Showing posts with label ပညာရပ်. Show all posts
Showing posts with label ပညာရပ်. Show all posts

Monday, July 23, 2012

အရှေ.က နေ၀န်းထွက်သည့်ပမာ


၁။ လူမပြောင်းလျှင် မူမည်မျှပင်ပြောင်းပြောင်း ကောင်းမလာနိုင်ပါဟု ပြောသံသဲ့သဲ့ ကြားမိပါသည်။ လူလည်း မပြောင်းပါ။ ခေတ်ပြောင်းချင်ပြောင်း၊ စနစ်ကလည်း ပြောင်းမည်မထင်ပါ။ ဤခေတ်၊ ဤစနစ်ကို မကောင်းတွင်တွင်ပြော၍ အမှန်တကယ် ပြောင်းလဲမှုကို လက်ခံရန် မ၀ံ့ရဲသော၊ ပြောင်းလဲမှု အတွက် အသင့်မဖြစ်သော လူများအတွက် ဤစာစုကိုရေးမိပါသည်။

၂။ တိုင်းပြည်တစ်ခုအတွက် အရေးအကြီးဆုံးသည် (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) အစိုးရ ယန္တရားပင် ဖြစ်ပါသည်။ အစိုးရယန္တရားတွင် ထိုယန္တရားကို လည်ပတ်စေသော ဌာနများသည် အဓိကဖြစ်ပါသည်။ သို.ရာတွင် ထိုဌာနဆိုင်ရာတို. လည်ပတ်နေသော နည်းစနစ်များသည် (အများစုမှာ) အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးကာစ အချိန်ကာလမှ နည်းစနစ်များနှင့် ကွာခြားပါ၏လောဟု သံသယ ပွားရပါသည်။ ပြန်လည်တည်ဆောက်ရေးကာလတွင် မည်သည့်စီမံကိန်းကိုပဲ ရပ်ဆိုင်း၍ မည်သည့်စီမံကိန်းကိုပဲ အသစ်ပြန်စစ၊ ထူးခြားလာမည်မဟုတ်ဟု ဆိုရပါမည်။

၃။ စီမံကိန်းများ မအောင်မြင်သည့်အခါတိုင်း၊ လုပ်ငန်းခွင် တိုးတက်မှုမရ၍ စူးစမ်းမေးမြန်းခံရတိုင်း တောင်းဆိုတတ်သော ကိစ္စသုံးရပ် ရှိပါသည်။ သရီးအမ်မ် (3M) ဟုခေါ်ကြသော လူ၊ငွေ၊ပစ္စည်း (Man, Money, Material) ပင်ဖြစ်ပါသည်။ အခါများစွာပင် ဖွဲ.စည်းပုံပြင်ဆင်ရေးဟူသည် အဆိုပါသုံးရပ် တိုးမြှင့်တောင်းခံရေးဖြစ်သွားတတ်ပါသည်။ ထိုအခါ အုပ်ချုပ်ရေးယန္တရား ပြင်ဆင်ရေးသည် ၀န်ပေါ့သွားရမည့်အစား ပို၍ပင် ၀န်ထုတ်ဝန်ပိုးဖြစ်သွားရပါသည်။

၎။ ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်တွင် ဈေးကွက်စနစ်ဖေါ်ဆောင်ရေး၊ ပုဂ္ဂလိကပိုင်ပြုရေးထက် အရေးကြီးလေသော အချက်တစ်ခုကို ထပ်တလဲလဲ ဖေါ်ပြခဲ့ပါသည်။ ယင်းမှာ အဖွဲ.အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး ပင်ဖြစ်ပါသည်။ အဖွဲ.အစည်းစွမ်းဆောင်ရည် မြင့်မားရေးကို လူတိုးတောင်းရေး၊ ငွေတိုးတောင်းရေး၊ ပစ္စည်းတိုးတောင်းရေးနှင့် မရောထွေးစေချင်ပါ။

၅။ အချို.က ကြိုးနီစနစ်ဟု ပြောကြသော ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် (ပြောခဲ့ပြီးသလို) လွတ်လပ်ရေးရကာစခေတ်နှင့် မခြားဖြစ်နေပါသေးသည်။ ထို.အပြင် ဌာနဆိုင်ရာ ဖွဲ.စည်းပုံ များသည် ပြင်ဆင်ပြောင်းလဲဖွဲ.စည်းရန် ခက်သည်ကတစ်ကြောင်း၊ မည်သူမှ ဦးနှောက်ခြောက်ခံ စဉ်းစားမနေသည်ကတစ်ကြောင်းကြောင့် ရှိရင်းစွဲအတိုင်းသာ ရောကြိတ်နေကြပါသည်။ မည်သူကမှ ရှိရင်းစွဲ လုပ်ထုံးလုပ်နည်း ဖြစ်စဉ်ကို ပြန်လည်၍ ပိုမို ကောင်းမွန်သက်သာလွယ်ကူသော နည်းကို စဉ်းစားရန်မကြံစည်ကြပါ။ သူရို.ဆီဝယ် ပြန်လည်ပြင်ဆင်ရေးဟူသည် ငွေကြေး၊ အချိန်၊ လူအင်အားလျော့ချရန်အတွက် ခေတ်မှီနည်းစနစ်များ၊ စီမံခန်.ခွဲမှု ပုံစံများကို အသုံးပြုခြင်းသာဖြစ်ပါသည်။

၆။ ခက်သည်က ပေါ်လစီမိတ်ကာလယ်ဗယ်ဖြစ်သော လူတန်းစားသည် ခေတ်မှီ နည်းပညာကို မသိပါ။ စီမံခန်.ခွဲမှုကို မလေ့လာပါ။ လူမှန်နေရာမှန်ကို (ဖွဲ.စည်းပုံအသေဖြစ်၍လည်း ပါပါသည်) မထားရှိပါ။ ပြောရသည်ကိုတော့ အားနာပါသည်။ တိုးတက်ရေးကိစ္စအတွက် ကိုယ့်ဌာန၏ လုပ်ငန်းဆောင်ရွက်ပုံဖြစ်စဉ်ကို ပြန်လည်သုံးသပ်မှု အင်မတန်အားနည်းပါသည်။ သူရို.ဆီဝယ် Enterprise Architecture, Business Process Reengineering စသောမိုဒယ်များဖြင့် စနစ်တကျပြန်လည်သုံးသပ် တည်ဆောက်အပ်သော ဌာနအဖွဲ.အစည်းများစွာ ပေးထွက်လာခဲ့ပါပြီ။ ထိုသို.သော သုံးသပ်မှုမျိုး မြန်မာနိုင်ငံဝယ် အင်မတန်မအားနည်းပါသည်။ ရှိရင်းစွဲလူများ၏ စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးချနိုင်ခြင်းလည်းမရှိပါ။

၇။ အဖွဲ.အစည်း စွမ်းဆောင်ရည် မြင့်မားလာစေရန် ဒီဇိုင်းပြန်ဆင်မည့် မူဝါဒရေးဆွဲသူများ မရှိသလို ပေးလာမည့်အကြံဥာဏ်ကို နားလည်လက်ခံမည့်သူ မရှိသလောက်ရှားနေသည်ကို ၀မ်းနည်းဖွယ်တွေ.နေရပါသည်။ အုပ်ချုပ်ရေး ယန္တရား အတွင်း ဒီမိုး ဒီရေ ဒီလူတွေဖြင့် ဒီအတိုင်းသွားနေပါက သိကြားမင်း ဆင်းကယ်သည့်တိုင် တိုးတက်ရေးလမ်းစ မမြင်ပါ။

၈။ အရှေ.က နေ၀န်းထွက်သလို တို.ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ။ ထို.အတူ နောက်နှစ်ပေါင်းမည်မျှမှန်းလည်း မသိပါချေ။

အော်လ်တာနေးတစ် ပေါ်လစီ-၂


၉။ တိုင်းပြည် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှားယွင်းခြင်း နှင့် တိုင်းပြည်ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်အထည်ဖေါ်ရာတွင် မအောင်မြင်ခြင်းသည် ရလာဒ်အကျိုးတရား တူသည်ထားဦး။ ပြန်လည်ပြင်ဆင် ရမည့် အကြောင်းတရား တူမည်မဟုတ်ပါ။ ထို.အတူ ပြည်သူလူထုက အပြစ်တင်သည်ကို ငြင်းဆန်ရန် ရည်ရွယ်ရင်းမရှိသော်လည်း 'အများညီ၍ ဤကို ကျွဲ' ဖတ်ကြပါများလာသောအခါ နိုင်ငံရေးသမားများ၊ မီဒီယာသမားများကပါ သံယောင်လိုက်၍ စနစ်မှားသည် စနစ်မှားသည်ဟု ပြောလာကြပါတော့မည်။ ကျန်းမာရေး နယ်ပယ်မှ ဆရာမကြီး တစ်ဦး ပြောသော စကားကို ပြန်လည်ကိုးကား ဖေါ်ပြလိုပါသည်။ 'တကယ်တော့ ကျန်းမာရေး ၀န်ကြီးဌာနကလည်း WHO (ကမ္ဘာ. ကျန်းမာရေး အဖွဲ.) ဂိုက်လိုင်းအတိုင်း လုပ်နေတာပဲ' ဟူ၍ ဖြစ်ပါသည်။ ဤအကြောင်းများကို အသေး မစိတ်မီ ခေတ္တ ရပ်နားထားပါဦးမည်။

၁၀။ ဆရာဝန်များသည် အင်မတန် အတ္တကြီးသူများဖြစ်ပါသည်။ အပြစ်တင်ခြင်းမဟုတ်သော်လည်း ဤအတိုင်းပင် ခံစားမိပါသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း အမှတ်ဖြင့် ဖြတ်လိုက်သောအခါ 'ထိပ်' ဆိုသောနေရာမှ ကျောင်းသားများ (ထိပ်ဆိုသော နေရာကို ရောက်အောင် နည်းမျိုးစုံ ကြိုးစားလာကြသူများ) ဆေးကျောင်းတက်လာကြပါတော့သည်။ ထိပ်ရောက်အောင် နည်းမျိုးစုံဖြင့် ပို.ချင်ကြသော မိဘများကလည်း (အဆိပ်ပင် ရေလောင်းသည်မပြောရက်သည့်တိုင်) တရားသည်မတရားသည် မတွေးပဲ သားသမီးဖြစ်သူအတွက် နည်းမျိုးစုံ ကြိုးစားအားထုတ်ပေးကြပါသည်။ အားနာနာနှင့်ပင် ပြောရပါမည်။ ဆရာဝန်ဘွဲ. ရပြီးသည့်တိုင် လူမှုရေးရာတွင်၊ လူ.ပတ်ဝန်းကျင် လူ.အသိုင်းအ၀ိုင်းတွင် လူလားမမြောက်သေးသော ဆရာဝန်လေးပေါင်းများစွာ ရှိနေပါသည်။ ငါသာရှေ.ရောက်ဖို.၊ ငါအထူးကုဆရာဝန်ကြီးဖြစ်ဖို.၊ ငါအောင်မြင်ဖို. ဆိုသည့် စိတ်ဓာတ်များခြင့် ပူလောင်နေကြသူများ များနေပါသည်။ အားနာပါသည်။ များနေပါသည်။ များခဲ့ကြပါသည်။

၁၁။ လုပ်ငန်းခွင် ၀င်ရောက်သည့်အခါတွင် သင်ယူလာခဲ့သော ပညာကို ပြည်သူလူထုအတွက် အသုံးချရန်ထက် နောင်တွင် လျှောက်ရလတ္တံ.သော ခရီးလမ်းဖြောင့်ဖြူးရေး အတွက်သာ ဦးစားပေးရွေးချယ်မည့် ဆရာဝန်များ များလာခြင်းသည် ကောင်းသော လက္ခဏာဖြစ်ပါသလား။ စာသင်ကြားရခြင်းကို ၀ါသနာ လုံးဝမပါသော်လည်း မြို.ကြီးပြကြီးများတွင် နေရခြင်း၊ ညဂျူတီမစောင့်ရခြင်း၊ စနေတနင်္ဂနွေ အားလပ်ရက် ရခြင်း စသည်ဖြင့် စာကျက်ချိန်ရသော ဆေးတက္ကသိုလ်များတွင် ဆရာအဖြစ် အလုပ်ဝင်ခြင်းဖြင့် 'အရိပ်ခို' နေချင်ကြသော ဆရာဝန်လေးများစွာရှိခဲ့ပါပြီ။ ထို.အတူ အထက်လမ်း အောက်လမ်းများစွာ သုံး၍ 'မြို.ကြီးပြကြီး' များတွင် ခိုကပ်နေကြရန် ကြိုးစားခဲ့ကြသော ဆရာဝန်များ ယခင်ကလည်း ရှိခဲ့ပါသည်။ ယခုလည်း ရှိကြပါလိမ့်ဦးမည်။

၁၂။ တစ်ခုတည်းသော အကြောင်းတရား မဟုတ်သည့်တိုင် ဤသို.သော အကြောင်းများဖြင့် နယ်သို. သွားချင်သော ဆရာဝန်များ နည်းပါးပါသည်။ ဆရာဝန် လူဦးရေအချိုးသည် မြို.ပေါ်နှင့် ကျေးလက် မတူညီသလို ရန်ကုန်တိုင်းနှင့် ချင်းပြည်နယ် တူမည်မဟုတ်ပါ။ ဆရာဝန်များ နယ်သို.မသွားချင်ခြင်းကို အပြစ်တင်နေသည်မဟုတ်ပါ။ 'ကုသိုလ်၊ ပညာ၊ ဥစ္စာရရန် သင့်ရာဒေသ' အမြဲနေလိုချင်ကြသူများကို အပြစ်တင်သင့်သည်ဟုလည်း မခံယူပါ။ တိုင်းပြည်အတွက်၊ လူထုအတွက် ဟူသည် ဆိုရှယ်လစ်ခေတ်တွင်သာ ပြော၍ ကောင်းပါသည်။

၁၃။ အခြားသော (ဆရာဝန် မဟုတ်သည့်) ၀န်ထမ်းများ အတွက် နေရာကောင်းခြင်းသည် မြို.ပေါ်နယ်ပေါ်နှင့် မဆိုင်ပဲ 'ခွင်' ကောင်းမကောင်းပေါ်တွင်သာ မူတည်ပါသည်။ အပြင် 'ဂျီပီ' ဖွင့်ရသော ဆရာဝန်များ အနေနှင့် ၀င်ငွေအနည်းအများသည် ခွင်ပေါ်တွင် မူတည်နေခြင်း မဟုတ်ပဲ ကိုယ်ပင်ပန်းမှ ကိုယ်စားရသော ကိစ္စသာဖြစ်သဖြင့် နယ်မသွားလိုခြင်းကို အပြစ်တင်ရန် အကြောင်းမရှိပေ။ ဆေးရုံများတွင် နေ.ဂျူတီ၊ညဂျူတီများဖြင့် ပင်ပန်းရသော ဆရာဝန်သည် မြို.ပေါ်၊နယ် မခြားနားပါ။ (နယ်မှာပင် ပိုပင်ပန်းဖို.များပါသည်)

၁၄။ ကျန်းမာရေး ပေါ်လစီ ကောင်းမကောင်း 'ရောင်ပြန်'ဟပ်သော အရေးကြီးသည့် တစ်ခုတည်းသော ညွှန်းကိန်းမှာ 'ကျန်းမာရေးစွမ်းအားစုများကို လုံလောက်စွာ နေရာချထားခြင်း' allocation of adequate resources ဖြစ်ပါသည်။  စွမ်းအားစုများ မလုံလောက်သည့်အခါ၊ နေရာချထားမှုများ လိုအပ်ချက်ရှိလာသည့်အခါ ကျန်းမာရေး ပေါ်လစီကို မေးခွန်းထုတ်ရတော့မည်ဖြစ်ပါသည်။ မသွားချင်သောသူကို သွားစေရန်အတွက် ဥုံခံသော မန္တန်တော့ ရှိမည်မထင်ပါ။ မတူသော အနေအထား၊ မတူသော ပင်ပန်းဆင်းရဲမှုအတွက် တူညီသော လခဖြင့် စေလွှတ်ခြင်းသည် ပေါ်လစီကောင်းတစ်ခုပင်လား။ စဉ်းစားဖွယ်တော့ ရှိနေပါပြီ။

ဆက်ပါမည်။


အော်လ်တာနေးတစ် ပေါ်လစီ-၁

၁။ သူရဲတစ္ဆေကြောင်းပြောသည့်အခါ မရည်ရွယ်သော်လည်း မုသာဝါဒ ဖြစ်သွားတတ်သည်ဟု ဆိုကြပါသည်။ ထို.အတူ ကျန်းမာရေးကြောင်း ပြောသည့်အချိန်တွင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ နိုင်ငံရေးအကြောင်းများဝင်လာတတ်ပါသည်။ နိုင်ငံရေးသမားတို.ကလည်း နိုင်ငံတစ်နိုင်ငံ တိုးတက်မှု ဆုတ်ယုတ်မှုတို. အတွက် မက်လုံး ပေးရာတွင် ကျန်းမာရေးနှင့် ပညာရေးကို ချိန်ရွယ် ပစ်ခတ်လေ့ရှိကြသည်။ ကျန်းမာရေးအကြောင်းသည် ပြောရလွယ်သလို ငြင်းရလည်းလွယ်ပါသည်။ သိသလိုလို နှင့် မသိသည်များလည်း တပုံကြီး ရှိနေနိုင်သလို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အာပေါင်အာရင်းသန်ရန်လည်း လွယ်ပါသည်။ သိ၍ တတ်၍ မဟုတ်သော်လည်း ကြားဘူးနားဝ အချို.ကို ပြောပြချင်လာသည်။ ကျန်းမာရေးကြောင်းပါ။ နိုင်ငံရေးကြောင်း မဟုတ်ပါ။

၂။ နိုင်ငံ တစ်နိုင်ငံ တိုးတက်မှု၊ ဆုတ်ယုတ်မှု အကြောင်းကို ပြောသည့်အခါ ဆုံးဆုံးဖြတ်ဖြတ် ဆုံးဖြတ်ချက်ချရန်ခဲယဉ်းပါသည်။ နှိုင်းရတရားဖြင့် ပြောရမည်လား၊ တိုင်းပြည်ဝင်ငွေ ဟုန်းကနည်း တက်သည်ဖြင့် ပြောရမည်လား၊ သဘာဝ သယံဇာတ ကြွယ်ဝမှုဖြင့်ပြောမည်လား၊ ပြည်သူပြည်သားတို. ဘေးကင်းလုံခြုံ ပျော်ရွှင်မှုဖြင့် ပြောမည်လား။ တိုင်းတာ တွက်ချက်ရန် ခက်ခဲသော အခြေအနေ၊ အနေအထားတစ်ရပ်ကို ပြောလိုသည့်အခါ ညွှန်းကိန်း indicators များဖြင့် ပြောကြပါသည်။ သို.သော် ထိုညွှန်းကိန်းများသည် အခြေအနေတစ်ရပ်ကို တိတိပပပြောပြခြင်းဟု မဆိုနိုင်ပဲ အခြေအနေတစ်ရပ်၏ ရောင်ပြန် reflection သာ ဖြစ်သည်ဟူသော အချက်ကို မမေ့ကြရန်လည်း လိုပါသည်။ ထိုညွှန်းကိန်းများသည် အပြောင်းလဲကို ပြညွှန်ပါသည်။ အပြောင်းအလဲ၏ မြန်နှုန်းကို သိနိုင်ပါသည်။

၃။ နိုင်ငံတိုးတက်မှုအပြောင်းအလဲကို ညွှန်ပြကြရာဝယ် တိုက်ရိုက်သိနိုင်သော တိုင်းပြည်ဝင်ငွေ၊ ဂျီဒီပီ၊ ဂျီအန်ပီ စသည်တို.သာမက ကျန်းမာရေးနှင့် ပတ်သက်သော ညွှန်းကိန်းများသည်လည်း အရေးတကြီးပါဝင်လာပါသည်။ အထူးသဖြင့် တိုးတက်မှုသာမအက ဖွံ.ဖြိုးမှုကိုပါ တောင်းဆိုလာသောအချိန်တွင် ကျန်းမာရေးညွှန်းကိန်းများကို စေ့စေ့စပ်စပ် ကြည့်ရပါတော့မည်။ အကျယ်ပြောရန်မရှိပါ။ ထောင်စုနှစ် ဖွံ.ဖြိုးရေး ပန်းတိုင်များ (MDGs) တွင် ကျန်းမာရေးနှင့် ဆက်စပ်သော ညွှန်းကိန်းများ မည်မျှပါသည်ကိုသာ ပြန်လည် လေ့လာစေချင်ပါသည်။

၎။ ထိုသို.ကျန်းမာရေး ညွှန်းကိန်းများ၏ အရေးပါမှုကို သိလာကြသောအခါ ကျန်းမာရေး ဘက်ကို ဦးလှည့်လာကြပါသည်။ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျန်းမာရေးးးးးးးးးးးးးး  ဆိုသော စကားကို တဖွတရ ပြောလာကြပါသည်။ မသိသူကလည်း ကျန်းမာရေး၊ သိသူကလည်း ကျန်းမာရေး၊ ပြည်သူကလည်းကျန်းမာရေး၊ နိုင်ငံရေးသမားကလည်း ကျန်းမာရေး။ ထိုသို.ကျန်းမာရေးလာကြသောအခါ ကျန်းမာရေးဟူသော အဓိပ္ပါယ်သည် လူတကာအပြောများလွန်း၍ အပေါစားဖြစ်သွားသော စကားတစ်လုံးဟု မှတ်ယူရပေတော့မလို ဖြစ်နေပါသည်။

၅။ သိတော်မူကြသည့် အတိုင်း နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ညွှန်းကိန်းများကလည်း (ကျန်းမာရေး အခြေအနေဟု မပြောပါ) အားရဖွယ် အနေအထားကို မရှိသည့်အခါ လွယ်လင့်တကူ ထိုးချင်သော လက်ညိုးများသည် ကျန်းမာရေး=ဆရာဝန်ဟု ကောက်ချက်ချကြပါတော့သည်။ ထို.အတူ မအောင်မြင်သော စရိတ်မျှပေး ကျန်းမာရေး အစီအစဉ်၊ (အစစ အလကားရခဲ့သော ဆိုရှယ်လစ်စနစ်မှ ဆာလာအိတ်နှင့် ငွေထည့်လာရသော အခြေအနေသို. ကူးပြောင်းနေသော) ပုဂ္ဂလိက ဆေးရုံဆေးခန်း၊ ပညာရပ်သဘောတရားကို မသိပဲ လူနာဆုံးပါးသည်ကို ဆရာဝန်ဖြစ်စေ၊ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိုဖြစ်စေ ပုံချလိုသော ဂျာနယ်အချို.၊ စသည်တို.သည် အခြေအနေကို ဆိုးသည်ထက်ဆိုးအောင် ဖန်တီးနေကြသည်။ ဆရာဝန်သည်သာ ဖြစ်သမျှ အခြေအနေ၏ တရားခံ။

၆။ သို.ရာတွင် ပို၍ ဆိုးသော အချို. 'ဆရာသမား' များ ရှိပါသေးသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ညံ့ဖျင်းနေ၍ ညွှန်းကိန်းများ တက်မလာခြင်းသာဖြစ်သည်၊ ချာတူးလန်နေသော ကျန်းမာရေး ပေါ်လစီင်္ကြောင့် ပြည်သူလူထု နစ်နာနေရသည်။ အရည်အသွေးညံ့ဖျင်းသော ဆရာဝန်များကို မွေးထုတ်နေ၍ တိုင်းပြည် ဖွံ.ဖြိုးရေး နောက်ကျနေပါသည်။ စသည်၊ စသည်ဖြင့် မှန်သည်မှားသည် ပြောရခက်သော အကြောင်းအရာများကို အာသန်သန်၊လျှာသန်သန်ဖြင့် ပြောကြပါသည်။ မှန်သည်လည်းရှိ၊ မှားသည်လည်းရှိသော အကြောင်းအရာများ၊ အမှန်အမှား အဖြေမထွက်သေးသော ကိစ္စရပ်များကို ရမ်းတုတ်သောအခါ အဟုတ်ထင်သော သူတို.ကထင်ကြပါသည်။ အကောင်းထက် အဆိုးကသာ များမည်ဟု လေးအနက်ဆိုပါသည်။ ထိုရောအခါ လွယ်လွယ်ပေါ့ပေါ့လေး ပြောကြသူများကို ဆိုစရာ စကားများကရှိလာသည်။ အထူးသဖြင့် 'ကိုယ့်လူများ' (ဆရာဝန်များ) ထဲကပင် ထိုသို. လွယ်လင့်တကူ 'အပြစ်တင်ဝေဖန်သမှု'
ပြုလာကြသောအခါ အခြားသော မျက်နှာစာများ ရှိနေပါကြောင်း သတိပေးလိုပါသည်။

၇။ ထိုသို.သောသူများကို အလေးအနက်ဆိုလိုသည်မှာ ကျန်းမာရေးသည် 'ရှုကြည့်စရာ' မှန်ကူကွက်ပေါင်းများစွာ Multidimensional ရှိနေပါသည်။ ထို မှန်ကူကွက်တို.တွင်လည်း များစွာသော နောက်ခံ အကြောင်းချင်းရာတို. ရှိနေပါသည်။ ထိုအကြောင်းချင်းရာတို.ကို အချို.သိရှိပြီး ဖြစ်သော်လည်း အချို.မှာ သိရှိရန် လိုအပ်ဆဲဖြစ်ပါသည်။ ကျန်းမာရေး အကြောင်းကိစ္စရပ်သည် ပရိုဖက်ရှင်နယ်များအတွက်ပင် တိုင်းတာ တွက်ချက်ရန် ရှုပ်ထွေးနေပါသေးသည်ဟု ဆိုကြပါသည်။ ညွှန်းကိန်း အမျိုးအစားတစ်ရပ်ထဲဖြင့် ဖေါ်ပြဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်း သိစေလိုပါသည်။

၈။ ပြောသမျှ၏ အချုပ်သည် နိုင်ငံတော် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်း လွယ်လွယ်ပေါ့ပေါ့ အပြစ်တင်မစော ရန်သာဖြစ်ပါသည်။ ( ဆန္ဒ မစောစေလိုပါ၊ အပြစ်တင်ထိုက်သော ကိစ္စများကို အပြစ်တင်ပေးပါမည်၊)
ဆက်ပါမည်။

ရီလည်း ဖောင်း၏ မဖောင်း၏


၁။ အစစအရာရာ အပြောင်းအလဲ အတွက် ပြင်ဆင်နေကြသော ဤအချိန်တွင် ပြဿနာ ဖြစ်လာနိုင်သော နယ်ပယ်သည် အစိုးရအဖွဲ.အစည်း၏ ဌာနများ ဖြစ်လာလိမ့်မည်ဟု အကြိမ်ကြိမ် ပြောခဲ့ပါသည်။ ဖူကူယားမားကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးအကြီးဆုံးသည် အဖွဲ.အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဖြစ်ကြောင်း သူ၏ နိုင်ငံတည်ဆောက်ရေးစာအုပ်တွင် အထပ်ထပ် ဆိုထားခဲ့သည်။ ယနေ. ဖြစ်ပျက်နေကြသော ပြဿနာ အရပ်ရပ်တွင် ဖြစ်ပေါ်လာသော ပြဿနာ အတိမ်အနက်ထက် တာဝန်ရှိသူ အသီးသီး၏ အပြောမတတ်မှုများကြောင့် ရှိရင်းစွဲ ပြဿနာလေးများ ပိုမိုကြီးထွားလာသည်ကို စိတ်မကောင်းစွာ တွေ.နေရသောအခါ ပြောပြချင်သည်တို.ရှိလာသည်။

၂။ ခရိုနီများဟုလည်းကောင်း၊ ကြိုးနီစနစ်ဟု လည်းကောင်း အချို.က ဆိုကြပါသည်။ ထို.အပြင် အထက်ကပြောင်းနေပြီ၊ အောက်က လိုက်မပြောင်းဟု စကားသံလည်းထွက်လာပါသည်။ Reform ဟူသော အသံကိုလည်း တွင်တွင်ကျယ်ကျယ် ကြားလာရသည်။ ဆိုလိုသည်မှာ လက်ရှိအနေအထားအတိုင်း မဖြစ်တော့သည်ကို သိသူများလာပါသည်။ မည်သို. ပြင်ရမှန်း၊ မည်သည့် နေရာကို ပြင်ရမှန်း သိသူကတော့ နည်းမည်ထင်ပါသည်။

၃။ အမှန်တော့ ကြိုးနီစနစ်ဟူသည် ယခင် အင်္ဂလိပ်လက်ထက်ကတည်းက ဌာနအသီးသီးရှိဖွဲ.စည်းပုံ၊ အုပ်ချုပ်ပုံကို ယူထားခြင်းဖြစ်ပြီး ထိုအခြေခံအပေါ်တွင် အထွတ်အဆင့်ဆင့် တင်တင်လာခဲ့ခြင်းဖြစ်ပါသည်။ ဌာနဆိုင်ရာများ၏ တိကျသေချာစေရန် တစ်ဦးတစ်ယောက်မရှိရုံနှင့် လုပ်ငန်းခွင် မပျက်စေရန် တည်ဆောက်ထားသော ထို အထက်အောက် ဖွဲ.စည်းပုံသည် (ယနေ. အိုင်တီနည်းပညာနယ်ပယ်နှင့် မကိုက်ညီတော့သော်လည်း) အလုပ်ဖြစ် တိကျ သပ်ရပ်သောကြောင့် အစဉ်အဆက် လက်မလွှတ်နိုင်ခဲ့ခြင်း ဖြစ်သလို ဌာနဆိုင်ရာ ဖွဲ.စည်းပုံ ပြင်ဆင်ရေးသည် အလွန်ခက်ခဲသောကိစ္စတစ်ရပ် ဖြစ်သောကြောင့်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင် မပြင်မဆင် မပြောင်းမလဲ ရှိနေခဲ့ခြင်းလည်း ဖြစ်ဟန်တူပါသည်။

၎။ ယနေ. ရီဖောင်းဟု ပြောကြသောအခါ အချို. လူကြီးများက လူထပ်တိုးတောင်းရန် ပြင်ကြပါလိမ့်မည်။ အချို. ပညာတတ်တို.က လူလျော့ပစ်ရန် အကြံပြုပါလိမ့်မည်။ အချို.က လူ.စွမ်းအားအရင်းအမြစ်ထောင့်မှကြည့်ပြီး အချို.က သင်တန်းများ၊ ၀ပ်ရှော့များဖြင့် အရည်အချင်း မြှင့်တင်ရန် ရည်ရွယ်ကြသည်။ အမှန်စင်စစ် ရသမျှ လုပ်အားကို ညှစ်ထုတ်ယူနေကြသော အပြင်အဖွဲ.အစည်းများနှင့် လုပ်အားပြုန်းတီးမှု များလွန်းနေသော အစိုးရအဖွဲ.အစည်းများသည် နိုင်ငံအတွက် အကောင်းဟု ပြောရန် ခက်ပါသည်။ ပြင်တော့ ပြင်ကြရပေမည်။

၅။ လူတိုးခြင်း၊ လူလျော့ခြင်းတို.သည် အမှန်စင်စစ် ဖြစ်စဉ်တစ်ရပ်ကို ပုံဖေါ်နေခြင်းသာဖြစ်သည်။ အဘယ်ဖြစ်စဉ်နည်းဟု မေးလာလျှင် လုပ်ငန်းခွင်တစ်ရပ်၏ အကောင်းဆုံးရလာဒ်ကို အနည်းဆုံးသော လူအင်အား၊ အနည်းဆုံးသော ကုန်ကျစရိတ်ဖြင့် အတိုတောင်းဆုံးသော အချိန်တွင် ရရှိစေရန် ပြုပြင်ပြောင်းလဲရမည့်ဖြစ်စဉ်ဟုပင် ဖြေရပါမည်။ လွယ်လှသည်တော့မဟုတ်ပါ။ ထိုဖြစ်စဉ် ဖြစ်လာစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။ အချို.က အီးအေ (Enterprise Architecture) ကိုသုံးသည်။ အချို.က ဘီပီအာ (Business Process Reengineering) ကို အသုံးပြုသည်။ နာမည် မည်သို.တတ်ပါစေ။ ယခုပြောနေကြသော ရီဖောင်းကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

၆။ မည်သည့် နည်းကို သုံးသည်ဖြစ်စေ၊ ရှေးဦးအာရုံစိုက်ရမည့် အရာသည် အဖွဲ.အစည်း၏ ပန်းတိုင် Mission and Vision(ဘာသာမပြန်တတ်၍ ပန်းတိုင်ဟု ခေတ္တ သုံးထားပါသည်၊ အားမရပါ) ပင် ဖြစ်ပါသည်။ ထို မစ်ရှင်ဗီးရှင်းကို လက်ရှိမည်သို. ချီတက်နေသည်ကို သေချာ ပြန်လည် စစ်ဆေးရပါမည်။ လက်ရှိ အလုပ်ဖြစ်စဉ် (Business Process) များ၊ ဒေတာစီးဆင်းမှုများ၊ နည်းဗျူဟာများကို ပုံပေါ်အောင်ကြည့်ရပါသည်။ လက်ရှိလုပ်ဆောင်နေသော မိုဒယ် (As Is Model ဟု ပြောကြပါသည်) အတွင်းရှိ ဖြစ်စဉ်ဖြစ်ရပ်များကို 'စက်စင်အောင်' လက်ကုန်ထုတ် သုံးသပ်လေ့လာရပါသည်။

၇။ ထိုသို. သုံးသပ်ပြီးလျှင် ဖြစ်လိုသော မိုဒယ် (To Be Model) ကို ရေးဆွဲရပါသည်။ သေချာသည်မှာ လက်ရှိ အလုပ်ဖြစ်စဉ်ကို သေချာ မလေ့လာခဲ့ပါက မည်သည့်နေရာကို တိုးမည်၊ မည်သည့်နေရာကို ဒေတာဗေ့စ် အဖြစ်ပြောင်းမည်၊မည်သည့်နေရာကို ကွန်ပျူတာ အကူအညီသုံး computerize လုပ်မည် စသည်ကို အခက်အခဲ တွေ.ရမည်သာဖြစ်သည်။ ထိုမိုဒယ်ရေးဆွဲခြင်းသည်လည်း ရှိရင်းစွဲ မိုဒယ်ကို အနည်းငယ်ပြုပြင်ရုံနှင့် အကောင်းဆုံး အလုပ်စီးဆင်းမှုဖြစ်စဉ်ရအောင် ကြံဆရပါသည်။ အဖွဲ.အစည်း၏ မစ်ရှင်ဗီးရှင်း ကို မလွတ်အောင်လည်း အာရုံစိုက်ရပါသည်။ မဖြစ်နိုင်သော မိုဒယ်ကို စကားလုံးအလှများသုံး၍ ပုံမဖေါ်မိစေရန်လည်း အာရုံထားရပါသည်။

၈။ Reform အတွက် အကျဉ်းမျှပြောမိသောအခါ အင်မတန်လွယ်ပါလားဟု ထင်စရာဖြစ်ပါသည်။ ထင်သလောက်မလွယ်ပါ၊ အင်မတန် ခက်ခဲသော 'ပညာရပ်' ဖြစ်ပါသည်။ တကယ်လုပ်ရသည် မဟုတ်ပဲ စက္ကူပေါ်တွင်ပင် လုပ်ငန်းတစ်ရပ်ကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရသည်မှာပင် 'ခက်'နေလျှင် တကယ်လုပ်ချိန်၊ လူများကို စီမံခန်.ခွဲချိန်၊ ဖြစ်စဉ်ကို အကောင်အထည်ဖေါ်ချိန်တွင် အင်မတန်ခက်ပါသည်။ (ဥပမာတစ်ရပ်ပဲ ပြောပါမည်။ လူကိစ္စမဟုတ်ပါ။ လုပ်ငန်းခွင် အချို.နေရာများကို computerize လုပ်မည်ဆိုလျှင် ပြင်ပမှာငှား outsourcing သုံးမည်လား၊ open source သုံးမည်လား၊ အင်မတန် စဉ်းစားရခက်ပါသည်။ ကွန်ပျူတာ သမားများ နားလည်ပါသည်) အပြောင်းအလဲကို လက်ခံချင်သူ၊လက်မခံချင်သူ၊ အစီအစဉ်ဟောင်းတွင် အလုပ်ဖြစ်နေသူ၊ အစီအစဉ်သစ်တွင် အံမ၀င်သူ၊ ဘယ်လိုမှသုံးစားမရသူ၊ စသည်စသည်သော အမျိုးမျိုးဖြစ်သည့် လူများ၊ ဖြစ်စဉ်များကို နေရာချထားရခြင်းသည် အင်မတန်ခက်ပါသည်။

၉။ ထို.ကြောင့်လည်း ရီဖောင်းနာမည်တတ်၍ လူတိုးတောင်းရန်စဉ်းစားကြခြင်းသာ ဖြစ်ပါမည်။ နဂိုလေးလံသော ၀န်ထုတ်ဝန်ပိုးဝယ် ပို၍လေးရန် ထပ်ဆင့်ခြင်းသည် ရီဖောင်းမဟုတ်ပါ။ အသုံးမ၀င်ဟု ထင်ရသော လူတို.ကို ဖယ်ရှားခြင်းသည်လည်း ရီဖောင်းမဟုတ်ပါ။ အထူးသဖြင့် အပြောင်းအလဲကို ဗန်းပြ၍ ကိုယ်ကျိုးထုတ်ရန် စဉ်းစားနေသော အထက်ပိုင်းများရှိနေလျှင် တိုင်းပြည် 'နာ' ပါသည်။ သင်းတို.ခန်.ထားတာမဟုတ်ဘူး၊ ငါ့ကို သင်းတို.ထုတ်လို.မရဘူးဆိုကာ အလုပ်မလုပ်ပဲ နေသော အငယ်ဝန်ထမ်းများရှိလျှင် လုပ်အား'နာ'ပါသည်။ တာဝန်ယူမှု၊တာဝန်ခံမှု၊ ကိုယ်ကျင့်တရား စသည်ဖြင့် မထွန်းကားပဲ ရီဖောင်းကိုသာ စွတ်လုပ်လျှင်လည်း အဆင်မပြေနိုင်ပါ။

၁၀။ ပြောခဲ့သမျှသည် ခက်ခဲသော အလုပ်ကို လွယ်လင့်တကူ မပြောမိ မလုပ်မိစေရန်သာဖြစ်ကြောင်း၊ ခက်ခဲသည်ဟု မလုပ်ပဲနေလျှင်လည်း အဆင်ပြေမည်မဟုတ်ကြောင်းနှင့် 'မင်းတို.ပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရာ' ဖြစ်၍သာ ပြောမိပါကြောင်း၊ ထို.ထက်ပို၍ ဆိုရန်မရှိပါကြောင်း။

အတ္တများနှင့် ဆရာဝန် -၂


၇။ အမှန်တကယ် ပြောရန်ရည်ရွယ်ထားသည်ကို ကြားဖောက်၍ ပြောရပါမည်။ ဗဟိုချုပ်ထိန်းမှု ဖြေလျှော့ခြင်း Decentralization အကြောင်း ဖြစ်ပါသည်။ သိလွန်း၍ ပြောရသည်မဟုတ်ပါ။ သီအိုရီ မည်သို.ပင်ရှိသည်ဖြစ်စေ၊ 'ရှင်းရှင်းပြတ်ပြတ် စဉ်းစားမှု' ကို ဘေးသို. ဖယ်ထုတ်၍ ကြားဘူးနားဝနှင့် လုံးဝမကြားဘူးသူတို.၏ 'နားကိုရှုပ်တွေးစေရန်' ထင်ယောင်မှား ပြောနေကြခြင်းကို ဆင်ခြင်နိုင်စေရန် ရည်ရွယ်ပါသည်။ သီအိုရီများကို လည်း အခြေခံပါ။ တိုင်းပြည် လက်ရှိအနေအထားကိုလည်း မျက်ကွယ်မပြုပါနှင့်။ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်ကိုလည်း အသုံးပြုပါဟု အကြံပေး တိုက်တွန်းလိုပါသည်။

၈။ ဒီစင်ထရယ်လိုက်ဇေးရှင်း ဟု ပြောကြလျှင် အမှန်စင်စစ် Democratic Decentralization ကို ယေဘုယျ ဆိုလိုပါသည်။ ဖွင့်ဆိုချက်ကို အခြေခံ၍ ပြောရလျှင် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ တို.အကြား၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို.နှင့် ပြည်သူပြည်သားတို.အကြား ဆက်နွယ်မှု အစဉ်တစိုက် ဖွံ.ဖြိုးတိုးတက်မှု ဖြစ်စဉ်ပင်ဖြစ်ပါသည်။ (စာလေးလျှင်လည်း သည်းခံကြပါရန် တောင်းပန်အပ်ပါသည်) 'တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို.နှင့် ပြည်သူပြည်သားတို.အကြား' ဆိုသည့် စာသားကို အလေးအနက်ဆိုပါသည်။ ယနေ.အာရုံစိုက်ပြောနေကြခြင်းမှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းရေးကိုသာ အာရုံစိုက်၍ ပြောနေကြခြင်းဖြစ်ပါသည်။ တနည်းပြောလျှင် အာဏာယူမှုကိုသာ မြင်၍ တာဝန်ယူမှုကို မမြင်သည့်သဘောဟု ဆိုချင်ပါသည်။

၉။ ဒီစင်ထရယ်လိုက်ဇေးရှင်းကို ရိုးရိုးရှင်းရှင်း ဖွင့်ဆိုရလျှင် အခွင့်အာဏာ Authority တာဝန်ခံမှု Responsibility နှင့် စာရင်းရှင်းနိုင်စွမ်း Accountability တို.ကို လွှဲပြောင်းပေးအပ်ခြင်းပင်ဖြစ်ပါသည်။ နာမည်တပ်လျှင် သုံးမျိုး ရှိပါသည်။ အုပ်ချုပ်မှုဆိုင်ရာ၊ ဘဏ္ဏာရေးဆိုင်ရာနှင့် စီမံကွပ်ကဲမှုဆိုင်ရာ (Administrative, Financial and Political Decentralizations) တို.ဖြစ်ပါသည်။ အုပ်ချုပ်မှုဆိုင်ရာ ဗဟိုလျော့ခြင်းသည် တာဝန်ခံမှု (Functional Responsibility) ကိုပြောပါသည်။ ဘဏ္ဏာရေးဆိုင်ရာ ဗဟိုလျော့ခြင်းသည် အရင်းအမြစ်များ (access to resources) ကိုပြော၍ စီမံကွပ်ကဲမှုဆိုင်ရာဗဟိုလျော့ခြင်းသည် စာရင်းရှင်းနိုင်စွမ်း (Accountability) ကို ဆိုလိုပါသည်။ အကြမ်းမျှပြော၍ မိမိတို.နှင့် ဆိုင်ရာ ကျန်းမာရေး ကိစ္စကိုသာ ပြောပါမည်။

၁၀။ ကျန်းမာရေးဆိုင်ရာကိစ္စတို.တွင်လည်း အုပ်ချုပ်မှုအာဏာကို အသုံးပြုရသော ကိစ္စတို.ရှိပါသည်။ ဘဏ္ဏာရေးဆိုင်ရာကိစ္စတို.ရှိပါသည်။ စာရင်းဇယားဆိုင်ရာ ကိစ္စများရှိပါသည်။ အကယ်၍ ဒီစင်ထရယ်လိုက်ဇေးရှင်းလုပ်မည်ဆိုလျှင်လည်း ထိုကိစ္စရပ်များသည် ဆေးရုံဆေးခန်းဆိုင်ရာတာဝန်ခံများဆီသို. 'အလုံးစုံ ပုံ၍' ရောက်လာမည်မဟုတ်ပဲ ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်သာ ခွဲဝေပေးအပ်ရမည်ဖြစ်ပါသည်။ နောက်မှလာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲမည်ဟု မဆိုချင်သော်လည်း ယနေ. သုံးရပ်သောအာဏာခွဲဝေ ကျင့်သုံးမှုတွင် အသားမကျသေးသော (မျက်စိမှိတ်ငြင်းလိုက ငြင်းပါလေ) အနေအထားတွင် ကျန်းမာရေးဆက်တာအတွက် ရင်လေးရပါသည်။ ဒီစင်ထရယ်လိုက်ဇေးရှင်း၏ အနှစ်သာရမှာ ပြည်သူပြည်သားတို.အတွက် transparency, accountability ရရှိရန် ဗဟိုနှင့် ပြည်သူဝေးကွာနေမှု လျော့နည်းရန်အတွက် ဒေသအာဏာပိုင်တို.၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်သာဖြစ်ပါသည်။ ဆရာဝန်နှင့် ပြည်သူ citizen တိုက်ရိုက်ထိတွေ.မှုတွင် 'အသားကျနှင့်ပြီးသော ကျန်းမာရေးနယ်ပယ်' တွင်မူ လုပ်ပိုင်ခွင့်အာဏာ၊ ဘဏ္ဏာရပ်ဆိုင်ရာ၊ စာရင်းဇယားဆိုင်ရာတို.တွင် ဒီစင်ထရယ်လိုက်ဇေးရှင်းမှ ထူးခြားသော ဖွံ.ဖြိုးမှု ရနိုင်ပါမည်လော ဆင်ခြင်သင့်ပါသည်။ (ဒီစင်ထရယ်လိုက်လုပ်ခြင်းကို ငြင်းပယ်နေခြင်းမဟုတ်ပဲ ကျန်းမာရေးနယ်ပယ်အတွက် စဉ်းစားနေခြင်းဖြစ်ကြောင်း သတိချပ်ပါလေ)

၁၁။ အထူးသဖြင့် ဒီစင်ထရယ်လိုက်လုပ်ခြင်းသည် ကွဲပြားခြားနားသော ဒေသအသီးသီးရှိ ပုဂ္ဂလိကဆိုင်ရာတို.အတွက် accountability ဖွံ.ဖြိုးစေရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်။ ဥပမာဆိုသော် စိုက်ပျိုးရေးဖွံ.ဖြိုးသော ဒေသနှင့် တောင်ပေါ်ဒေသတို.အတွက် မူဝါဒ၊ အခွန် စသည်တို. တူညီနေရန် မဖြစ်နိုင်၍ လိုအပ်သော အခွင့်အာဏာတို.ကို 'သူ.အရပ်နှင့် သူ.ဇာတ်' မျှတစေရန်ခွဲဝေပေးရခြင်းကို 'ဗဟိုချုပ်ကိုင်မှု တင်းကြပ်လွန်းသည်ဟု အော်ဟစ် အပြစ်တင်၍ ကောင်းသည့် စကားလုံးများသုံးကာ' ပြောချင်ရာပြောနေခြင်းသည် အင်မတန်ရှက်စရာကောင်းပါသည်။ ဆရာဝန်သည် ဆေးကုသခွင့် မရှိလျှင်ပြောပါ။ ပိုက်ဆံမရခြင်းသည် ခွဲမပေး၍ မဟုတ်ပါ။ မရှိ၍ မရခြင်းသာဖြစ်သည်။ ကျန်းမာရေးအတွက် ရသမျှဘတ်ဂျက်ကို 'ဆေးများစုပြုံဝယ်ကာ ဆေးကုသရေးအတွက်ပဲသုံးမည်' ဟု ကလေးပေါပေါသည့် အတွေးနှင့် ဒီစင်ထရယ်လိုက်လုပ်မည်ဆိုလျှင်တော့ လူရီပါလိမ့်မည်။ ဆရာဝန်သည် ဆေးကုသရပါမည်။ သို.သော် ဆေးကုသခြင်းသက်သက်သည်သာ ဆရာဝန်အလုပ်မဟုတ်ပါ။ ဖိုင်နယ်ပါ့ဝမ်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာတွင်သင်ခဲ့သော တီအမ်အို၏ တာဝန်ဝတ္တရားများကို မေ့ကုန်ကြပြီထင်ပါသည်။ ထိုတာဝန်ဝတ္တရားတို.ကို လုပ်ပိုင်ခွင့်မရှိလျှင်အော်ပါ။ ကျန်းမာရေးဘတ်ဂျက်ကို ပြည်နယ်အရေအတွက်၊ ဆေးရုံအရေအတွက်နှင့်စားကာ 'ဒီငွေတွေ တို.လက်ထဲထည့်ပါ၊ ငါတို.လုပ်ပြပါ့မယ်' ဆိုသည့် စကားမျိုးကိုကြားရသည့်အခါ ဘာပြောရမည်ပင်မသိပါ။ အခွင့်အာဏာ၊ ငွေကြေး စသည်တို.ကို ခဏဘေးဖယ်၍ တာဝန်ခံမှုလေးတစ်ခုလောက်ပဲ ကြိုးစားကြည့်ပါဟု တိုက်တွန်းလိုပါသည်။ ရွဲ.သည်မဟုတ်ပါ။ ဗဟိုသို. တက်လာသော စာရင်အင်းများကိုပင် မည်သို.အပူတပြင်း ဖြည့်ခဲ့သည်ကို ကိုယ့်ဘာသာသိပါသည်။ ကိုယ် ငွေကြေးဆိုင်ရာစာရင်းဇယား မနိုင်တာ ကိုယ်ပဲသိပါသည်။ တို.က ဆရာဝန် ၊ဒါတွေ မဆိုင်ဘူးပြော၍ မရပါ။ ဆရာဝန်တစ်ယောက်သည်အရာရှိဝန်ထမ်းတစ်ယောက်၏ တာဝန်ပါယူရပါမည်။ ဖြေရှင်းနိုင်ပါသလားဟု ရိုးရိုးသားသား တွေးကြည့်စေလိုပါသည်။ ပြီးမှ ဒီစင်ရယ်လိုက်လုပ်ရန်စဉ်းစားပါလေ။

၁၂။ ဒီစင်ထရယ်လိုက်ဇေးရှင်းသည် ပညာရပ်တစ်ခု ဖြစ်ပါသည်။ ဒီဇိုင်းဆင်ရပါသည်။ ပရောဂျက်ဆွဲရပါသည်။ 'ရော့၊ အင့်' ဟု လုပ်၍ မရသည်ကိုသိစေချင်ပါသည်။ လွယ်လွယ်တွေး၊ လွယ်လွယ်ရေးကာ ပြည်သူကို အသိမှားအမြင်မှားပေး၍ ပြောချင်သလိုပြောနေလျှင် လူနာအသက်ဆုံးသည်ထက် ပို၍ နစ်နာပါသည်။ တိုင်းပြည်ကိစ္စဖြစ်ပါသည်။ မသိသည်ကကိစ္စမရှိပါ။ သိအောင်ကြိုးစားလျှင်ရပါသည်။ လွယ်လွယ်ပြောသည်ကိုတော့ မကြိုက်ပါ။ အထူးသဖြင့် ကိုယ်နားမလည်သောကိစ္စရပ်များကို 'လေဖမ်းဒါန်းစီးကာ' ငါသာအသိငါသာအတတ်လုပ်နေသော အတ္တများနှင့် ဆရာဝန် အချို.အား တောင်းပန်လိုက်ရပါသည်။

(ဆက်ပါမည်)