငါ ခင်မင်မှုဟာ
တစ်ခုခု လွဲချော်ခဲ့ပါပြီ။

တိတ်တိတ်လေးမျော်ကိုး
ဖြည်းဖြည်းချင်းပျိုးခဲ့တဲ့
ပုန်းလျှိုးကွယ်လျှိုး သစ်တစ်ပင်ကို
နင်ဘယ်လို သဘောထားမှာလဲ
အတွေးထဲမှာပဲ မေးမိတယ်။

ပြောကြစတမ်းဆိုရင်
နင်မမြင်ပေမယ့်
ရှိတဲ့အရာဟာ ရှိခဲ့တယ်
ပျက်တဲ့အရာဟာ ပျက်ခဲ့တယ်
တကယ်တော့ အမှန်တရားဟာ
ဖယ်ရှားလို.မရဘူးကွယ်။

နင်မသိရပေမယ့်
ကျခဲ့တဲ့ သိက္ခာနဲ.
လိပ်ပြာက နာချင်ပါတယ်
သူငယ်ချင်းရယ်
ငါဘယ်လိုမှ အပြစ်မမြင်တတ်ဘူး။

ရူးမိုက်ခြင်းက အမှားဆိုရင်
အဲဒီ အမှားကိုပွေ.ဖက်
တနင့်တပိုး အိပ်မက်နေဦးမယ်
ဘယ်သူမှ ခြောက်ပြစ်မကင်းပါဘူး။

နင်တွေးနိုင်တတ်ခဲ့ရင်
လတ်လတ်ဆတ်ဆတ် ကာလများက
စကားတွေကို သုံးသပ်ကြည့်ပါ
ငါဘယ်လို ဖြစ်ခဲ့သလဲ
မြင်ရဲရင် မြင်လို.ရပါတယ်။

တို.ကြားက ခင်မင်မှုကိုလည်း
ကောင်းကင်ထဲက တိမ်တွေလို
အမှန်တကယ်ဆိုပေမယ့်
ဘယ်လိုမှ ဖမ်းကိုင်လို.မရပါဘူး။

စကားတစ်ခွန်းနဲ.တောင်
ငါမချည်နှောင်ခဲ့တာဟာ
ငါပေးချင်တဲ့လွတ်လပ်ခြင်း
မင်း ရစေချင်တာပါ
အထင်မလွဲပါနဲ.။

တစ်ယောက် ကိုတစ်ယောက်က
အသုံးချဖို. မလိုသလို
ပေးဆပ်ဖို.လည်းမလိုပါဘူး
ရူးခဲ့မိုက်ခဲ့မိရင်
ဒီဖြစ်စဉ်မှာ…သူ “တရားခံ”

ကိုယ့် ကို ကိုယ် လက်ညှိုးထိုးပြီး
အငြိုးကြီးကြီးပြောလိုက်တာပါ
ဟုတ်ပါတယ်…ငါက
တစ်ခဏနဲ. တစ်ဘ၀ကို
နောင်တမဲ့စွာ လဲခဲ့သူပါ။

သူငယ်ချင်းဖြစ်စဉ်မှာ
တစ်သက်စာနေချင်လည်း
အရင်လို မဟုတ်တော့တဲ့ အတွင်းစိတ်
ဘယ်သူလှောင်ပိတ်ထားချင်မှာလဲ။

ပြောင်းလဲလို.ရတဲ့ ခင်မင်ခွင့်ကို
နင့်လက်ကို ငါအပ်ပါတယ်
ဖယ်ချင်ဖယ် ဖျက်ချင်ဖျက်
နင် ဆက်လက် ဆောင်ရွက်ပါ။

ရိုးသားမှု ဆိုတဲ့ သဘောဓာတ်
အရောင်ပြောင်းတတ်တာတွေ.ဘူးရဲ.
မပြောင်းလဲခဲ့ရင်လည်း အပြစ်မရှိ
ကိုယ့်အဖြစ် ကိုယ်သာသိတယ်။

ဖြူစင်ခြင်း ဆိုတာထက်
မှန်ကန်ခြင်းကို ပိုနှစ်သက်ခဲ့တာပါ
တကယ့်တကယ်တမ်းမှာ
ဘယ်အရာမှ မတည်မြဲပါဘူး။

ပွင့်နေတဲ့ တံခါးတစ်ချပ်
သိချင်တိုင်း မ၀င်အပ်လို.
ရပ်တန်.ပြီး ခေါ်မိတာပါ
ဘာမှတော့ မဟုတ်ဘူးကွယ်။

ငါနင့်ကို တစ်ဖက်သတ်
မပြောအပ်တာတွေ ပြောမိသလား
အပြစ်ရှိသူကငါပါ
ငါလည်းသိ နင်လည်းသိ
ယဉ်ကျေးမှုမရှိတာ ငါလေ။

စော်ကား သိက္ခာချလိုစိတ်
ငါ့မှာ အရိပ်တောင် မရှိပါဘူး
အဦးဆုံးပြောခဲ့သလို
စကားကို မပြောတတ်တာပါ။

အကျိုးတရားတစ်ခုဟာ
အကြောင်းတရားများစွာကြောင့်လည်း
ပြောင်းလွဲတတ် မှားတတ်ပါရဲ.
မင်းနဲ.ငါနဲ. နှစ်ဦးကြားမှာ
ဘာမှားခဲ့သလဲကွယ်။

သူငယ်ချင်းလေးရယ်
မင်းနဲ.ငါဟာ
ရန်ဘက်မဟုတ်ခဲ့ပါဘူး
တိုက်ပွဲတစ်ခုလိုမျိုး
ငါ့ကို ချောင်ပိတ်မသတ်ပါနဲ.ကွယ်။

နင်ရှိရာကိုငါ
မလာဝံ့ခဲ့ပါ
တခါတခါ မြင်လိုစိတ်ကို
ရူးမတတ် မြိုသိပ်ခဲ့ပါတယ်။

ဘယ်သူမှ မတားပေမယ့်
ငါ့စိတ်ငါ စည်းခြားလိုက်တယ်
အခိုက်အတန်.များစွာကိုလည်း
အိပ်မက်ထဲ ပို.လိုက်တယ်။

အတွင်းစိတ်ကို ထိန်းသိမ်း
ကြိုးစားပြီး စိမ်းခဲ့တယ်
လွယ်တော့မလွယ်ကူခဲ့ပါ
ငါသိပ်ကို နာကျင်ခဲ့ပါရဲ.။

စိတ်ကူးနဲ. ရှောင်ပုန်းပြီး
စိတ်ကူးနဲ.ရှူံးခဲ့တယ်
တကယ်တမ်းဆုံးရှူံးခြင်းကို
ငါဘယ်လို ရင်ဆိုင်မှာလဲ။

ရှေ.ကိုမတက်သလို
နောက်ဖက်ကိုမလှည့်
ခေါက်ခဲ့တဲ့ တံခါးရှေ.မှာ
ငါ…ရပ်နေသေးတယ်။

မဖိတ်ခေါ်ပဲနဲ.
ငါ မ၀င်ရဲခဲ့ပါဘူး
စိတ်ကူးတွေ တပွေ.တပိုက်ရှိတိုင်း
ငါမိုက်ဖို.သင့်ရဲ.လား။

ပတ်ဝန်းကျင် တိုင်းတာတဲ့စံ
ပေတံတွေနဲ. မကိုက်ညီလို.
ငါမိုက်တယ် ပြောချင်ပြောပါ
ရင်ရောကျောရော စည်းခံပါ့မယ်။

တစ်နေရာထဲကရပ်ကြည့်
တစ်ခုထဲ သိတဲ့အသိ
နင့်မှာ မရှိစေချင်ပါ
မာန၊ဒေါသ ပိတ်ဖုံးတဲ့
မျက်လုံးတို.နဲ. ကြည့်ရင်
အမှန်ကို မြင်ပါ့မလား။

ဖြစ်သင့်လား ဖြစ်ထိုက်လား
တရားတွေ အခါခါမေးလည်း
အတွေးထဲမှာ မှုန်မှိုင်း
ပိုင်းဖြတ် မဝေဖန်တတ်ခဲ့ဘူး။

မထူးခြားတဲ့နိမိတ်ပုံ
နင်ငါ့လို ကြုံရင်
နင်ဘယ်လိုဆုံးဖြတ်မှာလဲ
ရဲရဲဖြေကြည့်စမ်းပါ။

နင့်ဆီမှာ
ဖြူစင်ခွင့် ရှိပါသေးတယ်
ဖယ်ရှားခွင့် ပြင်ဆင်ခွင့်
နင်သင့်ရာ ဆုံးဖြတ်နိုင်တယ်။

ငါဆိုတဲ့ ဟောဒီကောင်ကတော့
မရှောင်နိုင်တဲ့ ကြိုးတစ်ချောင်းနဲ.
ရိုးသားစွာရစ်ပတ်
ကိုယ့်ကိုကိုယ် တုတ်နှောင်တတ်ခဲ့ပြီ
မဖြည်ချင် မဖြည်သင့်
နင့်လက်ကို ကြိုးစပေးပါတယ်။

သြော်……
ရင်ဘတ်ထဲက တရားက
စကားတွေကျွံခဲ့ပြီပဲ
တွင်းထဲကမြွေလို
ပြန်ကွေ.ဖို.ဆိုတာ
မလွယ်တော့ပါဘူး။

သက်တံ့ဖြစ်စဉ်လိုပေါ့လေ
နေခြည်နဲ. မိုးမြူမှုန်
ခဏဆုံခိုက် ပေါ်ထွက်ခဲ့
အိပ်မက်ကမ္ဘာထဲက ခင်မင်မှု
အခုလိုအချိန်မျိုးမှာတော့……..

ရင်ထဲက ဖြူစင်ခြင်းတရားကို
အခြားတစ်ခု အစားမထိုးခဲ့ပါ
ရှိနေတဲ့ ဖြူစင်မှုအပြင်
နောက်တစ်ခုယှဉ်ပြီး ဖြစ်ထွန်းခဲ့တာ။

အခန်းတစ်ခုလုံးလုံအောင်ပိတ်
တိတ်ဆိတ်စွာနေဘူးပါတယ်
ကွယ်ဝှက်မရတဲ့စိတ်အစဉ်ကို
မမြင်ပါစေနဲ. ဆုတောင်းဘူးတယ်။

နင်နဲ.ငါ ကြုံဆုံတွေ.တိုင်း
နှုတ်ခမ်းကို တင်းတင်းစေ့လို.
ကြိုးစားမေ့ခဲ့ရတဲ့ အကြောင်းတွေ
အခုနေအခါမှပြောပြလည်း
စကားပဲ အဖတ်တင်တော့မယ်။

ကိုယ့်ကိုကိုယ် တရားပြ
နားချဖို. ကြိုးစားရင်း
မင်းမသိတဲ့ အမှားတွေ
ခွဲခြားမရအောင် ဝေခဲ့တယ်။

ဘ၀ရဲ. အခိုက်အတန်.တို.က
ဘယ်တော့မှ အကန်.လိုက်မရှိခဲ့
နံရံနဲ. ပိုင်းဖြတ်
သတ်သတ်စီ ထည့်မထားပါဘူး။

ရောယှက်ရှုပ်ထွေးတဲ့
အတွေးတို.ရဲ.ဖြစ်စဉ်တိုင်းမှာ
ရိုးသားခြင်း ဘယ်လောက်လို. ပိုင်းခြားပြ
ခင်မင်ခြင်း ဘယ်မျှလို. ပိုင်းခြားပြ
ဖြူစင်ခြင်း ဘယ်သို. လို. ပိုင်းခြားပြ
ဘယ်တော့မှ မရဘူး။

နင်နဲ.ငါ့ရဲ. အခင်အမင်
ဘယ်လောက်ဖြူစင်တယ်ပြောပြော
တရံရော ကာလများမှာ
အခြား တပါးသောအတွေး
သေးသေးမွှားမွှားလေးတောင်
နင် မတွေးခဲ့ဘူး ဖူးလား။

အချိန်ကာလ တို.ရဲ.အကျိုး
တိုးတက်မှုဆိုတာ ရှိတယ်
ဘယ်သူမှ ပုန်းမရခဲ့ပါ
ဘ၀ရဲ. စက္ကန်.တိုင်းမှာ
အရာမှားစွာ ပြည့်လျှံလာနေတယ်။

သစ်တစ်ပင်ရဲ. ရှင်သန်မှုသဘော
မသီး မပွင့်နဲ.ပြောမှာလား
စဉ်းစားပါကွယ်
ဘယ်လို ဒြပ်မဲ့တရားကမှ
သူ.ကိုတားလို.မရပါဘူး။

အရိပ်နေ အခက်မချိုးခဲ့ပါဘူး
နူးညံ့တဲ့ သိမ်မွေ.မှုကို
တစ်ခုခု မဖြစ်စေချင်ပါ
ကြာမြင့်ခဲ့တဲ့ ငါ့စိတ်ထား
စကားအဖြစ် ပြောခဲ့တာပါ။

မူလမသိတဲ့ ပြောင်းလဲခြင်းကြောင့်
မင်းအပြစ်တင်ရင်လည်း
ဘယ်အထဲမှာ သွားပြင်ဆင်မလဲ
ဘယ်နေရာက “စ” လွဲသလဲ
ငါလည်းမသိပါဘူး။

ခင်မင်မှုဟာ ဖြစ်စဉ်တစ်ခုပါ
ရေတံခွန်လို စီးဆင်းမှုလေ
ရေမရှိရင်မရှင်သန်ဘူး။

ရေတံခွန်ကို ထောက်ပံ့ထားတဲ့
အောက်ခံကျောက်သား ပကတိ
အဲဒါအမှန်တကယ်ရှိတယ်
မင်းသိတဲ့ ရေတံခွန် ရေပန်းလို
မလှပပဲ ကြမ်းတမ်းမယ်
ဘယ်အခါမှ ပျောက်ကွယ်မှာတော့ မဟုတ်ဘူး။

မင်းရင်ထဲက ခင်မင်မှု
သူ.အတိုင်းထားလိုက်ပါ
ငါပြောတဲ့ စကားတွေကိုလည်း
ရင်ထဲမှာ သိမ်းချင်သိမ်း
မသိမ်းချင်မေ့လိုက်ပါ။

ငါကတော့
ကြောင်းကျိုးမဲ့ အမြင်တွေကို
မပြင်ဆင်တော့ပါဘူး
ရူးတယ်ပဲပြောပြောလေ
အက္ခရာမဲ့စွာ ငါ ကြွေမယ်။

သူငယ်ချင်းလေးရယ်
တကယ်တော့ မင်းဘက်မှာ
ဘာတစ်ခုမှ မမှားခဲ့ပါဘူး
အဦးဆုံးပြောင်းလဲခဲ့တာ
ငါပါ………

အခုတော့
ကာလများစွာ ရင်ထဲထည့်
ငါခြေစုံ ရပ်နေခဲ့တယ်
နင်ဘယ်လို ဆုံးဖြတ်မှာလဲ
လွဲချော်နေတဲ့ တံခါးတစ်ချပ်
တို.
ကြား
မှာ
ကန်.
သတ်
လို. ။ ။

Friday, April 30, 2010

အတ္တုပ္ပတ္တိ

ငါကပုစဉ်းတစ်ကောင်ပါ….

ပန်းလေးအနား
ဝံ့ကြွားထည်ဝါ
ဝဲပျံလာသော
လိပ်ပြာမဟုတ်……

ပန်းဖျက်မည့်ပိုး
မျိုးဖြုတ်ရှင်းလင်း
ပုစဉ်းတစ်ကောင်……

သင့်ဝတ်ရည်ကို
ပလီလိမ်ညာ
မသောက်ပါလေ
လိပ်ပြာငါမှ မဟုတ်ပဲ။

ဟန်ပန်ရိုင်းရမ်း
အသွင်ကြမ်းခဲ့
ပန်းနဲ.မထိုက်
ငါမမိုက်ချင်
မေ့လိုက်ရုံသာ
အလှမ်းကွာသော
ငါကပုစဉ်း တစ်ကောင်လေ…….
(၁၁.၂.၂၀၀၀ မှာရေးတယ်)

Sunday, April 18, 2010

စီအိုပီဒီ

နတ်ရူးဗုံအကွဲတစ်လုံးနဲ.တစ္ဆေ

အမေ့ရင်ထဲမှာနေတယ်။


သူကလူရိုင်း

တစ်ညလုံး တစ်ညလုံး

တအုန်းအုန်းတဒိုင်းဒိုင်းနဲ.

ညွှတ်ကိုင်းနေရတဲ့ အမေ့ရင်ဘတ်ကို

တရစပ်တီးခတ်တယ်။


လည်ချောင်းတွေ ရင်ဘတ်တွေနဲ.

ခုတ်မောင်းတဲ့ စက်တစ်လုံးလို

တဂျုံးဂျုံးမောင်းနှင်ခဲ့ညတိုင်း

အနှိုင်းအဆမဲ့နာကျင်

ချောင်းဆိုးနေတာ

ကျွန်တော်သာဖြစ်ချင်တယ်။


မာယာသိပ်များတဲ့စစ်နတ်ဘီလူး

ငါ့အမေကိုမှဝင်ပူးကပ်

အစိမ်းခြွေလိုက် အမှည့်ခြွေလိုက်နဲ.

သူ.စိတ်ကြိုက် အသေသတ်တယ်။


ချောင်းကွဲဆိုးသံတစ်ခုနဲ.တစ်ခုအကြား

အသက်ရှူဖို.နားပါဦးအမေ

ကျွန်တော်လေ

လက်ပိုက်ကြည့်နေရသလိုပဲ

ရင်ထဲမှာမချိဘူး။


ကျွန်တော်ပါးအပ်ခဲ့တဲ့ရင်ခွင်

ကျွန်တော်နားကြပ်မတင်ရဲဘူး

ရူးသွပ်ခမန်းအံကိုကြိတ်

အမေ့ကွယ်ရာမှ

တိတ်တိတ်မျက်ရည်ကျမယ်။


ကျွန်တော်နိုးမှာစိုးလို.

ချောင်းကိုကျိတ်ကျိတ်ဆိုးနေသလားအမေ

မျက်ဝန်းတွေ တင်းအောင်ပိတ်တဲ့ကြားက

ပါးပြင်မှာပူနွေးသွားတယ်။


အမေ

အရှုံးမပေးလိုက်ပါနဲ.အမေ

ငိုက်နာညှိုးသွေ.နေတဲ့အမေ့တစ်ဘ၀လုံးကို

ကျွန်တော်ကျေးဇူးဆပ်ဖို.ချန်ထားပါဦးအမေ။


ထင်းပြာ မီးခိုးပြာတွေတဖွေးဖွေးနဲ.

ချက်ပြုတ်နေခဲ့တဲ့အမေ

အမေ့ရဲ.အကြင်နာ အနစ်နာ

အမေ့ဆီကိုပြန်လာခဲ့တာ

“အဆုတ်နာ”တဲ့လားအမေ။


ဘီလူးနှစ်ကြမ်း သုံးဆယ်လေးဆယ်

ငါ့အမေကိုခြယ်လှယ်ခဲ့ကြ

ပိန်ပါးဖြူဖျော့တစ်ဘ၀လုံး

သားသမီးတွေအတွက် ဆုံးရှုံးပေးရင်း

ဖရောင်းအိုတစ်တိုင်လို

မနိုင့်တနိုင် လင်းခဲ့သူ။


ကျောက်သားကျောက်ဖျာမှာ

ပန်းပင်တွေပေါက်လာအောင်စိုက်ပျိုး

အဲဒီလို ဥယျာဉ်မှူးမျိုး

အံ့သြတကြီးနဲ

မီးတောက်မတတ် ငါရိုကျိုးတယ်။


လောကဓံနဲ. အလချိန်ကာလကြား

ငါတို.တတွေ လူလားမြောက်ချိန်မှာ

ယိုင်ရွဲ.ချိနဲ.နေတဲ့ အမေ.အိမ်လေ

မြောက်ပြန်လေ တကျော့ပြီးတကျော့ရစ်ခွေခဲ့

အဖြစ်တွေပျက်ချိန်ပေပဲ။


စကားလှလှဆိုဖူးသူများ

အမေ့ကိုနွေမှာချန်ထားခဲ့ကြ

အများသူငါလို ဘ၀နေအိုချိန်

အမေ့ဆီမီးက ပိုမှိန်တယ်။


ပြန်မလာတတ်သူတို.

ကိုယ့်လမ်းကိုယ်လျှောက်ကြပါ

တခါတရံအတွေးစိမ်းတွေနဲ.

တစ်ချက်လောက်ပြန်ယိမ်းကြည့်ရင်

ငါတို.အမေရဲ.ရင်ခွင်

ဟိုတစ်ချိန်ကပမာ

မေတ္တာတွေလဲ့လဲ့စင်နေသေးတာ

မြင်တတ်ရင်မြင်လို.ရပါတယ်။


သေးသွယ်ရှုံ.တွနေတဲ့ လက်မောင်းအိုတွေကြားထဲက

ဘယ်လိုအားအင်မျိုးတွေက

တို.ဘ၀ကို ဖြူစင်အောင်လျှော်ဖွပ်ခဲ့ပါသလဲ

ခွဲခွာတတ်သူများရေ

နေ၀င်ညနက်ချိန်ဆို

အမေအိုချောင်းဆိုးသံ….ပြန်……ကြားနိုင်ပါစေ။


အဆင်ပြေနေသူတွေကို

အနေမတတ်အစားမတတ်မှာ အမေစိုးသတဲ့

မေ့ရက်လို.မေ့ခဲ့သူတွေကို

အမေကနေ.စဉ်သတိရနေသတဲ့

အဲဒီ….ချိနဲ.နဲမြစ်တစ်စင်းကို

မြင်နေရတာ

ရင်နာလေခြင်းအမေရယ်။


ဘယ်လိုသားသမီးမျိုးနဲ.

ဘယ်လိုအမေမျိုးလဲ

ရင်အကွဲခံချစ်တဲ့အမေရယ်

တကယ်…..မတန်ဘူး။


အမေရေ

အဲဒီလိုလူစားတွေထဲမှာ

ကျွန်တော်လဲပါခဲ့ပါပြီ

ကြည်နူးဖွယ်တစ်ခဏတွေနဲ.

တစ်ဘ၀လုံးကိုလဲခဲ့မိ

ကျွန်တော်မလိမ္မာတာ

ကျွန်တော်သာ သိတယ်အမေ။


အရှုးတွေနွယ်လိုငင်ငြိ

ကိုယ့်ကိုကိုယ်ဘာကောင်မှန်းမသိတဲ့ကျွန်တော်

အမေ့ကိုသာအော်ခေါ်လိုက်ချင်

အမေ့ရင်မှာပြေးပုန်း

ကျွန်တော့သဘောက

လောကဓံကိုအမေန.ဲပဲရုန်းချင်တယ်။


အနှစ်သုံးဆယ်လေးဆယ်လုံးလုံး

အမေ့ဘ၀ကို တစ်ခါမှမမုန်းခဲ့ဘူးဖူးလား

ဆူးကြားမှာ ပွင့်ကားလာတဲ့ မေးခွန်းတစ်ခု

ဘယ်သူအတွက် မားမားမတ်မတ်

မြေကျန်တောင်တစ်လုံးလို

အမေအိုရပ်တည်ခဲ့ပါသလဲ။


ပေးဆပ်တတ်သူတို.နိဂုံး

ဒီလိုပဲအဆုံးသတ်မှာလား

ထားရှိခဲ့တဲ့မေတ္တာတွေ

ဘယ်သူတွေသတိရနေမှာလဲ။


အညတရ မျိုးစေ့လေးက

သစ်တောကြီးတစ်ခုလုံးကို ပေးခဲ့ပြီ

တွေးတတ်ရင်တွေးကြည့်ပါ

တစ်ကမ္ဘာလုံးကအမေတွေကို….ငါ

မြတ်နိုးဦးညွှတ်လိုက်ပါတယ်။


နောက်ထပ်အနှစ်လေးဆယ်ငါးဆယ်

ဘယ်သူမှသတိမရတော့မယ့်အမေ

ခြေရာတစ်ခုထက်ပိုတဲ့ကမ္ဗည်းမျိုး

ကျွန်တော့် ရင်ဘတ်မှာထိုးပါရစေ။


လက်ဖျားကသွေးစိမ်းထွက်အောင်

အမေ့အိပ်မက်ကို ဆက်ပျိုးမယ်

တကယ်ဆိုရင်

မိခင်ဖြစ်ခွင့်ရှိတဲ့သဘာဝကြောင့်

မိန်းမတွေကို ဦးခိုက်လို.ရခဲ့ပြီ။


ချောင်းဆိုးသံကပေးတဲ့တရားကို

ကြားတတ်အောင်ကြားရဦးမယ်

ဖယ်ရှားလို.မရတဲ့ သင်္ခါရအစား

တစ်ခဏထက်ပိုတဲ့ နိစ္စတရား

မြင်တတ်အောင်ကြိုးစားရမယ်။


အမေသင်ကြားပေးတဲ့ မေတ္တာတရား

ထားတတ်အောင်ကြိုးစားရင်း

လင်းပွင့်လာတဲ့ကောင်းကင်မှာ

အမေ့ကိုမြင်နေမယ်။


အမေရယ်

ဘယ်ရောဂါရဲ.အဆုံးအဖြတ်ကမှ

အမေ့ကိုအသေမသတ်နိုင်တော့ဘူး

ရင်ခွင်ရဲ.အဦးဆုံးမှာ

အလှဆုံး အကျန်းမာဆုံးအမေ

ကမ္ဘာချဉ်းအောင် နေခဲ့ပြီ။


မျက်ရည်တွေစိုဝင်းလဲ့ပြာ

ရင်ထဲကအနာကိုကြိတ်မှိတ်မြိုရ

ဖြေသိမ့်စရာနဲ.

သက်ပြင်းအပြာကို

တိတ်…တ…ဆိတ်…ချ….လိုက်….ရ…ပါ….တယ်…အမေ။ ။

ဝန်ခံခြင်း

သူမျက်ဝန်းလေးထဲ ရဲရဲကြည့်
ဖွဖွလေးပြောလိုက်
ချစ်တယ် လို.
ကဲ………ဘာခက်လဲ
ကြောက်တယ်ကလေးရယ်။

သူ.က ကိုယ့်အနာဂတ် ကဗျာလေးပါ
မရေးရသေးပဲနဲ.တောင်
ဝေေ၀၀ါးဝါးလေး လှလို.
တကယ်ပါ
ဓာတ်ပုံလေးထဲမှာတောင်မှ
ထိတ်ကနဲ ဖြစ်သွားအောင် လှတယ်။

လမင်းကြီးကို အောင်သွယ်မခိုင်းတော့ပါဘူး
ယောက်ျားတစ်ယောက် ဖြစ်ရတဲ့အရသာက
ရှက်ပါးပြင်မို.လေးကိုကြည့်
ချစ်တယ် လို.ပြောခွင့်ရတဲ့အချိန်လေးပါ
ဒီဘ၀မှာ ဒီတစ်ကြိမ်ပဲ ကြုံတဲ့ အခွင့်
ကိုယ်လက်လွတ် မခံချင်ဘူး။

သစ်အိုပင်မှာလည်း
ပန်း တွေပွင့်ပြချင်ပါတယ်
ရီနေမှာလားကလေးလေး
ကိုယ်ပြောလိုက်လို.
မင်းမျက်လုံးလေးအရောင်ပြောင်းသွားရင်
ကိုယ် ကြည့်လိုက်လို.
မင်းနှုတ်ခမ်းလေးတွေတင်းမာသွားရင်
ကိုယ်သေရပါလိမ့်မယ် ကောင်မလေးရေ
သြော်
ငါ့ နှုတ်ခမ်းလေးရေ ...........ငြိမ်ငြိမ်နေ။

ကတ္တီပါ လက်ဖ၀ါးနုနုကို
သစ်ခုတ်သမားလက်ကြမ်းကြမ်းနဲ.
လာပါလှမ်းခေါ်သင့်သလား
စဉ်းစားရင်းအားငယ်ရတော့
မျက်နှာချင်းဆိုင်မိရုံနဲ.တောင်
သူ.အကြည့်လေးကိုပုန်းရတယ်။




မင်းပါးပြင်လေးမှာ
ငါ့အကြည့်လေး ဆိုက်ကပ်ချင်တယ်
ငါး စက္ကန်.လောက် မျက်စောင်းလေးဖယ်ထားနော်
မရွံ.မရဲ ကိုယ့်မျက်လုံးကို
ရှက်ပါးပြင်လေးမတားနဲ.။

သူ. အရိုးခံ အပြုံးလေးကြောင့်
ကိုယ် ဘယ်လောက်ထိ သိမ်ငယ်ခဲ့ရကြောင်း
တစ်နေ.နေ.မှာပြောပြမယ်
အခုတော့
သူ.နာမည်လေးဘေးမှာ
မီးစိမ်းလေးလင်းလာမှာကိုစောင့်ရင်း
ကိုယ်ဟာ သစ်ငုတ်ဖြစ်ခဲ့ပြီ။

လူမသိ သူမသိ ငါ့ကဗျာက
ဘယ်တော့မှ လူသိ သူသိဖြစ်လာမှာလဲ
လူသိတာထက်
သူသိမှာ ကြောက်လှတယ်။



ကိုယ်က
အမဲရိုးများဖြစ်သွားမလား
ရွှေခွက်လေးရေ
ကိုယ့်လက် ကိုဖြင့် ခွင့်ပြုလိုက်ပါလား
မတားတာတောင် မ၀င်ရဲသူမို.ပါ။

မင်း ခေါင်းဖြီးတုန်း
ကျွတ်လာတဲ့ ဆံပင်လေးတွေ ကို တောင်းရင်
မင်းရိပ်မိမှာလား
ရည်းစားမရှိပါဘူးနော်လို.
တစ်နေ. သုံးခေါက်လောက် မေးရင်
ကိုယ့်စိတ်ကိုသိမှာလား
နင့်ကို ချစ်ကြောင်းပြောဖို.
ဘယ်နည်းအကောင်းဆုံးလဲလို.
မေးလိုက်ရင် ဘယ့်နှယ့်လဲ။

စာရေးပေးရင်
ကလေးဆန်သွားမလား
ငါက အူကြောင်ကြားပါဟယ်
ငါ့ကို အပြုံးလေးနဲ.ကယ်ပါ
ဘယ်လိုလုပ်ရပါ့ ညီမလေးရယ်။
ကိုယ်ပြောပြမယ့် စိတ်ကူးတွေ
ပန်းပွင့်လေးထဲထည့်လို.ရရင်ကောင်းမှာ
ရနံ.လေးက ပြောရင် သူနားလည်သွားမှာပါ
စံပယ်ဖူးလေးရယ် ကူညီပါ။

နင် ယုံမှာမဟုတ်ပါဘူးလေ
ဝါးပိုးပေါက်ထဲ
လရောင်လေး ၀င်ခဲ့ပါလား
သိုဝှက်ထားတဲ့ မြေပုံလေးမှာ
ရတနာတွေ ယူသူမဲ့လွန်းတယ်။

ကိုယ့်အရုပ်လေးတွေ နားငြီးပြီ တဲ့
ရေလောင်းတိုင်း ပြောမိတဲ့ သစ်ပင်လေးက
ပုတီးထဲ ထည့်စိတ်ပါလားတဲ့
မင်းနာမည်ပေးထားတဲ့
ကောင်းကင်က ကြယ်လေးက ပြုံးနေတယ်
သူလည်း
ညတိုင်းကိုယ်ကြည့်လို. ရှက်တတ်နေပေါ့။



အတိတ်က ပူရေးဝန်တွေ
မင်းနဲ.မှပျောက်ခဲ့ပြီ
အဲဒီ အကြည့် သမားတော်မလေးရေ
ခြေကြွခ အဖြစ် ကိုယ့်ဘ၀လေးကိုယူပါ။

တစ်ခါတစ်ခါ အားငယ်မှုတွေနဲ.
ခြေလှမ်းတွေ တွန်.ဆုတ်ရတယ်
သူက
မိုးလင်းရင်ပွင့်တော့မယ့် ပန်းပွင့်ငယ်
ကိုယ်က
မိုးလင်းရင်ပျောက်ကွယ်မယ့် သောကြာကြယ်
ဘယ်လို ဆုံဆည်းခွင့်ရှိမှာလဲ။

မြိုသိပ်ထားရတဲ့ အချစ်က
လေးညို.မှာ တင်ထားတဲ့မြားတစ်စင်းလို
ပစ်လွှတ်လိုက်မှ တင်းအားလျော့သွားတယ်
ကိုယ့်ရဲ. တိတ်တခိုးမျက်လုံးတွေ
ဘယ်နေ.မှတရားဝင်မှာလဲ။



ကြယ်စင်တို.ရဲ.နတ်သမီးလေးကို
အဖူးမျှော် ထွက်ခဲ့သူ
ပုလဲလည်းမဖြစ် ရွဲလည်းမဖြစ်လို.
မငိုရဲ မရီရဲပါ သခင်မ
ဦးညွှတ် ခစားခွင့်လေးသာ ပေးသနားပါ။

သိမ်းထားတဲ့ စကားတွေလည်းရက်လွန်တော့မယ်
နှလုံးသားက ထပ်မစောင့်ချင်တော့ဘူး တဲ့
အရှိန် ယူလွန်းတဲ့ ကိုယ့်နှုတ်ခမ်းကို
သူက စိတ်တိုနေပြီလေ
ခဏလေးပါ
သူ.နားရွက်လေး ရှက်သွားလေမလားလို.
ကိုယ့် မျက်လုံးတွေနဲ. တိုင်ပင်ချင်သေးလို.ပါ။

စကားက ကျွံတတ်တာမျိုးဆိုတော့
ဘယ်အမှားမျိုးကို အဓိပ္ပါယ်ကောက်လွဲမှာလဲ
လက်သီးလေးဆုတ်ပြလည်း
ငါ့ရဲ.ငတုံးမလေးက “အမရာ”လိုတွေးမှာမဟုတ်ဘူး
ဖြစ်နိုင်ရင်တော့
စံပယ်ပွင့်လေးကို ပါးအပ်ပြချင်တယ်
ကလေးသိပါလေ။
ပုလဲလုံးလေးမသိဖူးတဲ့
ဖြူစင်ခြင်းတွေရှိတဲ့သူ
ပန်းပွင့်ဖတ်လေးမသိဖူးတဲ့
နူးညံ့ခြင်းတွေရှိတဲ့သူ
မီးသွေးမျက်နှာ ကျားလျှာလက်နဲ.ကိုယ်က
ပန်ဆင်ဖို.သင့်ရဲ.လား
အားငယ်လွန်းရပါတယ်။

မိုးစက်တွေကို မြိုသိပ်ထားတဲ့တိမ်တွေလို
ရွာချလိုက်မှ ပေါ့ပါးသွားမယ်
သူ အေးမြငြိမ်းချမ်းစေဖို.ပါ
တွေ.ပါသလား
ပေါက္ခရ၀ဿ တိမ်တိုက်တွေ။

အခုအချိန်တော့
သူမျက်ဝန်းလေးထဲ တိတ်တခိုးကြည့်
ဖွဖွလေးပြောလိုက်တယ်
ချစ်တယ် လို.
စိတ်ကူးလေးနဲ.ပါကလေးရယ်။ ။

ဝှက်ထားတဲ့တိမ်-၂

“ပြောပြလို. မယုံမှာစာရင်
မပြောဖြစ်တာ ပိုကောင်းမယ် ” ထင်လို.
ငါရေတွက်ထားခဲ့တဲ့ အိပ်မက်တွေရယ်
ငါရေတွက်လို. မနိုင်တော့တဲ့ အလွမ်းတွေရယ်
စိတ်ကူးထဲမှာစပ်ဖြစ်တဲ့ ကဗျာတွေရယ်
မင်းပေးထားတဲ့ စာအုပ်လေးထဲမှာ
မှတ်ထားဖို. ကြိုးစားသေးတယ်
နောက်တော့လည်း မမှတ်ဖြစ်တော့ပါဘူး
“ဘာထူးမှာလည်းလေ”ပေါ့။

ပြောပြဖွဲ.နွဲ.တဲ့ အချစ်ဟာ
ကြည်နူးစရာပါ
ဒါပေမယ့်
ပြောမပြတတ်တဲ့ အချစ်မျိုးလည်း
တကယ်ပဲရှိတတ်ပါတယ်
င့ါဘယ်ဘက်လက်ဖ၀ါးလေးထဲမှာ
ဝှတ်ထားတဲ့အချစ်
အပြစ်မဆိုဘူးတဲ့ င့ါနှုတ်ခမ်းဖျားမှာ
သိမ်းထားတဲ့ စကားထာ
နားလည်ပါရဲ.လား ချစ်သူ။

ကလေးရယ်
အချစ်ဆိုတာ စကားလုံးတွေမှမဟုတ်ပဲ
ရှင်းပြဖို.မှမလွယ်ပဲ
တွေးကြည့်ဖို.မလိုဘူး
နားလည်ဖို.မလိုဘူး
“ ခံစားတတ်ဖို.လေးပါ ”
စိတ်ကိုစိတ်ချင်း လှမ်းကြည့်ရတာမျိုး
အချစ်ကို အချစ်ချင်း ဆက်သွယ်ရတာမျိုးပဲဟာ
တကယ်တော့
မခက်လှပါဘူး။

ငါလေ
အချစ်ကို စာမဖွဲ.တတ်ခဲ့ပါဘူး
ကတိတွေ အများကြီးပေးမယ့်အစား
တစ်ချက်သာ ပြုံးပြလိုက်ချင်တယ်
အောက်မေ့ကြောင်းတွေပြောမယ့်အစား
တနင့်သက်သက်သာ ငေးကြည့်လိုက်ချင်တယ်။

လှပတဲ့ သီချင်းလေးကို
သိမ်းထားတဲ့စောင်းကြိုးလေးလို
ငါ တင်းဖြောင့်ခဲ့ရတယ်
နူးညံ့တဲ့ ပင်ပျိုလေးကို
ဝှက်ထားတဲ့ သစ်စေ့ခွံလေးလို
ငါ………မာကျောခဲ့ရတယ်။

အေးစက်တယ်…..လို.ထင်ရင်လည်း
ငါ ကြေကြေကွဲကွဲ လက်ခံပါ့မယ်
တကယ်ဆို
မင်းရှူထုတ်လိုက်တဲ့ ထွက်သက်ငွေ.လေးကအစ
ငါက သိမ်းထားချင်တယ်ဆိုတာ
မင်းမှမသိပဲ။

သြော်……….ငါလည်း
သာမန်လူတွေလိုပါပဲ
ကြည်နူးပျော်မွေ.ချင်တာပေါ့
ဒါပေမယ့်
ပြုံးပြရင် အစွယ်ထုတ်တယ် ထင်မှာစိုးတယ်
ဖက်ထားရင် ချုပ်နှောင်တယ် ထင်မှာစိုးတယ်
မြတ်နိုးမှုကိုအထင်လွဲရင်
ရင်ကွဲရမယ့် အဖြစ်ကြောင့်
အချစ်ကို “လက်လီ ” သုံးခဲ့ရတယ်။

ဘယ်သူတွေ ဘယ်လိုချစ်ကြပါသလဲ
အချစ်ဟာ ပြိုင်ပွဲမှမဟုတ်တာ
သူ.အတိုင်းအထွာနဲ. သူ.ချစ်ခြင်း
(စဉ်းစားကြည့်စမ်း )
ဆင်တစ်လှမ်း ကျားတစ်ခုန် ယုန်တစ်ပြေး
တကယ်ဆို ဒီအကွာအဝေးပါပဲ။

တဒင်္ဂ သာယာမှုထက်
တစ်သက်တာအတွက်မျှော်ရည်
တည်ကြည်စွာစောင့်ရှောက်ခြင်း
မင်း မလိုချင်တော့ဘူးလား။

ရင်ခုန် စိတ်လှုပ်ရှားခြင်းကိုပဲ
အချစ်လို.ခေါ်မှာလား
ချမ်းမြေ့သိမ်မွေ.မှု
လုံခြုံနွေးထွေးမှုတို.အား
မင်း……..မေ့မထားလိုက်ပါနဲ.။

စကားလုံး အနုအလှလေးတွေထက်ပိုပြီး
နက်ရှိုင်းမြင့်မြတ်တဲ့ ချစ်ခြင်းတရား
မင်းအပေါ်မှာ ငါထားကြောင်း
ညီမလေး နားလည်နိုင်ပါစေ။

မင်းပါးပြင်လေးကို
လက်ဖျားနဲ.ပွတ်သပ်ရင်း
မင်းလက်ဖမိုးလေးကို
စိတ်ကူးနဲ. ပါးအပ်ရင်း
ဘာရယ်လို. မသိပဲ
ဝဲတက်လာဘူးသော မျက်ရည်ငွေ.များ
ခံစားချက်ဟာ အတုလုပ်လို.မှမရတာကွယ်။

ညီမလေးရေ
အဖိုးသိပ်ထိုက်တဲ့ ရတနာတစ်ပါးဆိုရင်
သော့အထပ်ထပ်ခတ်ပြီး
လုံခြုံရာမှာ ၀ှက်ထားရတယ်
ဘယ်သူ.ကိုမှ “ တပြပြ ” မလုပ်ရဘူး
ငါ့ရင်ခွင်ကိုလည်း
“ ထိုကဲ့သို. ” လို.ပဲနားလည်ပါ။

ဘယ်သူမှမသိအောင်
မင်းပါးပြင်လေးပေါ်မှာလည်း
ငါ့သစ္စာတရားကို
ထိန်းသိမ်းထားနိုင်တာပါပဲ။

တစ်နေ.နေ. …………
သစ္စာတရားမှာ
စံပယ်ဖြူများ ဖူးပွင့်လာချိန်
ရေလွှာပေါ်ရေးသော ငါ့ကဗျာကို
တိမ်တွေကပြောပြကြတဲ့အခါ
ချစ်သူပျော်ဖို.
တိတ်ဆိတ်စွာ အရှုံးပေးခဲ့သူတစ်ယောက်ကို
မင်းသတိရပါလိမ့်မယ် ကလေးရယ်။ ။

ဇာတ်တော်သစ်

အနှေးပြကွက်ကို ပြန်ကြည့်မှ
ငါ ခံလိုက်ရပုံက ပက်ပက်စက်စက်
ဒါတောင် သူ “ အနီကတ် ” မထိဘူး။

လှည့်စားခြင်းဟာ လေပြည်ပါပဲ
အေးမြတယ် ညင်သာတယ်
အကောင်အထည် မရှိဘူး
ဒါပေမယ့်
တည်ငြိမ်မှုကို ပျက်စေတယ်။

ဘယ်တုန်းက ဆုံးရှုံးသွားတာလဲ လို.ပြောပြဖို.
ဘယ်တုန်းက ရရှိခဲ့တာလဲ လို. မေးလာမလား
ငါ………ရှက်မိတယ်။

ဆဒ္ဒန်ဆင်မင်း မဟုတ်တော့
သည်းခံ ခွင့်လွှတ်ရတာလည်း
အောင့်သက်သက် နိုင်လွန်းခဲ့တယ်
ဒီဇာတ်တော်ကို ပြန်ပြင်ကြစို.
မင်းလည်း နောင်တ မရချင်နဲ.
ငါလည်း မြားမမှန်ချင်ဘူး။ ။

အရှုံးချစ်သူ၏ စကားများ

အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့်ပဲ
အမျိုးမျိုးသော အမျိုးတွေ ဖြစ်ခဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲလေ။

ချစ်ခြင်းမေတ္တာဟာလည်း
အနိစ္စတရားမှာ အလုံးအရင်းပါတာပဲ
ဟောဒီလှိုင်းတွေက
တစ်ချိန်မှာ ငြိမ်သက်ရဦးမယ်
အခုတော့
ငါကိုက်မိတဲ့ ငါ့နှုတ်ခမ်းဟာ
သွေးစို.နေဆဲပါ။

မေးပါရစေ
ချစ်သူက အထင်သေးတာလောက်
ရင်နာစရာကောင်းတာ
လောကမှာ ဘာရှိပါသလဲ
မင်းခိုင်းသလို ခေါင်းမဖြီးတတ်တာနဲ.ပဲ
လူညံ့ဘ၀မှာ
ငါ…………ခြောက်လကြာခဲ့ပေါ့။

မေတ္တာတရားဟာ ချိန်ခွင်ပါပဲ
နှစ်ဖက်အလေးချိန်တူဖို.လိုတယ်
တစ်ယောက်ယောက်က လိုရင်ဖြစ်ဖြစ်
တစ်ယောက်ယောက်က ပိုရင်ဖြစ်ဖြစ်
တစ်ဖက်စောင်းနင်းဝေးကွာမှုဟာ
နှစ်ဆ တက်လာလိမ့်မယ်။

ငါနာကျင်ဖူးသလို မင်းနာကျင်ဖူးမယ်
မင်းနာကျင်ဖူးသလို ငါနာကျင်ဖူးမယ်
မင်းနာကျင်မှုကိုပဲ တွက်ပြီး
ငါ့ဘက်ကို မစဉ်းစားရင်
ချစ်သူတို.ယဉ်ကျေးမှုဟာ
ဟန်ချက်ပျက်သွား နိုင်တယ်။

ဟိုး……တစ်ချိန်ကိုပြန်ကြည့်လိုက်တော့
ငါစောင့်စည်းခဲ့တယ်
ငါထိန်းသိမ်းခဲ့တယ်
ငါ့အပေါ်ကျ
မစောင့်စည်းကြပါတကား
မထိန်းသိမ်းကြပါတကား
ပျက်ကွက်ခြဲ့ကပါတကား
ဘယ်သူချခဲ့မှန်း မသိတဲ့ ကျိန်စာက
ငါ့အပေါ်ရှိတုန်းပါပဲလား
ရင်နာစရာပါပဲလေ။

ငါပေးဆပ်ခဲ့တဲ့ နည်းနည်းပါးပါးလေးတွေထဲမှာ
ချစ်ခြင်းတရားနဲ. မတို.ထိတာ ပါဝင်ခဲ့ဘူးသလား
အစုန်အဆန်စဉ်းစားကြည့်ပါ
င့ါ သိက္ခာတရားတို.ကို
င့ါကိုယ်ငါ လျော့စေမယ်လို.
မင်း……….
ထင်ရက်ပါသလား။

ယူသလောက်ပြန်ပေးရမယ်လို. ငါမပြောလို.များ
ပေးသလောက် မေတ္တာကို မတင်းတိမ်တာလား
ငါလည်း ဒီတစ်ယောက်ကျမှ
ရှိစုမဲ့စု “ ပုံအော ” ခဲ့မိတယ်
ဒါအကုန်ပဲလို.
ငါဘယ်လိုပြောရမှာလဲ။

ငါ့ထက်မြက်မှုကိုမှ
မင်းကချောမွေ.စေချင်ခဲ့တော့
င့ါငြိမ်းအေးရာဇရပ်ကိုမှ
မင်းက တိုက်ယူချင်ခဲ့တော့
မင်းတစ်ခွန်း ငါတစ်ခွန်းမှာပဲ
ငါတို.ကျောချင်းကပ် လွဲခဲ့တယ်။

နင့်အလင်းနဲ. ငါ့ကမ္ဘာကြား
ဘယ်လို အရာဝတ္ထုတွေ ၀င်ရောက်ခြားနားလို.
အရိပ်မည်း အရိပ်ကွက်တွေနဲ.
နင် “ နေကြတ် ” သွားခဲ့ပါလိမ့်
နင်နှစ်သိမ့်မှာ ကို လိုချင်တာလည်း
စိတ်ကူးယဉ်မှုတစ်ခုပါပဲဆိုတာ
အခုအချိန်မှာ ……… ငါ
အလူးအလိမ့် နားလည်ခဲ့ပါပြီ။

ဘယ်လို ကာလမျိုးအထိ
ငါ့မှာနာနာကျင်ကျင် ရှိနေရမှာလဲ
မင်းစကားကို ငါ
ခေါင်းငုံ. နာခံခဲ့တယ်
ငါ့စကားကိုတော့နင်
အရွဲ.တိုက် ဆန်.ကျင်ခဲ့တယ်
ငါတောင်းဆိုတဲ့ တစ်ခွန်းနှစ်ခွန်းကိုတောင်
မင်းက ခြွင်းချက်တွေလိုချင်နေမှတော့
ငါ………ဘာများပြောရဦးမှာလဲ။

အချစ်မှာ သံသယလေးလိုတယ်
မင်း ကျင့်သုံးဖူးရဲ.နဲ.များ
အချစ်မှာ သ၀န်တိုမှုလေးလိုတယ်
မင်း စိတ်ညစ် ဖူးရဲ.နဲ.များ
အချစ်မှာ အနိုင်ယူမှုလေးလိုတယ်
မင်း တစ်ချက်တည်း ပိုင်းဖူးရဲ.နဲ.များ
ငါ့ဘက်ကိုကျတော့
မင်း တစ်ပြားမှခွာမပေး ခဲ့ပါတကား။

ငါ့ အုပ်မိုးစောင့်ရှောက်မှုကိုမှ
လောင်းရိပ်လို. မင်းထင်ရက်ရင်
ဒီထက် ပိုချင်တဲ့မြတ်နိုးခြင်းကို
မင်း………
အကျဉ်းထောင်လို. ထင်တော့မှာပေါ့။

အပြန်အလှန်ရယ် ဖြစ်လာရင်
အနည်းအများဆိုတာ ဖြစ်လာမှာပဲ
ဒီလိုသာ တွက်ချက်နေကြရင်
မေတ္တာဟာ ဈေးကွက်ဆန်သွားလိမ့်မယ်။

နင်နာကျင်နေရင်
( အောင်မြင်တာ မအောင်မြင်တာ ခဏထားလို. )
နှစ်သိမ့်ဖို. ငါကြိုးစားခဲ့တယ်
ငါ နာကျင်နေရင်
မြင်တတ်အောင် နင်မကြည့်ဘူး
ငါတော့
ထုတ်ချင်းခတ် ဆူး…………စူးခဲ့ပြီ။

ငါ မင်းကို မခွဲနိုင်မှန်းသိတော့
မင်းငါ့ကို လက်ဖျားလေးပေါ် တင်လှည့်တော့မယ်
ပေါ့ပေါ့ဆဆ နှစ်သိမ့်မှုတွေဟာ
ငါ့ကို ပိုစိတ်နာစေတယ်
ဒါပေမယ့် ငါကျေနပ်ရမှာပါ
ငါက ချစ်မိသူကိုး။

“ ဒီလို မပြောပါနဲ. ” လို. မင်းပြောလိမ့်မယ်
တကယ်တော့
ငါ့စကားကို နာကျင်လို.မဟုတ်ဘူး
နင်………နားငြီးလို.ပဲဖြစ်မှာပါ။

ကလေးဆန်ဆန် နင်ပြုံးလိုက်ရင်
နင့်ကို အပြစ်တင်ချင်တဲ့ စကားတွေ
ငါ့ကိုယ်ငါ ပြောမိသွားခဲ့
ငါထင်ထားတဲ့ နင့်အမှားတွေဟာ
ငါ့ အမှားတွေ လုံးလုံးဖြစ်ခဲ့
အပြစ်တင်ရင်း အပြစ်တင်ရင်း
နင့်ကိုငါ တောင်းပန်မိရက်သား ဖြစ်ခဲ့
ချစ်မိတဲ့သူ ဆိုတာမျိုးက
နှစ်ထပ်တိုးနဲ. ရှုံးတယ်။

မင်း တားမြစ်ထားတဲ့ ကွမ်းယာ
မင်းမသိအောင် ငါစားခဲ့ပါပြီ
နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဖိဝါးလိုက်တာ
အဲဒါ………တိုးတိုးလေး အံကြိတ်လိုက်တာပေါ့
ငါလေ…………
မင်းကို သိပ်ချစ်တာနဲ.ပဲ
ကွမ်းယာထဲမှာပဲ ဒေါသကို ဖောက်ခွဲနိုင်ခဲ့တယ်။

“ ငါ သူ.ကို မေ့နိုင်ပါ့မလား ”
စိတ်ကူးလေးနဲ. ခဏခဏ တွေးကြည့်တယ်
အဲဒါကိုက သတိရဖို.ဖြစ်ခဲ့ပြီ
ငဲ့ကွက်စရာတွေကို မငဲ့ကွက်ရင်တောင်မှ
နင့်ကိုငါ မေ့လို.မရတော့ပါဘူး။

မင်းစိတ်ချမ်းသာဖို.အတွက်
မဲ့ရမယ့် အချိန်မှာ ငါပြုံးခဲ့တယ်
စိတ်ဆိုးရမယ့် အချိန်မှာ ငါကြင်နာခဲ့တယ်
မာနတင်းရမယ့်အချိန်မှာ ငါ အလံ“ဖြူ” ခဲ့တယ်
သြော်………ငါဟာ
လူပေါလူကြောင် ဖြစ်ခဲ့ပြီပေါ့လေ
အခုတော့ ဒါတွေအားလုံးဟာ
င့ါအခန်းဝှက်လေးထဲမှာ
ယမ်းတွေလို အောင်းနေတယ်။

မင်းရဲ.တစ်ဖက်သတ် မဲ့ပြုံးကို
သေလောက်အောင် စိတ်နာတယ်
ငါ့အလုံးစုံ မြတ်နိုးမှုဟာ
မင်းအတွက်မလုံလောက်ရင်တောင်
စော်ကားစရာ အကြောင်းမရှိဘူး။

ငါက
မင်းပေးတဲ့ အမာရွတ်တွေကို အလှဆင်ခဲ့
မင်းက
ငါပေးတဲ့ မြတ်နိုးခြင်းတွေကို
ခြေသုတ်ခဲ့
မင်းရဲ.
ပစ်ပစ်ခါခါ အကြည့်မှာ
ငါ့ငယ်ထိပ်ကို မြွေပေါက်ခဲ့
နည်းနည်းတော့ ငဲ့ကွက်သင့်ပါတယ်။

လဆန်းရက်မို.လို.
လဆုတ်ကို ထည့်မတွက်တာလား
တောင်တက်ခရီးမို.လို.
တောင်ဆင်းကို မစဉ်းစားတာလား
ရောက်ချင်ရောက်လာနိုင်တဲ့ တချိန်ချိန်ကို
ငါ့လိုများ
မင်း……..ကြိုမမောခဲ့ဘူးလား။

ငါပဲသိတဲ့ ငါ့အရှုံးကို
( နှစ်ချို.ပြီး )
စံပယ်လို သီကုံးခဲ့ပြီ
မင်းအပြုံး တစ်ဝက်မှာပဲ
ငါ့မာနတွေ ပြိုလဲခဲ့ပြီ။

တစ်ကွက်ချန် မင်းအချစ်ကြောင့်
ပစ်ရမှာလည်း ခက်ခဲ့ပြီ
ငါ့စိတ်ရဲ. အခြားသောဘက်က အတွင်းကြေဒဏ်ရာ
ငါ့ဘာသာ ကြိတ်ကုစားတော့မယ်
ငါ ကွယ်ဝှက်ထားတာ နာကျင်မှု
နင် ကွယ်ဝှက်ထားတာ ဘာလဲ
မင်းမပြောပဲ ငါမသိချင်ဘူး
မ……သိ……ချင်……တော့…….ပါ…….ဘူး။

အကြောင်းကြောင်းသော အကြောင်းကြောင်းတွေမှာပဲ
အမျိုးမျိုးသော အမျိုးမျိုးတွေ ဖြစ်ခဲ့တယ်
ဘယ်………တတ်နိုင်ပါ့မလဲ
ကံကြမ္မာရယ်
ငါပြင်ဆင်ထားခဲ့တာ ကြာပါပြီ။ ။

Tuesday, April 6, 2010

လူပြိုကြီး

ကုန်သွားတဲ့အချိန်ရယ်
ယောက်ျားရသွားတဲ့ချစ်သူရယ်ဆို
စိတ်ကိုဒုံးဒုံးချလို.ရပါသေးတယ်။

မိန်းမဘာလို.မယူတာလဲမေးလာလို.
“မရတာမဟုတ်ဘူး
မလိုချင်တာ” လို.ဖြေတော့လူတွေကလှောင်ပြုံးတယ်
“အသေရရ အရှင်ရရ
မသေမရှင်ရရ လိုချင်တာ……
မရလို.” ဖြေတော့လည်း လူတွေကရယ်တယ်
ငါဘာဖြေရမှာလဲကွယ်။

ပါးသွားတဲ့ ဆံပင်ရယ်
ကြိုက်မိတဲ့ ကောင်မလေးရယ်က
ရောက်လာနိးနိုး စောင့်နေရတာ
မစောင့်လို.လဲ မဖြစ်ဘူး
စောင့်တော့လဲ ဘာမှထူးမလာဘူး။

လူပျိုကြီးပါဖြေတော့
ရရစ်နဲ. ပြိုတာလားတဲ့
ဟုတ်ပါတယ်
ရင်ဘတ်ထဲမှာ ပြိုကျပျက်စီးနေတဲ့
“လူပြိုကြီး” တစ်ယောက်ပါပဲကွယ်။ ။

အပျိုကြီး

မုဆိုးမ အိမ်ကမြင်းလိုပဲ

ကောင်းပါတယ်၊စီးသူမရှိဘူးဆိုတော့

မေးခွန်းမျက်လုံးဝိုင်းကြီးနဲ. လှမ်းလှမ်းကြည့်လည်း

ကံစမ်းမဲတော့ မနှိုက်ရဲပါ။


ရွေးလွန်းတာပဲဖြစ်ဖြစ်

မရွေးလွန်းတာပဲဖြစ်ဖြစ်

အကျိုးတရားက အတူတူပါပဲကွယ်

အကြောင်းရဲ.အမှန်တရားကိုမသိချင်ပါဘူး။


ပြီးပြည့်စုံတဲ့အလှရှိလည်း

ဘယ်ထောင့်မှာ ဇီဇာကြောင်တာလေးရှိနေမှာလဲ

ခွေးလေးကြောင်လေးတွေကိုပဲချစ်ပါ

ယောက်ျားတွေကတော့

ကျောလေးသပ်ပေးရုံနဲ.

ခြေဖမိုးကို ခေါင်းနဲ.မခွေ.ဘူး။ ။

Wednesday, March 31, 2010

ဓားစားခံ

ကျွန်တော်တို.က ဆရာဝန်အသေးလေးတွေ
ဆရာဝန် အကြီးကြီးတွေ “ရောင်း” လှည့်ချိန်
သူနဲ.ကျွန်တော် ခိုးခိုးဆော့ကြတယ်။

သူကခြောက်နှစ်သမီး
လက်သီးဆုပ်လေးနဲ. လိုက်လိုက်ရွယ်လို.
တခစ်ခစ်ရယ်တယ်
ကျွန်တော့်ရယ်သံတွေက ဟန်ချက်ပျက်နေတယ်။

နောက်တစ်နှစ်လား
နှစ် နှစ်လား ၊ သုံးလေးနှစ်လား
သူရှိမှာ မဟုတ်လေတော့။

သူ.အဖေ ၊ သူ.အမေ
ဘယ်သူများ မှားခဲ့သလဲ
ကျန်းမာရေးအသိပဲ နည်းခဲ့သလား
အဲဒီ “ နောက်ဆုံးပေါ်ရောဂါ ”
သူ……နာမည်တောင် သိလိုက်မှာမဟုတ်ဘူး။ ။

လက္ခဏ

ညှို.ကြိုးကို လက်က မလွှတ်သ၍
အနိုင်အရှုံးဟာ
ကိုယ့်လက်ထဲမှာရှိတယ်။

ပစ်မှတ်ကိုမှန်တဲ့ မြားတွေ
ငါတို.မှတ်တမ်း တင်ခဲ့ချိန်
ပစ်မှတ်ကိုမမှန်တဲ့ မြားတွေ ရင်းနှီးခဲ့ရကြောင်း
ငါတို.မေ့နေတတ်ကြတယ်။

ရယူခြင်းမှာ “ အောင်မြင်မှု ” ရှိရင်
စွန်.လွှတ်ခြင်းမှာ
“ ဂုဏ်သိက္ခာ ”ကို တွေ.လိမ့်မယ်။

ဒါပါပဲ ချစ်သူ
ငါမပစ်ခဲ့တဲ့ မြားကို
မမှန်ဘူး လို.တော့ မပြောနဲ.ပေါ့။
mawni is online now Add to mawni's Reputation Report Post Edit/Delete Message

မာနမေတ္တာ

သံသယနဲ. “ ဟက် ”ချခံလိုက်ရတဲ့မေတ္တာတရားပါ

ဘယ်သူမှမသနားနဲ.။


မျှော်လင့်ချက်မကုန်

ဓားသွားနဲ.ဓားအိမ်လို

နင် အသုံးမဲ့ချိန်မှာ ဆုံမယ်။ ။

အရှုံး

ပေးမပေးတော့မသိဘူး
ငါကမတောင်းရဲခဲ့တာ......

သူရဲကောင်းတွေကျော်ကြားတဲ့ခေတ်မှာ
ငါက ဓားမကိုင်တတ်ခဲ့တဲ့ကောင်ပါ.......

တွေ.လား
မင်းမသိတဲ့လူတစ်ယောက်
မင်းမသိအောင် ဒူးထောက်လို.။ ။

ဇာတ်သိမ်း

မှောက်လိုက်လှန်လိုက်လုပ်ရအောင်က
ဘ၀က လက်ဖ၀ါးမဟုတ်လေဘူး။

ဖြတ်တိုက်သွားတဲ့လေညှင်းက
ဘယ်တော့မှ ပြန်မလာဘူး။

ပြီးခဲ့ပြီပဲကွယ်......

ခေါင်းမော့ပြီး
တိမ်တွေကို အော်ခေါ်ကြည့်လိုက်တယ်
သူတို.
မကြားကြဘူး။ ။

ဇာတ်သိမ်း ၂

၎။ စော်ကားခံအလွမ်းက
ဌာန်ကရိုဏ်မကျလေဘူး။

၃။ ပန်းနဲ.ဖွဲ.တဲ့ဝင်္ကဘာဆိုတော့
ငါကိုယ်တိုင် အညှာလွယ်ခဲ့တယ်။

၂။ နွေးထွေးတဲံ အခန်းလေးကို
“ မြုံး”လို. သူတွေးခဲ့သလား။

၁။ “နှင်းမီး” လိုပူလောင်ကျင်အေး
ပြဇာတ်ဆန်ဆန်ဝေးခဲ့ပြီ။ ။

လက်ဆံ့သမျှမေတ္တာတရား

အသက်လိုလည်းမချစ်ပါဘူး

အချစ်ကသိပ်အရေးကြီးတယ်ဆိုပေမယ့်

နားလည်မှုကလည်း

ထပ်တူအရေးပါတယ်ဆိုတာသိလား။


အချစ်ဆိုတာ

သူလိုအပ်တာလေးကို

ဖြည့်ဆည်းပေးချင်တာပါ

ဒါပေမယ့်

လိုအပ်မှုဆိုတာကလည်း

သူ.ဘာသာသူရှိလာတဲ့လိုအပ်မှုမျိုးဆိုတာတော့

မင်းသဘောပေါက်ရလိမ့်မယ်။


ငါချစ်တဲ့အရုပ်ကြီးလိုချင်တာ

ငါ့ gmail passward ကိုသိချင်တာ

ဒါဟာ လိုအပ်မှုမဟုတ်ဘူး

အနိုင်ကျင့်မှုပဲ

စမ်းသပ်မှုပဲ။


လူတစ်ယောက်ကိုထိခိုက်ပြီးမှ

သူ.အချစ်ကိုသိရတာကောင်းလား

လူတစ်ယောက်ကိုနာကျင်စေပြီးမှ

သူ.မေတ္တာကိုမှတ်ကျောက်တင်မှာလား

နင်ဘယ်တုန်းကတည်းက

ငါ့ကိုအမှတ်ပေးနေခဲ့တာလဲ

စိတ်လျော့ပါ

ဒီစာမေးပွဲမှာ ငါ့ကိုယ်ငါ“အကျ”ပေးလိုက်ပါပြီ။ ။

လက္ခဏ-၂

လေးတော်ကိုတင်ခဲ့ပါတယ်
မေတ္တာတရားကိုတော့
ပစ်ခွင်းဖို. မလွယ်လေဘူး။

ကံကြမ္မာကို လေးပေါ်တပ်ဆင်ခိုက်မှာပဲ
မယ်သီတာက မျက်နှာလွှဲတယ်
မပစ်ရသေးခင်ပဲ “ပွဲ” ကပြီးသွားတယ်။

လေးညှို.ကို ပြန်ချလိုက်ရတယ်
နောင်တ တရား။ ။

လူပြိုကြီး

ကုန်သွားတဲ့အချိန်ရယ်
ယောက်ျားရသွားတဲ့ချစ်သူရယ်ဆို
စိတ်ကိုဒုံးဒုံးချလို.ရပါသေးတယ်။

မိန်းမဘာလို.မယူတာလဲမေးလာလို.
“မရတာမဟုတ်ဘူး
မလိုချင်တာ” လို.ဖြေတော့လူတွေကလှောင်ပြုံးတယ်
“အသေရရ အရှင်ရရ
မသေမရှင်ရရ လိုချင်တာ……
မရလို.” ဖြေတော့လည်း လူတွေကရယ်တယ်
ငါဘာဖြေရမှာလဲကွယ်။

ပါးသွားတဲ့ ဆံပင်ရယ်
ကြိုက်မိတဲ့ ကောင်မလေးရယ်က
ရောက်လာနိးနိုး စောင့်နေရတာ
မစောင့်လို.လဲ မဖြစ်ဘူး
စောင့်တော့လဲ ဘာမှထူးမလာဘူး။

လူပျိုကြီးပါဖြေတော့
ရရစ်နဲ. ပြိုတာလားတဲ့
ဟုတ်ပါတယ်
ရင်ဘတ်ထဲမှာ ပြိုကျပျက်စီးနေတဲ့
“လူပြိုကြီး” တစ်ယောက်ပါပဲကွယ်။ ။

ဆူး

သိမ်ငယ်စွာ မြတ်နိုးရတယ်
နေကြတ်ချိန် လကြတ်ချိန်ကတောင်
မယှဉ်ရဲအောင်မှောင်တဲ့ဘ၀ပါ။

ဟောဒီကောင်ရဲ. ရင်ဘတ်ဟောက်ပက်မှာ
မင်းနာမည်လေးပြည့်လျှံလာခဲ့။

ရက်ရာဇာကို မစောင့်ပဲ ပျိုးခဲ့တဲ့ပန်းလေးပါ
ပန်ဆင်ဖို. မခိုက်တန်ခဲ့
စိတ်ကူးနဲ.အခူးမှာ
စိတ်ကူးနဲ.ပဲ ဆူးစူးခဲ့တယ်။ ။

Monday, March 15, 2010

မာနချစ်သူ

ငါက
သိပ်ချစ်လို.
စွန်.ပစ်ခဲ့သူပါ……

တဒင်္ဂအဖြစ်နဲ.
ထာဝရ ချစ်မိသွားတာပါ
ဒါပေမယ့်ကွယ်…..

နင်ရှိရာ…..ငါ
ခြေတစ်လှမ်းမှ မပေါက်ခဲ့ဘူး
နှလုံးသားနဲ.တော့ အကြိမ်ကြိမ်ရောက်ပါရဲ.။

တောင်းခံဖို. ပေးအပ်တဲ့မေတ္တာ
ရလိုမှုကို ဖုံးကွယ်ထားတဲ့အကြင်နာတရား
တစ်ခုမှ
ငါ့မှာ မရှိခဲ့။

တံခါးပိတ်ပြီး
တိတ်တိတ်ကြေကွဲချင်ကြေကွဲမယ်
ရင်ထဲက ဒဏ်ရာမှန်သမျှ
မင်း…..မသိစေရဘူး။

ဒူးမထောက်တဲ့မာနနဲ.
ငါ့ရဲ.ချစ်ခြင်းကို
မင်း….သိသွားရင်……..

ရယ်ဟဟ နှုတ်ခမ်းထက်က
ဆွေးတသသအကြည့်
မင်းမသိလိုက်ဘူးမဟုတ်လား။

ငါက
သိပ်ချစ်လို.
ရှုံးမယ့်စစ် တိုက်ခဲ့တာ။ ။

Wednesday, March 10, 2010

ရေနည်းရက်ချိန်း

(၁)

ဒီနှစ်ထဲမှာပဲ
သရဲသဘက်ဆောင်းဟာ
မြောက်ပြန်လေလက်မောင်းကို မြောက်တဲ့ပြီး
အမေ့ရဲ.အသက်ဓာတ်ကို
ဖျတ်ကနဲ ရိုက်ခြွေလိုက်မယ် ဆိုတာကို
ဘယ်သူ သိတတ်ခဲ့မှာလဲ။

အ၀င်နောက်ကျခဲ့တဲ့ဆောင်း
အမေ့ကိုလှည့်ပတ်ချောင်းမြောင်းနေခဲ့တယ်
ယိုင်ရွဲ.နေတဲ့ အိမ်ထရံကြားကနေ
လက်သည်းစရှည်ရှည်တွေဆန်.ထုတ်
အမေ့ရဲ.အဆုတ်ကိုဖျစ်ညှစ်
ဆောင်းဘီလူးရဲ. တဖက်သတ်စစ်ပါ။

တကယ်ဆို
ဆောင်းကိုငါချစ်ပါတယ်
တစ်ခုသောနှစ်ရဲ. ဒီဇင်ဘာမှာ
အမေဟာ သူ.အသက်ကိုရင်း
ငါ့ကို လူ.လောကထဲ စာရင်းသွင်းခဲ့တာကိုး။

အို….ဆောင်းစစ်သူကြီး
သင်ဟာ ပုတီးတစ်ဖက် ဓားတစ်ဖက်နဲ.
မည်သို.သောလက်ကို အသုံးပြုမှာလဲ
ငါမဝေခွဲတတ်ခဲ့ခြင်းအား
ငါ့အမှားပဲထားပါလေ
အခုတော့
အားလုံးနောက်ကျသွားပါပြီ
အားလုံးနောက်ကျလို. သွားခဲ့ပါပြီ။

နှစ်သိမ့်သလိုလို
ငါ့ပါးပြင်ကို ပွတ်သပ်နေတဲ့နှင်းတို.
ဒင်းတို.မဟုတ်သလိုပါပဲလား
ဖြစ်များဖြစ်နိုင်မယ်ဆို
ဟောဒီသွေးခဲရက်စွဲတွေကိုဆွဲဆုတ်
နှင်းပြက္ခဒိန် အသစ်လုပ်ပေးကြပါ။

သားတစ်ယောက်ရဲ. ငိုညည်းသံရှည်
ဆောင်းပြန်လေမှာမျှင်သေးမျောလွင့်
ဟောဒီဒဏ်ရာနေ.ရက်တွေမှာ
“ရေနည်းကန်.လန်.ကာ” ဖွင့်လိုက်ပါပြီ။


(၂)

အဲဒီနေ.က
နှင်းလက်ဖ၀ါးတို.ဟာ
အရာရာကို အလျားလိုက် ရိုက်ခတ်နေခဲ့တယ်
ကိုယ်ချင်းစာတတ်မယ်ဆိုရင်
အမေတစ်မြို.ငါတစ်မြို.ရာဇ၀င်ကို
သူမြင်ဖို.ကောင်းပါရဲ.
လွန်ခဲ့ပြီကောဆောင်းရေ………..

လောကဓံရယ်
အမေ့ကိုတိတ်တဆိတ်လုပ်ကြံမှ
ငါ့ကို နာကျင်စေမယ်ဆိုတာကို
ဘယ်နည်းဘယ်ပုံသိခဲ့ပါသလဲ
စစ်သူရဲတွေ ကုဋေချီပြီး
အမေ့ခန္ဓာအိမ်ကိုဝင်စီးခဲ့တယ်။

ငါကတော့
အဝေးတစ်မြို.မှာ
အမှတ်မဲ့စွာ အလုပ်များနေခဲ့တယ်
ကံတရားရဲ.“သွေးစီရင်ချက်”ကို
ငါ့လက်ထဲကို ဖြောင်းကနဲရိုက်သွင်းဖို.
သူငယ်ချင်းတစ်ယောက် ရောက်လာခဲ့ပြီ
အဲဒီနေ.ကပေါ့အမေ။

“မင်းအိမ်က ဖုန်းဆက်တယ်
မင်းအမေ အသညးအသန်ဖြစ်နေတယ်
ချက်ချဉ်းပြန်လာပါ……….တဲ့”
အေးစက်တုန်ဟည်း
ငါ့နားထဲမှာ
ကမ္ဘာကြီး ပြိုသွားတယ်။

လှိုက်ပြာသွေးဆုတ်
သူပြောတာအရေးပေါ်တဲ့
ကျွန်တော်ဘာလုပ်ရမလဲ
စိတ်ထဲမှာ ပူလောင်ပွက်ထန်
အိမ်ကိုအမြန်ပြန်ရမယ်
အိမ် ကို အ မြန် ပြန် ရ မယ်
အိမ် ကို အ မြန် ပြန် ရ မယ်။

ကျောပိုးအိတ်ထဲကို
ဘာတွေထည့်မိသလဲတော့မသိဘူး
အရူးအမူးပြင်ဆင်
အလျှင်အမြန် အိတ်ကိုအဆွဲ
စားပွဲတင်ပန်းအိုးဟာ
ခွမ်းကနဲ ကျကွဲသွားတယ်။

အို……..နိမိတ်လား အတိတ်လား
ငါမစဉ်းစားနိုင်ဘူး
အဦးဆုံး အိမ်ကိုရောက်ဖို.
နတ်ကောင်းတို.ကူကြပါ။

(၃)

အရှည်လျားဆုံးကားခရီး
ပြီးပဲမပြီးနိုင်တော့ဘူး
လက်သီးဆုတ်ထဲမှာပူပန်ခြင်းတွေပူးကပ်
တင်းကြပ်နင့်ဝင်
ဆံပင်တွေကိုတိုးဝှေ.တဲ့ လေကတောင်
အေးမြမှုကို မပေးစွမ်းတတ်ဘူး။

ကားကကြပ် လူကကြပ်နဲ.
ငါ့နှလုံးသား ညပ်နေလို.များ
ဟောဒီ မျက်ရည်တွေက စိမ့်ထွက်လာသလား
လက်ဖ၀ါးမှာ ပုတီးကိုကွယ်ဝှက်စိတ်လို.
ငါ တိတ်တိတ် ငိုမိတယ်။

ငါ့ဘေးကရယ်ကြမောကြသူတို.
ပျို.တက်လာတဲ့ စိုးရိမ်သောကကို
ဖိမြိုမချတတ်သူ လူငယ်တစ်ယောက်အား
သတိမထားမိကြပါနဲ.
သူ.ရဲ.အမေဟာသူ.ကမ္ဘာ
သူ.ရဲ.အမေဟာသူ.စကြာဝဠာ
သူ.အဖို.အရာရာမို.ပါ။

ဒီနေ.ကျမှ နေ၀င်တာစောတယ်
ဝေါကနဲ ပြိုဆင်းလာတဲ့ အနက်ထုထည်
ဘယ်နတ်ဆိုးတွေဖြစ်မလဲ
တောင်ပံအမည်းနဲ.ပျံသန်း
ခိုကိုးရာမဲ့ အမေ့ဝိဥာဉ်ကို
ဇွတ်လိုက်ဖမ်းနေကြတာ။

ငါ့လက်မောင်းဟာ ငါ့အားကိုးရာဖြစ်တယ်
ပုတီးတစ်ကုံးနဲ.
တစ်လုံးချင်းတစ်လုံးချင်း
တည်ငြိမ်မှုကို ပြန်လည်ဖန်ဆင်းကြည့်တယ်
မလွယ်ပါဘူးအမေ
ငလျှင်မြေမှာ တိုင်ထူမိသူပါ။

အေးစိမ့်မှုကို အနှစ်အထိခွာချနေတဲ့လေမှာ
ငါ့ဇာတိကို ခြေချမိခဲ့ပြီ
မာရ်နတ်ရဲ. ပဉ္စလက်ကြောင့်
အနက်ရောင်ထနေတဲ့မြို.လေးရေ
အမေ့ကို ကာကွယ်ပေးထားပါ။

(၄)

တစ်လှမ်းချင်း တစ်လှမ်းချင်း
သောကနဲ.တင်းကြပ်လာတဲံဦးခေါင်း
ခြေထောက်ကမညောင်းသေးဘူး
ခြေဦးက တွန်.ဆုတ်ခဲ့ပြီ
ဒီမြေကိုလာစဉ် ကြားကာလမှာ
အမေ.ရဲ.ဘ၀ဟာ…………..

ရောက်ချင်တယ် မရောက်ရဲဘူး
ထူးထူးဆန်းဆန်းဒွိဟနဲ.
တစ်စတစ်စနီးကပ်
ခြံဝမှာ ခြေစုံရပ်မိပြီ။

တစ်ယောက်ယောက်ကို လှမ်းခေါ်လိုက်ဖို.ကြံတယ်
အသံတွေတုန်နေမယ်ထင်တယ်
အရင်ကလှမ်းခေါ်ရင်
ဘယ်သူဘယ်ဝါခေါ်တာမှန်း
အမေကတန်းသိတယ်
အခုထိမခေါ်ရဲဘူး
အမေမထူးလိုက်မှာကိုစိုးတယ်။

တစ်စက္ကန်. နှစ်စက္ကန်.
တစ်မိနစ် နှစ်မိနစ်
အထစ်ထစ်အငေါ့ငေါ့ ခေါ်မိတယ်
ရှိနေတဲ့ အိမ်နီးချင်းတစ်ယောက်က
ခြံဝကိုတံခါး လာဖွင့်တယ်
ဘယ်မှာလဲကျွန်တော့်အမေ
အမေ အမေ
အမေရော…………
…………………………
…………………………………
……………………………………………….


“ညီလေး
စိတ်အေးအေးထားပါ
မင်းအမေ ဆေးရုံမှာ…”


(၅)

အမေ
ပိုက်တွေနဲ.ပါလားအမေ
ဆေးရည်တွေ တစ်စက်တစ်စက်
အမေ့အသက်ကို လုနေတာ။

အမေ့ဘေးမှာ ငါ့အစ်မ
သောကကြောင့် တောင့်တောင့်ကြီးရပ်နေတယ်
ငါကတော့
ဖျတ်ကနဲဖျတ်ကနဲ အသံမြည်ဆင်းတဲ့
ပုလင်းထဲကဆေးရည်တွေကိုငေးရင်း
ရင်တွင်းမှာ ဘာမှမရှိတော့ဘူး။

ပါးလှပ်လှပ် အမေ့ခန္ဓာကိုယ်ဟာ
အ၀တ်တစ်စကို
အလျားလိုက်ပုံချထားသလိုပဲ
ခပ်လွှဲလွှဲလေးစောင်းနေတဲ့
အမေ့ခေါင်းကနဖူးဆံစမှာ
ဆံပင်ဖြူတွေ ပြေလျ ရှုပ်ပွလို.
ကျွန်တော် ဖြီးပေးခွင့်ကော ရပါဦးမလား။


အမေ့လက်ကလေးကိုဆုတ်ယူမိတယ်
ကြည့်……..ချိနဲ.လို.
အရေတွေတွန်.ကျလို.
အကြောအဆစ်တွေ ဟီးထလို.
ကျွန်တော်တို.ကို ထူမတ်ပေးခဲ့တဲ့
အားကောင်းမောင်းသန်ဟောဒီလက်ပိန်ပိန်တွေ
အမေ ကျွန်တော်ရောက်ပြီလေအမေ။

ဟောဒီ ပိန်ပါးချိနဲ.အမေအိုက
ငါတို.ကိုအုပ်မိုးစောင့်ရောက်ခဲ့သူပါလား
ဘယ်လိုအင်အားမျိုးပါလားလို.
ငါတို. ခန်.မှန်းလို.ကိုမရတဲ့
အနန္တစွမ်းအားတွေ အကြိမ်ကြိမ်ကို
ပိန်လှီတဲ့ နှလုံးသားက ပေးခဲ့ပါ့လား။

စာမတတ်ပေမတတ်လို.
ကျွန်တော်အထပ်ထပ်“စ”ဖူးတဲ့အမေ့ကို
ကျွန်တော်ငေးနေမိတယ်
လေးမြတ်စွာ ဆို.သိမ့်စွာ
ငေးမိတယ်
ဂုဏ်ယူစွာ အားငယ်စွာ
ငေးမိတယ်
အမေရယ်…………..

အသက်ရှူပုံက နှေးနှေးနဲ.မျှင်းမျှင်း
တစ်ချက်တစ်ချက် ပြင်းပြင်းထရှိုက်တယ်
အားမရလိုက်တာအမေ
အိပ်နေတာပဲ ဖြစ်ပါစေတော့
ဖြူဖျော့ဖျော့မီးရောင်အောက်က
ကြောက်မက်ဖွယ် အိပ်မက်ဆိုးကို
ဖျတ်ကနဲ လန်.သာနိုးလိုက်ချင်တယ်။

ကျွန်တော်သိလိုက်ပါပြီအမေ
ဟောဒီလိုအခြေအနေမှာ
အမေသတိပြန်လည်လညဖို.ဆိုတာ
မျော်လင့်စရာ သိပ်မရှီတာ့ပါဘူး
ဒါပေမယ့်အမေ
ကျွန်တော်ထင်နေတယ်
အမေဘာမှမဖြစ်ဘူး
အမေနေကောင်းလာတော့မှာ……

အမေ့ကျေးဇူးကိုမဆပ်ရသေးဘူး
စူးကနဲ ၀င်လာတဲ့အတွေးဓာတ်ကြောင့်
ဆတ်ကနဲကျွန်တော် တုန်သွားတယ်
ဘုရား… ဘုရား…
နှလုံးသားအထိ စိမ့်သွားတဲ့တုန်လှုပ်မှုဟာ
ခန္ဓာကိုယ်တစ်ခုလုံး ကျင်တက်အေးစက်စေတယ်။

လည်မြိုအထိ တက်လာတဲ့ဆို.နင့်ခြင်း
အတင်းဖိသွင်းလို.မရတော့ပါလား
စကားမဲ့နေတဲ့ အစ်မကိုကြည့်တော့
သူလည်းအမေ့ကို မချိတရိငေးလို.
သူရော ဘာတွေတွေးနေမလဲ။


(၆)

သူနာပြုတွေ ၀င်တယ်ထွက်တယ်
လက်မောင်းပိုက်ကနေ နှာခေါင်းပိုက်ကနေ
ဆေးရည်တွေဆေးပြားတွေ ထိုးသွင်းတယ်ဖျော်သွင်းတယ်
သေမင်းရဲ. မိုးနေတဲ့အရိပ်ကို
တိတ်ဆိတ်စွာ တွန်းလှန်ကြတယ်။

အမေကတော့အရာရာကို
ဥပေက္ခာပြုထားသလိုပဲ
ခဲမာအေးစက်နေတဲ့ဆောင်းကိုတောင်
အရင်လိုချောင်းဆိုးမနေတော့ဘူး
ရင်ထဲမှာစူးစူးရှရှနာမိတယ်။

ခါတိုင်းညမျိုးတွေမှာ
အမေ့ဘေးမှာကျွန်တော်အိပ်တယ်
တိတ်တိတ်နဲ.ကြိတ်ဆိုးနေတဲ့ချောင်းသံ
ခံနိုင်ရည်မဲ့ညတိုင်းကြားတယ်
အခုလည်းအမေရယ်
တအားကုန်ချောင်းဆိုးရင်း
နိုးလာလိုက်ပါတော့လား။

ဆောင်းရော အမေရော ညနက်ခဲ့ပါပြီ
အဝေးဆီက ပိုးအော်သံအမျှင်ရှည်ရှည်
တွေဝေမှုနဲ. ထုံအနေတဲ့ ငါ့ခေါင်းမှာ
အချိန်တွေနှောင်းနှောင်းသွားတာသိနေတယ်။

(၇)

ကြန်.ကြာနေတဲ့ အမေ့အသက်ရှူခြင်းဟာ
ပိုမျှင်းလာ ပိုညင်သာလာတယ်
တစ်ခါတစ်ခါ
လိုအပ်တာထက် ညင်သာလွန်းနေတယ်
အမေရယ်
ဇီဝတောင်စွယ်မှာ
နေကွယ်လို. ယွန်းတော့မယ်အမေ။

အစ်မကမျက်ရိပ်ပြတော့
ခပ်ဖွဖွလေး
သွေးခုန်နှုန်းကိုစမ်းကြည့်တယ်
လက်ဖျားတို.ရဲ.အထိအတွေ.မှာ
သွေးတိုးနှုန်းမတွေ.တော့ပါလား။

တုန်ရင်တဲ့လက်နဲ.
ညာဘက်ကို ပြောင်းပြီးသွေးစမ်းမိတယ်
မရှိတော့ပါဘူး
မထူးခြားတော့ပါဘူး။

ကျွန်တော့်ရဲ.လက်ဟာ
အမေ့ရဲ.ဘယ်ဘက်ရင်ခွင်ကိုဖိအုပ်တယ်
တဒုတ်ဒုတ်သွေးတိုးခြင်း
အလျှင်းမရှိတော့ပါလား။

ထူးဆန်းစွာပဲ
ငါ့ရင်ထဲက သောကတွေ
ဆို.နင့်နာကျင်ခြင်းတွေ
တမျှင်းမျှင်းပျောက်သွားတယ်
ဘာမှမဖြစ်တော့သလိုပဲ
စိတ်ထဲမှာလျော့သွားတယ်။

နှလုံးသားရဲ. အလည်ဗဟိုမှာ
ဗလာဖြစ်သွားတယ်
အဲဒီဗလာ
ကျယ်ပြန်.လာလိုက်တာ

နှလုံးသားလည်းဗလာ

ရင်ခွင်လည်းဗလာ

ငါ့တစ်ကိုယ်လုံးဗလာ

အို…….တစ်လောကလုံးဗလာ

ဘာဆို ဘာမှ မရှိတော့ပါ့လား

……………

……………………………….

…………………………………………



နာရီကိုမြှောက်ကြည့်တော့

သန်းခေါင်ယံတိတိ

သြော်…..လကွယ်သန်းခေါင်တိတိ

အမေလည်းမရှိတော့ဘူးလေ။



ပိယေဟိ

ဝိပ္ပယောကော ဒုက္ခော

လူသားတိုင်းမောဘူးကြတယ်

အတိအကျ အသက်ကြိုးကိုဖြတ်

တစ်စက္ကန်.မလွဲ

တကယ်ပဲ သပ်ရပ်လိုက်ပုံများ။



အမိမဲ့သားဟာ

ရေနည်းငါးဆိုရင်

ဟောဒီ ပစ္စင်မှာပဲ

ကျွန်တော်တို. ရေနည်းခဲ့ရပါပြီအမေ

ရေနည်းခဲ့ရပါပြီ။



(၈)
ဆရာမတွေ

ပိုက်တွေပိုက်တွေ ကိုဖြုတ်ကြပြီ

ဖြုတ်ကြပါစေလေ

စီးထွက်စရာ မေတ္တာရည်မရှိမှတော့

စီးဝင်စရာ ဆေးရည်လည်း မလိုတော့ဘူးပေါ့။



အမေ့လက်ကို ဆုတ်ယူကြည့်တော့

လက်ဖ၀ါးလေးထိနွေးနေသေးတယ်

လက်ဖျားလေးတွေတော့ အေးလာပြီအမေ။



စီစဉ်စရာတွေ ခေါင်းထဲမှာဆွဲနေတော့

ရင်ထဲက မပူပန်နိုင်ဘူး

အဦးဆုံးဘာလုပ်မလဲ

ပြီးရင်ဘာလုပ်မလဲ

နည်းနည်းတော့ သက်သာတယ်အမေ။



(၉)

အိမ်အပြန်လမ်းပါအမေ

အမေ့ကိုထမ်းစင်နဲ.ခေါ်ကြတယ်

နောက်ကနေ အစ်မရယ် ကျွန်တော်ရယ်

သယ်စရာတွေကို ခြင်းနဲ.ထည်.လို. ။



ဘာမှမပြောဖြစ်ဘူး

နစ်နေအောင် စူးတဲံအမှောင်ကိုပဲ

အသည်းအမည်းငေးမော

ပြောစရာလည်း မလိုတော့ပါဘူး

အမေ…..

ကျွန်တော်တို. ဘာပြောဖို.လိုပါသေးသလဲ။



အိမ်ကိုရောက်ပြီအမေ

အမေချစ်တဲ့ အိမ်ကိုရောက်ပြီ အမေ

အဖေ….ကဗျာကရာထလာတယ်

ကျန်းမာရေးကြောင့် လိုက်မလာပေမယ့်

သူ……အိပ်ပျော်ခဲ့ဟန်မတူပါဘူး။



အိမ်ရှေ.မှာ အမေ့ကိုပြင်တယ်

ကျွန်တော်က အိမ်ထဲဝင် အိမ်ပြင်ထွက်နဲ.

အနေခက်တယ်အမေ

ကျွန်တော် ဘယ်လိုနေရမလဲ

တကယ်ပဲလိုလို အိပ်မက်လိုလို

ကိုယ့်ကိုကိုယ်ပျောက်ဆုံး

ယူကျုံးမရဖြစ်လိုက်တာအမေ။



ပြင်လို.ဆင်လို.အပြီးမှာ

ပြန်သူပြန် အိပ်သူအိပ်

ကျွန်တော်တို.ပဲ

တိတ်ဆိတ်စွာ ထီးတည်းကျန်ခဲ့

အမေ့ရဲ.ဘေးမှာ အစ်မက

ဖွဖွကျုံ.ကျုံ.လေးထိုင်လို.

ခြေရင်းမှာ အဖေနဲ.ကျွန်တော်က ငိုင်လို……

……………………………………………………..



အမေ့ကိုတွေတွေကြီးငေးနေလိုက်ကြတာ

အကြာကြီးကြာတယ်

ကွယ်ကွယ်ဝှက်ဝှက်သက်ပြင်းတွေ

အတင်းအကြပ်မြိုသိပ်

ကြံဖန်ပြီးဇွတ်တိတ်ဆိတ်နေရတာမျိုး

နောက်ဆုံးမှာ အစ်မက တိုးတိုးညည်းတယ်

“ ဖြစ်မှ ဖြစ်ရလေ အမေရယ် ”……..တဲ့။



တစ်ခွန်းထဲ

လုံလောက်တယ်

ဟုတ်တယ်

ဖြစ်မှ……………… ဖြစ်ရလေ အမေရယ်

ဖြစ်မှ ဖြစ်ရလေခြင်း

တင်းထားသမျှ

ကျွန်တော် ပြေကျသွားတယ်။



အမေ

အမေ့သားအလတ်က အမေ့ကိုသိပ်ချစ်တာ

သူလာရင်ဘယ်လိုပြောရမလဲ

အမေ

သူ.ကို ဘယ်လိုပြောရပါ့မလဲ

အမေ

အဲသလိုကြီး မျက်နှာလွှဲမသွားပါနဲ.။



အမေ

ထပါဦးအမေ

ကျွန်တော်ရောက်နေတယ်အမေ

သားတွေမစုံသေးဘူးအမေ

အမေ

နေမယ်ဆို နေနိုင်ပါသေးတယ်အမေ။



အမေ

ကျွန်တော်ဖျားရင် ဘယ်သူချွေးသုတ်ပေးမှာလဲ

ကျွန်တော့်ကို ညကျ ဘယ်သူစောင်ထခြုံပေးမှာလဲ

မနက်ကျ ကျွန်တော့်အိပ်ယာ ဘယ်သူသိမ်းပေးမှာလဲ

အမေ တကယ်ပဲကျွန်တော့်ကို စိတ်ချလို.လား။



အမေ

ကျွန်တော် တာဝန်မကျေသေးဘူး

အမေ့ကိုဘုရားလိုက်မပို.ရသေးဘူး

အမေ့ကို အားဆေးဝယ်မပေးရသေးဘူး

အမေစိတ်ချမ်းသာအောင် မထားရသေးဘူး။



အမေရယ်

ရက်ရက်စက်စက်

ခွဲခွာရက်ပါပေ့

ခေါက်ခေါက်ရက်ရက်

လုပ်နိုင်ရက်ပါပေ့

စိတ်စိတ်ချချ

ထားမှထားခဲ့ရက်ပါပေ့အမေရယ်။



(၁၀)

အိမ်ထဲကိုဝင်

အမေ့ကုတင်ဘေးမှာရပ်မိ

အမေ့အိပ်ယာလေးကို ကြည့်တယ်

ကြမ်းပြင်ကိုလက်ဖ၀ါးနဲ.အဖိ

အေးစက်တဲ့ အတွေ.အထိမှာ

ကျွန်တော် မျက်ရည်ကျမိတယ်။



အခုတော့

ငြိမ်းချမ်းရပြီပေါ့အမေ

မျက်ခွံလေးတွေ လက်သည်းလေးတွေ

ယောင်စရာ မလိုတော့ပါဘူးအမေ

အိပ်ရေးပျက်ချောင်းမျောကြီးကို

မောအောင်ဆိုးစရာ မလိုတော့ပါဘူးအမေ။



ပန်းဖျားလိုက် အအေးပတ်လိုက်

ခေါင်းကိုက်စရာမလိုတော့ပါဘူးအမေ

တစ်ခါတစ်ခါ သလိပ်ထွေးအချမှာ

သွေးစ ပါစရာမလိုတော့ပါဘူးအမေ။



အမေ

ငြိမ်းချမ်းစွာနေပါတော့

အမေ့ရဲ.

ရောဂါမှည့်မှည့် ဘ၀ကြီးကို

စိတ်ချလက်ချ စွန်.ခွာပါတော့။



သားသမီးအတွက် ပူပန်ရခြင်းတွေနဲ.

အမေ့ဘ၀ ပွန်းပဲ့ ပိန်ပါးခဲ့ရပါပြီ

ထားခဲ့ပါတော့အမေ

ဘ၀ဘ၀တွေမှာ

ပေးဆပ်သူတို.ရဲ.ပါရမီကြောင့်

အမေကြည်ကြည်သာသာ နေရပါစေတော့။



အမေ ဟောဒီဘ၀မှာ အမေကချည်းပေးခဲ့တာပါ

ရောဂါတွေ ပူပန်မှုတွေ အဖိအစီးကို

မီးကျွမ်းအောင် ခံခဲ့ရတာပါ

အမေ…….သွားပါတော့။



ဘယ်သား ဘယ်သမီးအတွက်မှ

သောကတွေနဲ. မပူလောင်ပါစေနဲ.တော့

အိမ်ထောင်ရဲ. ငွေကြေးကိစ္စတွေလည်း

ခေါင်းမခဲပါနဲ.တော့။



ကျန်ရစ်သူတို.ရဲ. အပူမီး

တစ်ချိန်ချိန်တော့ပြီးသွားမှာပါ

အမေဘာမှ နောက်ဆံမငင်ပါနဲ.တော့။



မျက်ရည်တွေယိုစီး

“ အမေ ……….”လို. တိုးတိုးညည်းမိတယ်

ဖိစီးတဲ့ သောကကြောင့်

အသံက ထွက်မလာတော့ပါဘူး။



(၁၁)

အစ်မလား

သူလည်းငိုနေပြီပေါ့

သူ.ရဲ.သောကမီးက

ကျွန်တော်တို.ထက် ပိုကြီးတယ်

အိမ်ရဲ. တာဝန်ကြီးက

သူ.ပခုံးပေါ်မှာ ဖိစီးပြီအမေ။



အစ်မက တဖွဲ.တနွဲ.ငိုတယ်

ကျွန်တော့်လို

အငိုကိုထိန်းချုပ်

တစ်ကိုယ်လုံး တုန်လှုပ်မနေဘူး

အမေ

ကျွန်တော် ရူးသွားချင်လိုက်တာ။

အမေရယ်

ခွဲသူက ခွဲရက်တဲ့အခါ

ကျန်ခဲ့သူက ပိုနာတယ်

နှလုံးသားကို ဆွဲချေတာ

အသည်းတွေနာလှပါပြီအမေ။



(၁၂)

မနက်ကတော့ လင်းခဲ့ပါပြီ

ကျွန်တော်တို.မလင်းတော့ဘူး

အမေကျွန်တော့်ကို ထမင်းခူးမပေးတော့ဘူး

အိမ်ထဲဝင် အပြင်ထွက်နဲ.

အမေ့ရဲ. ဖိနပ်သံ မကြားရတော့ဘူး

မီးဖိုချောင်ကအချက်အပြုတ်

အမေမလုပ်တော့ဘူး

“အမေ……မိုးလင်းပြီ အမေရဲ. ”

အမေ

တံစက်မြိတ်ရဲ. အပြင်ဘက်မှာ

မဏ္ဌပ်တွေဆင်ကြပြီ

ဟိုလူဒီလူတွေ လာကြပြီအမေ

သူတို.က ၀မ်းနည်းရုံပါ

ကျွန်တော့်ရင်ထဲမှာ ကမ္ဘာပျက်တာပါအမေ။



အိမ်ထဲပဲဝင်ဝင် အိမ်ပြင်ပဲထွက်ထွက်

အမေ့ရဲ.ခြေရာလက်ရာတွေ

အမေရယ်

ကျွန်တော်တို. ငိုနေတာတွေ.ရင်

အမေ နှစ်ခါပြန်သေချင်မှာပဲ။



အမေ့စိတ်တိုင်းကျ

ကျွန်တော်နေပြချင်တယ်

အစစ နောက်ကျခဲ့ပါပြီ

ဒီကမ္ဘာ ဒီဘ၀မှာ

အမေ့ကျေးဇူး ဆပ်ခွင့်မရတော့ပါဘူး။



အမေ

ကျွန်တော်ငိုနေပါတယ်အမေ

သိပ်အသည်းမာတယ် ဆိုတဲ့ အငယ်ကောင်လေး

သည်းသည်းနင့်နင့် ငိုကျွေးနေပါတယ်အမေ။



အဝေးက သားတွေသတင်းကြားရင်

အမေ၀မ်းသာမှန်းသိရဲ.သားနဲ.

ဖုန်းမဆက် စာမပါးခဲ့တဲ့အမေ့သား

သူ……ခံစားနေရပါတယ်အမေ။



သူက ဒီရောက်တုန်းသာ ငါ့ကိုချစ်တာဆိုတဲ့အမေ့သား

အခု…..အမေ့အနားမှာပါအမေ

ကျွန်တော် အနားမှာပါအမေ။



အမေ့သား အကြီးကောင်လာပြီအမေ

သူလည်းငိုရပြီ

ယောက်ျားကြီးတစ်ယောက် အံကိုကြိတ်ပြီး

အတင်းမြိုသိပ် ငိုနေတဲ့မြင်ကွင်း

ရင်ထဲမှာ တင်းကြပ်ဆိုးနင့်လိုက်တာ။



(၁၃)

နေ.လည်သုံးနာရီခွဲပြီအမေ

လူတွေလည်းလာကြပြီ

အမေ.ဘ၀ရဲ.နောက်ဆုံးခရီး

လိုက်ပြီး ပို.ကြတော့မယ်။



အမေ

နိဗ္ဗာန်ယဉ်ရောက်လာပြီအမေ

အမေ့ကိုခေါ်ဖို.တဲ့

အစ်ကိုနဲ.ကျွန်တော်

အမေ့မျက်နှာကိုဖေါ်ရင်း

နောက်ဆုံးသောကြည့်ခြင်းနဲ.ကြည့်ကြတယ်။



မကြည့်ရက်စရာပါအမေ

ပါးလေးတွေခွက်လို.

မျက်ခွံတွေနက်ဝင်လို.

နဖူးပြင်ကတွန်. ….လို.

ဆံစတွေ ဖွာလို. ……..



နှလုံးသားမှာ ဆို.တက်လာတယ်

မျက်ရည်ကျလို.မရတော့လောက်အောင်ကို

ငိုပြီးသားမျက်လုံးတွေမှာ

မျက်ရည်တွေဖုံးလာပြန်တယ်

အမေရယ်

တကယ်ပဲခွဲသွားခဲ့ပြီကော။



မြေပြင်မှာဝပ်စင်း

အမေ့ခြေရင်းမှာ ဒူးညွှတ်ရိုကျိုး

ကျွန်တော် ရှိခိုးလိုက်ပါတယ်

အပြစ်ရှိရင်ကျေပါ

အပြစ်ရှိရင်ကျေပါ

အပြစ်ရှိရင်ကျေပါတော့ အမေ။



(၁၄)

သချိုင်္င်းမြေ

အေးချမ်းသွားသူတွေနေထိုင်ရာ

တခြားသော ကမ္ဘာပေါ့အမေ

အဲဒီမှာအမေနေရမယ်။



အမေ

အစ်မတော့ ကမ္ဘာပျက်အောင်ငိုနေပြီ

ကျွန်တော်လား

ထူးမခြားနားပေါ့အမေ

ခြေလှမ်းတို. ညွှတ်ကျ

မနည်းတင်းထားရတယ်။



အမေ့ကိုကျင်းမှာချပြီအမေ

အမေ့ကိုထားခဲ့ရတော့မယ်အမေ

အိမ်ပြန်ရောက်ကတည်းက

နှုတ်ဖျားက ထွက်မရတဲ့အခေါ်

ကျွန်တော်အော်မိတယ်

“ အမေ

အမေ

အမေ ”



ကွဲအက်ပြတ်ရှ

ကိုယ့်နှလုံးသားကိုခြေမွရသလိုပဲ

တွင်းထဲကိုမြေခဲတစ်စ

ကျွန်တော် ငိုရင်းတွန်းချလိုက်ပါတယ်။



အမေ

နေခဲ့ပါတော့အမေ

ပူလောင်ခါးသီး

အမေ့ဘ၀ကြီးကိုပစ်ခွာ

အေးချမ်းစွာနေပါတော့။



(၁၅)

အပြန်လမ်းကျ

အစ်မပခုံးကိုနှစ်သိမ့်ဖျစ်ညှစ်

ကျွန်တော် မငိုဖြစ်တော့ပါဘူး

စိတ်ကူးထဲမှာ လင်းသွားတယ်။



အမေဟာ

မေတ္တာရဲ. တရားဓမ္မကို

အကောင်းဆုံးပြသသွားသူဖြစ်တယ်။



စာအုပ်များရဲ. အပြင်ဘက်မှာ

“ပညာနဲ.လောက” ကိုသင်ကြား

ကျွန်တော့်ရဲ. ဆရာသမားတစ်ဦးပါပဲ။



အခု

သူ.ရဲ. နောက်ဆုံးသောသင်ခန်းစာဟာ

နာကျင်ခြင်းကို မြိုသိပ်

တိတ်ဆိတ်စွာ ရှင်သန်ခြင်းပဲဖြစ်မယ်။



သူသိပ်ချစ်သော သားများနဲ.ဝေးကွာခြင်းကို

အမေ ဘယ်လိုအံတင်းခဲ့ပါသလဲ

ကွဲကွာစွာ အထီးကျန်မှုကို

အမေဘယ်လို အံတုခဲ့ပါသလဲ

ရင်ထဲမှာတရားတစ်ခု

သူ.အလိုလိုဖြစ်ထွန်းလာတယ်။



အမေရေ

မေတ္တာတရားဟာ

ဖွင့်ထားတဲ့ကောင်းကင်ဖြစ်တယ်

ဦးသစ်သောတောင်ပံနဲ.

ပျံသန်းခွင့်ပေးခြင်းဖြစ်တယ်

ဖွင့်လှစ်ထားတဲ့အမေ့ကောင်းကင်မှာ

ကျွန်တော်တို.ပျော်ရွှင်ခဲ့ရခြင်းဟာ

ဟောဒီတရားကြောင့်ပါလား။



လှောင်ချိုင့်နဲ.ကောင်းကင်

ကျွန်တော်ခွဲခြားမြင်ခဲ့ပြီ

နောင်လာမယ့်မျိုးဆက်

လှောင်ချိုင့်နဲ.ကောင်းကင်

ကျွန်တော်ခွဲခြားမြင်ခဲ့ပြီ

နောင်လာမယ့်မျိုးဆက်

ကျွန်တော့်ရဲ.အသက်ဝိဥာဉ်

အရာရာကို အထိန်းအချုပ်မထားချင်တော့ဘူး။



အမေဟာ

သူကိုယ်တိုင်မသိတဲ့ တရားထူး

ငါ့တစ်ဦးတည်းကို ဟောသွားတယ်

ဘယ်အရာနဲ.မှ မတူတဲ့

အမေ့ရဲ.ပေးဆပ်ခြင်းပါပဲ။



(၁၆)

အဲဒီလိုနဲ.ပဲ

မိခင်တိုင်းကိုငါ ဦးညွှတ်ရတော့မယ်

အမေကွယ်ပျောက်သွားတဲ့မနက်ဖြန်မှာ

အမေများစွာ ရှိလာတော့မယ်။



သစ်ပင်ကိုလည်းငါမြင်ပြီ

သစ်တောကိုလည်း ငါမြင်ပြီ

မိခင်တွေ

မိခင်လောင်းများတွေ

ငါတို. ထားလို.မရတဲ့မေတ္တာတရား

သူတို.ဘယ်လိုသင်ကြားတတ်မြောက်ခဲ့ပါသလဲ။



ပန်းကိုချစ်သူဟာ သစ်စေ့ကိုချစ်သလိုမျိုး

ပျိုးပင်ကိုချစ်သူဟာ လယ်သမားကိုချစ်သလိုမျိုး

မိန်းမတွေကို ငါရိုကျိုးလိုက်ပါပြီ

ယောက်ျားတစီဦးရဲ. ထီမထင်မာန

သူတို.ရှေ.မှာ ငါလျော့ချလိုက်ပါတယ်။



(၁၇)

ဒါပေမယ့်

ဒါပေမယ့်ပေါ့လေ

တစ်စုံတစ်ခုသောဆန္ဒက

ငါ့ရင်မှာ တဖွတရ တုန်ခါနေတယ်။



ထက်အောက်လည် သံသရာအကွေ.တိုင်းမှာ

အမေနဲ. ပြန်တွေ.ချင်တယ်။

တွေ.တဲ့ အခါတိုင်းမှာလည်း

မလွဲမသွေ

အမေ့ရဲ.အနားမှာ

အမေနဲ.သားအဖြစ်

အမေ့ရဲ.သား ဖြစ်နေချင်တယ်

အမေ့ရဲ.သား ဖြစ်နေချင်တယ်

ငါ့အမေ့ရဲ.သား အဖြစ်

အားရပါးရ နေပစ်ချင်ပါသေးတယ်အမေ။ ။

(၄.၁၂.၂၀၀၂ တွင်ကွယ်လွန်သွားသော အမေသို.)

မော်နီ

၎.၁.၂၀၀၃