Monday, November 28, 2011

ချစ်သောကဗျာ-၁

ကဗျာနဲ.ပတ်သတ်ပြီးပြောရရင် ဘာလို.တုတ်တွေဓားတွေထမ်းရတာလဲမသိ။ကဗျာဆရာတွေကတော့ လွတ်လပ်စွာကွဲလွဲခွင့် ကိုယုံကြည်ကြတယ်။ ငါရေးတဲ့ ကဗျာအမျိုးအစားမှ ကဗျာ ၊ကျန်တာကဗျာမဟုတ်လို.ပြောသူတွေရှိပါလိမ့်မယ်။ သူ.ဘာသာအော်နေပါစေ။သူ.လွတ်လပ်ခွင့်ကိုလေးစားပေးလိုက်ကြရအောင်ပါ။ ကို.ကဗျာ ကိုယ်ရေးကြတာပါပဲ။

+++++++++

အို..ကဗျာ ဆောင်းပါးတွေရေးနေရင်းနဲ. နံပါတ်စဉ်လိုက်မှတ်ရတာရှုပ်မှာစိုးလို. ခေါင်းစဉ်အသစ်ဖွင့်လိုက်တာပါ။ တကယ်တော့သူများတွေပြောပီးတာထဲကကိုယ်သဘောကျတာလေးတွေ ပြန်ပြောတာပါ။ ခဏခဏပြောမိတာက ကြိုက်ရင်ယူပါ၊ မကြိုက်ရင်ပယ်ပါ။

ဒီနေ.တော့ ကဗျာဆရာရဲ့ ဖွင့်ထုတ်၊ပေါက်ကွဲ၊ခံစားချက်တွေအကြောင်းပြောချင်ပါတယ်။

+++++++

ကဗျာမှာတော်တော်များများပြောကြတာက ခံစားချက် တွေကို ဖွင့်ထုတ်တာလို.ပေါ့လေ။

ခံစားချက်မှာ သူတို.စကားလုံးတွေက feeling ရယ် ၊ emotion ရယ်ပေါ့။ emotion ကနည်းနည်းပြင်းထန်တဲ့ အာရုံခံစားမှုပေါ့လေ။ ကဗျာဆရာတွေအကြိုက်ပေါ့။ strong feeling ပေါ့။

ဒါပေမယ့် ပြောချင်တာက အဲဒီပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတိုင်းက ကဗျာကောင်းတွေဖြစ်စေပါသလားဆိုတာပါပဲ။

သာမန်လူတွေကတော့အဲလိုထင်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာကြီးဝါ့သ်ဝါ့ဒ် ကတော့ ကဗျာဆိုတာ ခံစားမှုကို ဇက်ကုန်လွှတ်ပေးခြင်းမဟုတ်လို. ပြောပါတယ်။ နောက်တစ်ယောက်(အဲလိယော့ လို.ထင်ပါတယ်၊ မသေချာပါ) ကတော့ တည်ငြိမ်လာပြီဖြစ်တဲ့ သမာဓိနဲ. ပြန်လည် တည်ဆောက်ယူထားသော ပြင်းပြသည့် ဝေဒနာ (emotion ပေါ့လေ) လို.ဆိုပါတယ်။

ကျွန်တော့ရဲ. ဥာဏ်တိမ်တိမ်လေးရယ်၊ ကဗျာရေးသက်နုနုလေးရဲ့ အတွေ.အကြုံနဲ.တွေးကြည့်တော့လဲ သူတို. ဟောတာ ဟုတ်သလိုလိုပါပဲ။ အရမ်းနာကျင်နေတဲ့ အချိန်မှာ၊ အရမ်းခံစားနေတဲ့ အချိန်မှာ ရေးတဲ့ကဗျာတွေဟာ inspiration မ၀င်တာများပါတယ်။

+++++++++

မြန်မာကဗျာတွေမှာလည်း အိနြေ္ဒကြီးတဲ့ကဗျာတွေ အများကြီးရှိပါတယ်။ နမူနာခဏခဏပြနေရလို. အနန္တသူရိယကဗျာကိုမပြတော့ပါဘူး။ ဆရာဇော်ရျီရဲ့ သင်သေသွားသော် ကဗျာကိုပဲနမူနာပြပါ့မယ်။

ဪ်…လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။


သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။

ဇော်ဂျီ

ပြင်းထန်တဲ့ ခံစားချက်မပါပါဘူး။ကျွန်တော်တော့သိပ်ကြိုက်တယ်။ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည်၊အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ဆိုတဲ့စာသားလေးကိုရွတ်လိုက်ရရင် (တစ်ယောက်နဲ.တစ်ယောက် သဘာဝချင်းမတူလို. မကြိုက်ပဲလည်းနေနိုင်ပါတယ်) တိုင်းပြည် ကြီးပွားရေးကို ကမ္မဌာန်းရှုသလို ရှုထားတဲ့ လူတစ်ယောက်စေတနာကိုသေသေချာချာ ကိုဖမ်းမိလိုက်တာပါ။ ဒါပေမယ့် ခုခေတ်လူတွေ ပြောသလို ဖွင့်ထုတ် ပေါက်ကွဲတော့ မပါလေဘူး။

++++++++++

ကျွန်တော်ပြောနေတာတွေက ပေါက်ကွဲမှုကို ငြင်းဆန်နေတာမဟုတ်ပါဘူး။ ဖေါက်ခွဲမှ၊ဖွင့်ထုတ်မှ ကဗျာဖြစ်မယ်ဆိုတဲ့ အယူအဆမျိုးတွေ တချို.တလေမှာ ၀င်နေသလားလို.ပါ။ ကဗျာမှာ လိုအပ်တယ်ထင်ရင်သုံးခွင့်ရှိပါတယ်။(ဘယ်သူမှလည်းတားလို.မရပါဘူး၊တားလည်းမတားသင့်ပါဘူး) သို.သော်………..

++++++++++

ကဗျာဟာ နာကျင်မှုကိုဖွင့်ထုတ်တာသက်သက်ပဲလား။ကဗျာဟာ ဖတ်သူကို တစ်ခုခုပေးတယ်ဆိုရာမှာ ခံစားချက်ကိုပဲပေးနေတာပဲလား။ ကဗျာဆိုတာ အခြားသောအရာတွေ လုပ်ခွင့်မရှိတော့ဘူးလား။

ကဗျာဆရာရဲ. စေတနာ ဟာ ဝေဒနာကြော်ငြာကမ်းရုံပဲလို. ကျွန်တော်မယုံကြည်ပါ။ ကဗျာ သည် ထို.ထက်ပို ၍ အလုပ်လုပ်ပါလိမ့်မည်။ ဆက်၍ရှင်းရပါလိမ့်မည်။

ချစ်သောကဗျာ-၂

ကဗျာဆရာသည်သူရောက်ရှိနေသော ခေတ်၏ ရိုက်ခတ်မှုကို ခံရမည်မှာအသေအချာပင်ဖြစ်သည်။ ထို.အတူ ထိုရိုက်ခတ်ချက်ကို သူ၏ တုံ.ပြန်မှုသည် ကဗျာတွင်ပါလာမည်မှာအမှန်ပင်။

သို.သော်လည်း မည်မျှအထိပါဝင်သည်၊မည်သို. အပြုသဘော အဖျက်သဘောဖြင့် တုံ.ပြန်သည် ဆိုသည်မှာ ကဗျာဆရာ၏ ပုဂ္ဂလိက ကိစ္စသာဖြစ်သည်။ကဗျာဆရာ၏ စိတ်အတွင်းဝယ်ရှိသော ရှုထောင့်သာဖြစ်သည်။ ဌင်းတုံ.ပြန်မှုသည် ကဗျာအတွင်းဝယ် ၀င်လာသော အခါ ပုဂ္ဂလိက ကိစ္စ ဟုတ်မဟုတ်သည် စဉ်းစားရန်ဖြစ်လာနိုင်ပါသည်။

ကဗျာ အတွင်းရှိ အနှစ်အသားသည် ကဗျာဖတ်သူကို ရိုက်ခတ်မှုရှိနိုင်မရှိနိုင် စဉ်းစားတော်မူကြစေလိုပါသည်။

++++++++

ဖိုးဝဇီရ၏ ရေထဲကို လက်ချင်းတွဲ ခုန်ချသွားသောချစ်သူနှစ်ဦးအကြောင်း ဖွဲ.ဖွဲ.နွဲ.နွဲ. သတင်းကြောင့် ရေထဲခုန်ချရန်ကြံစည်သူများ ပေါ်ပေါက်လာသည်ဟုကြားဘူးပါသည်။သို.သော် ဖတ်သူတိုင်းခုန်ချမည်လို.တော့မပြောနိုင်ပါ။ စိတ်နုသူများအတွက်တွန်းအားများဖြစ်လေမည်လား၊ စဉ်းစားမိပါသည်။

အစွန်းရောက်ပြောရန်မကြံရွယ်ပါ။ အကျိုးတစ်ခုရဖို. အကြောင်းတရားသည်များစွာရှိပါလိမ့်မည်။ သို.သော် နောက်ဆုံးကောက်ရိုးတစ်မျှင်ကြောင့် ကုလားအုတ်ခါးကျိုးရသောပုံပြင်ကိုလည်း မမေ့စေချင်ပါ။

+++++++

ကဗျာဆရာသည် ကွန်မြူနစ်ဖြစ်ချင်ဖြစ်မည်။ လူသားဝါဒထားသူဖြစ်ချင်ဖြစ်မည်။အိတ်ဇစ်ဖြစ်ချင်ဖြစ်မည်။ သူတို.၏ အတွေးများအကြံများသည် ထို သဘောတရားများ၏ ရိုက်ခတ်ချက်ပါလာပါမည်။ ထပ်ပြောပါမည်။ တားရန်မကြံပါ။ အလေးအနက်ထပ်ပြောပါမည်။ တား၍ မရစကောင်း ၊တားရန် မသင့်ပါ။

ပြောချင်သည်က ထို သဘောထားများ၏ နောက်ရှိကဗျာဆရာ၏ ကဗျာဇောစေတနာကိုပါ။

+++++++

ဂေါ်ကီ၏ အမေသည်လည်းကောင်း၊မြသန်းတင့်၏ ဓားတောင်သည်လည်းကောင်း သဘောတရားတစ်ခု၏ ရိုက်ချက်ပါနေပါသည်။ သို.သော် ဖတ်၍ မရိုးနိုင်သေးပါ။ ထိုစနစ်များ အားပျော့လျော့ရည်းသွားသည်.တိုင် ထိုဝတ္တုများသမိုင်းတွင်နေပါမည်။ (ဓားတောင်ကို ဖတ်ရသည်မှာ ရှစ်တန်းနှစ်ဖြစ်ပါသည်။ စနစ်အကြောင်း မသိပဲကြိုက်ခဲ့ခြင်းဖြစ်ပါသည်။)

သံချောင်းကို အလုပ်သမားလူတန်းစားအနေဖြင့် ကြိုက်ခြင်းမဟုတ်ပဲ အားလျော့ အရှုံးပေးခြင်းမရှိသော လူသားတစ်ယောက်အနေဖြင့် ကြိုက်ခြင်းဖြစ်ပါသည်။ အမေကို အဖိနှိပ်ခံ လူတန်းစားအနေဖြင့်မြင်ခြင်း မဟုတ်ပဲ သားကို ချစ်သော အမေအဖြစ်ကြိုက်ခြင်းဖြစ်ပါသည်။

စာရေးသူ၏ သဘောတရားထက် လူသားတို.၏ မြင့်မြတ် အနစ်နာခံသော ကောင်းကွက်များကို ထည့်သွင်းဌာပနာထားသော ရေးသူ၏ စေတနာပါ။

+++++++

ဝေဖန်ရေးဆရာကြီးတစ်ဦး၏ စကားကို ညွှန်းပါမည်။

“ထာဝရရှင်သန်မှု နှင့်ပြည့်စုံသော၊မြင့်မြတ်သာ တစုံတရာ (ကဗျာ) ကို သိမ်နှုတ်ညံ့ဖျင်းသော စိတ်ရှိသူ သာမန်လူသားတစ်ဦး ဖွဲ.ဆိုနိုင်သည် ဆိုသည်မှာ မဖြစ်စကောင်းပါ”

သူသည် အဘယ်သို.သောကဗျာ မျိုးကို ဆိုလိုနေပါသနည်း။ဆက်၍ ရှင်းရပါမည်။လိုသောစကားကိုလည်း အထပ်ထပ်ပြောပါမည်။ ကြိုက်ရင်ယူပါ။ မကြိုက်ရင်ပယ်ပါ။

ချစ်သောကဗျာ-၃

မိုးရေများဖွေးနေသော ကွင်းပြင်ထဲတွင် လယ်စောင့်တဲလေးရှိသည်။ ကြာဖြူတစ်ပွင့်၊ အနီတစ်ပွင့် ပွင့်နေသည်။ ဆိုလိုရင်းကထိုမျှသာ။ သို.သော် ထိုကဗျာ၏သြဇာကြီးလှပါသည်။ ဆရာ တင်မိုး၏ ကဗျာရေးသူနှင့် ကဗျာမွေ.သူအတွေ.အကြုံ(စာတမ်း၊ခေါင်းစဉ်မသေချာပါ) တွင် ခံစားပြထားသည်။ မောင်သာချိုက ဂျပန်ဟိုက္ကူ ကဗျာနှင့်ယှဉ်၍ ရှင်းထားသည်။


မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး
လယ်စောင့်ထံလေးခြေတံရှည်
မိုးကုတ်အောက်မှာတည်။

ကြာနီတစ်ပွင့်ဖြူတစ်ပွင့်
တဲနှင့်ပနံတင့်။ ။

မြန်မာတိုင်းခံစားတတ်ပါမည်။(အနုပညာနှင့်ဝေးသူများကိုမဆိုလိုပါ) သို.သော်ခံစားချက်များ၊အလွမ်းအဆွေးများမပါပဲနှင့် လွမ်းလာစေပါသည်။နောက်ကဗျာတစ်ပုဒ်ပြပါမည်။(ဆရာမောင်သာချို၏ အာဘော်ကိုရှင်းနေခြင်းဖြစ်၍ သူ.ဥပမာကိုသုံးနေခြင်းဖြစ်ပါသည်)


အိုင်အိုကြီးတစ်ခု။
ဖားခုန်ချ။
ရေသံ။

ဘာမှမခံစားရပါ။နိပွန်တို.ကတော့ အသေအလဲကြိုက်သည်ပြောပါသည်။ ဆရာမင်းသုဝဏ်ကတော့ မြန်မာနားနှင့်ကိုက်အောင်ပြန်ဘူးပါသည်။

အိုင်အိုကြီးပါလား
အလို ရွှေဖားခုန်ဆင်းသွား
ပလုံရေသံကြား။

နည်းနည်းတော်လာသေးသည်။ထားပါ။ပြောချင်သည်ကို အခုမှပြောမည်။

++++++++++

လယ်စောင့်ထဲကဗျာတွင် စကားပြေကမပေးသည်ကို ကဗျာကပေးသည်။ ကွင်းကျယ် အဝေးမဟုတ်ပါ။ အဝေးဝေး ဟု နှစ်လုံးဆင့်ကာ မြင်ကွင်းကိုနောက်သို.ဆက်နှင်ထားသည်။ (ဆရာကြီးရွှေဥဒေါင်း၏ မျှော်တလင့်လင့်တွင် လင့်နှစ်လုံးထပ်ထား၍ ဆက်ကာဆက်ကာမျှော်နေရပုံ၊မချင့်မရဲဖြစ်နေရသောသဘောပေါ်နေပုံကိုသတိရမိပါသည်။)

ကွင်းပြင်က အလျားလိုက် ၊လယ်စောင့်တဲလေးက ခြေတံရှည်ရှည်နှင့်ထောင်လိုက် ၊မိုးကုတ်စက်ဝိုင်းဝယ် အထီးကျန်သဘောက ပိုထင်ရှားလာသည်။ကြာနီကြာဖြူပွင့်ကတစ်ပွင့်ဆီ၊ မြင်ကွင်းက သက်ငြိမ်ပန်းချီကားတစ်ချပ်လိုလှပလွန်းနေသည်။ ဘာသာစကားအရ ကဗျာကပို၍ကြွတက်လာသည်။

ထိုထက်ပိုသည်က မြန်မာတို.နှလုံးသားဝယ် ချိတ်ထားသောကြိုး။ လယ်စောင့်တဲ ၊ကြာနီကြာဖြူတို.သည် မြန်မာတို.နှလုံးအိမ်ဝယ်ရှိပြီးဖြစ်သည်။ ကဗျာရေးသူက ထိုကြိုးကို ကိုင်လှုပ်ခြင်းဖြစ်သည်။ ရေဖွေးဖွေးကွင်းပြင်သည် မြန်မာတို.၏ နှလုံးအိမ်နိမိတ်ပုံ။

+++++++

ဂျပန်၊တရုတ်တို.၏ (အရှေ.တိုင်းဘာသာတရား)ကွန်ဖြူးရှပ်ဝါဒ၊တာတေအိုချင်ဝါဒ၀ယ် ငြိမ်သက်မှုကို ဦးစားပေးသည်။ ငြိမ်သက်မှုကိုစောင့်ကြည့်သည်။ရေကိုကြည့်၍ သီအိုရီထုတ်သည်။(သက်လုံ၏ စေ့ထားသောတခါးများတွင်အကျယ်ဖတ်ပါ)

သူတို.အတွက် ငြိမ်သက်ခြင်း၊ရေ စသည်တို.သည်သူတို.နှလုံးအိမ်ဝယ် တတ်ဆင်ပြီးသောကြိုးများသာဖြစ်သည်။


ပြခဲ့သောကဗျာနှစ်ပုဒ်သည် ကဗျာကောင်းများဖြစ်ပါသည်။ သို.သော် ကာလ၊ဒေသကိုလွန်မြောက်သောကဗျာများဟုတ်ပါ၏လော။ဆက်ရပါဦးမည်။

ချစ်သောကဗျာ-၎

ကဗျာကောင်းဟု သတ်မှတ်ကြသောကဗျာများကို ကြည့်လျှင် နှစ်မျိုးတွေ.ရပါသည်။ အချို.ကဗျာများက နားကိုထိခိုက်သည်။ အချို.ကဗျာများက နှလုံးသားကို ထိခိုက်သည်။ နားကိုဖြတ်၍ နှလုံးသားဆီသွားသော ကဗျာများလည်း ရှိနိုင်ပါသည်။ (နောက်ဆုံး ရောက်သောနေရာ ကိုသာယူပါမည်။)

နားကို ထိသောကဗျာများသည် ရံဖန်ရံခါ နှလုံးသားဆီသို.ရောက်ခြင်းမရှိပေ။ ယင်းကဗျာများသည် များသောအားဖြင့် စကားလုံး“ပြောင်”ခြင်းပေါ်တွင်အမှီပြုထားခြင်းဖြစ်ပေသည်။ အချို.ကဗျာများတွင် စာဖတ်သူ(ကဗျာဖတ်သူ) ကို အလန်.တကြားဖြစ်သွားစေသော စကားလုံးများပါနေနိုင်သည်။ ခဏတာမျှ ပဲ့တင်ထပ်နိုင်သော်လည်း ကာလ ဒေသကို မကျော်လွန်နိုင်၊ ကျော်လွန်နိုင်မှုအားနည်းခြင်းများ ရှိနေနိုင်ပေသည်။

နှလုံးသားကို ထိစေသော ကဗျာများကားများသောအားဖြင့် နှစ်မျိုးခွဲနိုင်ပေမည်။ ပထမတစ်မျိုးကား အတွေးပါသောကဗျာများဖြစ်သည်။ အရေးလှခြင်းသည် အတွေးလှခြင်းကလာသည်ဟူသော စကားကို အမှတ်ရစေချင်ပါသည်။

++++++++++

နောက်တမျိုးကတော့ ရှားသည်ဟု ဆိုရပေမည်။ အမြင့်သို. အာရုံနွယ်တက်သောကဗျာမျိုးဖြစ်သည်။ (ပြောခဲ့ပီးပါပြီ) ထပ်ပြောရလျှင် လူသားဟူသည် အမြင့်သို. အာရုံညွန်.တက်သောသဘာဝရှိပါသည်။ အကောင်း၊အမှန်၊ အမြတ်တရားများကို ရှာဖွေတတ်သောသဘောရှိသည်။ ကဗျာတွင် လည်းရှာပါသည်။ (သို.သော် ကဗျာတွင် ရှာခြင်းသည် ခဲတံနီပြာတံဖြင့် မျဉ်းသား၍ ရှာဖွေခြင်းမျိုးမဟုတ်သည်ကို သတိထားတော်မူပါ။ )

ရှေးက ကဗျာသည် တေးနှင့်နွယ်ပါသည်။ နောက်ပိုင်းတေးနှင့်လမ်းခွဲပြီးသည့်နောက်တွင် ကဗျာကိစ္စ သည် စကားပြေက ပြောပြ၍ မရသည်ကို ပြောပြရန်ဖြစ်လာပါသည်။ အတွေးဥာဏ်ဖြင့် သုံးသပ်၍ မရသည်ကိုပြောရန်ပါ။ မောင်ချောနွယ်စကားကထိမိပါသည်။ ရင်ဘတ်ခြင်း ပလပ်ထိုးရန်ဖြစ်ပါသည်။

ထိုသို.ဖြင့် အမြင့်သို. နွယ်တက်သောကဗျာမျိုးတို.သည်နှလုံးသားကို နက်ရှိုင်းစွာထိခတ်ပါသည်။ ပဲ့တင်သံချန်ပါသည်။ ခေတ်အဆက်ဆက်လည်း ပဲ့တင်ထပ်လေ့ရှိပါသည်။


++++++++

စကားလုံးပြောင်သော ကဗျာများကို အပြစ်ပြောရန်မရှိပါ။ ချီးမွန်းရန်သာရှိပါသည်။ အချို.က စကားအသုံးလှသည်၊ လှသည့်စကားလုံးရှာသည်။ အချို.က မိမိ ပြောလိုသော အရာဆီရောက်ရန်ကွက်တိဖြစ်သောစကားကိုရှာသည်။

တာရာမင်းဝေ ပြောဖူးသောစကားကို အမှတ်ရပါသည်။ ပစ်သောမြားအမျိုးအစား မခွဲပါ။ ထိချက်သာလျှင် အရေးကြီးပါသည်။ မော်ဒန်၊ပို.စ်မော်ဒန်၊နီယိုမော်ဒန် ခွဲချင်လည်းခွဲတော်မူကြပါ။ ထိချက် မကောင်းလျှင် စကားလုံးများပြိုးပျက်နေခြင်းသာ အဖတ်တင်ပါမည်။

ဆက်ပါမည်။

ချစ်သောကဗျာ-၅

ကြားဖြတ်ရေးရသော စာဖြစ်ပါသည်။ မှတ်ချက်က စ၍ပြောပါမည်။ ယခုရေးခဲ့သမျှတွင် မော်ဒန်၊ ပို.စ်မော်ဒန်၊ ဂန္ထ၀င် ဘာမှခွဲပြောနေခြင်းမရှိပါ။ ကဗျာကောင်းတို.၏ သဘောသည် အတူတူပင်ရှိသည်ဟု (ရိုးသားစွာ) ယုံကြည်ထားပါသည်။ အသုံးပြုသော နည်းလမ်း၊ကိရိယာသာ ကွာခြားပါမည်။ ခွဲပြောရန်လိုအပ်လာပါက ခွဲပြောပါမည်။

ပြောသင့်သော စကားကို အထပ်ထပ်ဆိုရပါမည်။ တတ်၍ ရေးနေခြင်းမဟုတ်ပါ။ ငါသာ အမှန်ဟု တခါမှမယူဆခဲ့ပါ။ ဖတ်ဖူးသော၊မှတ်ဖူးသော စာများထဲမှ အယူအဆတူသည်တို.ကို မျှဝေခြင်းပါ။ ကိုယ်ပိုင်ဥပမာများပါဝင်နိုင်ပါသည်။ ထပ်၍ဆိုပါမည်။ ကြိုက်ရင်ယူပါ၊ မကြိုက်ရင်ပယ်ပါ။ ဝေဖန်၍ရပါသည်။ ဆွေးနွေး၍ရပါသည်။

+++++++++++

ခေတ်အဆက်ဆက်ဝယ် ရိုးသားစွာဖောက်ထွက်သော အနုပညာများရှိခဲ့ပါသည်။ လက်ရှိ အသုံးပြုနေသော အနုပညာနည်းလမ်းများ၊မီဒီယာများ ၏ အားနည်းချက်ကို စွန်.ခွာ၍ အသစ်ကိုရှာဖွေသူများ၊ အောင်မြင်သူများစွာရှိခဲ့ပါသည်။ ထို. အတူ သူတို.နှင့် ကပ်၍ ပေါ်ပင်လိုက်သူများလည်းရှိနေပါသည်။

သူတို.နည်းတူ ယုံကြည်၍ သူတို.လမ်းစဉ်ကို လိုက်သူများကို ပြောရန်မရှိပါ။ အားပေးပါသည်။ သို.သော် သူတို. ၏ နည်းပညာကို အပေါ်ယံ လျှပ်ကြည့်ကာ ပုံတူကူးချသူများကိုကား ပြောရပါလိမ့်မည်။

ပီကာဆိုသည် အာဗီညွန်မိန်းမပျိုများကို ကလေးရေးသော မျက်နှာဖြင့်ရေးပါသည်။ သူ၏နက်ရှိုင်းမှုကို မသိပဲနှင့် သူ.အတိုင်းလိုက်ရေးရုံနှင် ပီကာဆိုဖြစ်မလာပါ။ လွယ်လိုက်တာဆို၍ ကလေးရေးသလိုရေးဖို.မကြိုးစားစေချင်ပါ။ ပီကာဆိုပြောဘူးပါသည်။ စာသား ထပ်တူမဟုတ်တိုင် ထိုသဘောပင် ဖြစ်ပါသည်။ ပုံမှန်ပန်းချီဆရာတွေရေးသလို ရေးဖို.ကလွယ်တယ်။ ကလေးရေးသလို ရေးတတ်ဖို.က ကျုပ် တစ်သက်လုံး ကြိုးစားနေရတယ်ဟုဖြစ်ပါသည်။ ဆင်ချင်ကြည့်စေလိုပါသည်။

++++++

နည်းပညာတစ်ခုကို ရောက်လိုသော ခရီး အတွက် ကိရိယာဖြစ်နေလျှင်သုံးပါ။ ဝေလေလေ အုပ်စုတွင် ပါပါက ဝေလေလေ သာဖြစ်ပါမည်။ ခက်သည်က ထိုသူများက ၀ါးလုံးရှည်နှင့် ရမ်းတတ်သည်။ ငါတို.ရေးသလိုမရေးတတ်လျှင် ငပေါ။

ရိုးသားစွာ အနုပညာကို ဖန်တီးနေကြသူများသည် သူကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ပါသည်။ သူတပါးယုံကြည်ရာကို မကန်.ကွက်ပါ။ အနုပညာရှင်သည် လွတ်လပ်မှုကို တန်ဖိုးထားသူများ ဖြစ်ပါသည်။ လွတ်လပ်မှုတွင် ကိုယ့်လွတ်လပ်မှုသာမက သူတပါးလွတ်လပ်မှုပါ ပါဝင်နေသည်ကို သဘောပေါက်ကြပါသည်။

++++++++

ယနေ.ခေတ်သည် ပို.စ်မော်ဒန်ခေတ်ဖြစ်ပါသည်။ ( အခြားသူများ မည်သို. သတ်မှတ်သည်ဖြစ်စေ စာရေးသူကတော့ ထိုသို. သတ်မှတ်ပါသည်။ သတ်မှတ်ရသည့် အကြောင်းရင်းလည်းရှိပါသည်)

ပို.စ်မော်ဒန်ခေတ်ဝယ် ပုဂ္ဂလိက သဘောကို ဦးစားပေးပါသည်။ လုပ်ချင်ရာလုပ်ခွင့်ရသော ပုဂ္ဂလိက သဘောမဟုတ်ပါ။ ကိုယ့်နှုန်းစံများ၊ ကိုယ့်တန်ဖိုးများနှင့်ကိုယ် လွတ်လပ်သော ပုဂ္ဂလိကတရားကိုယ်ဖြစ်ပါသည်။ နောက်ပိုင်းရှင်းရန်ကြံရွယ်ထားသည်များမှ အကြောင်းတစ်ခုကြောင့် ဤနေရာတွင် ဓားထစ်ထားခြင်းဖြစ်ပါသည်။


ဆက်ရပါဦးမည်။

အဆင့်မြင့်ကဗျာများနှင့် အဆင့်နိမ့်ကလေးများ

ထိုသို.ပင်ဖြစ်ခဲ့ရပါသည်။

မောင်ချောနွယ်အင်တာဗျူးမှာ ပြောခဲ့သည်ကိုလည်းအမှတ်ရပါသည်။

“ပိုဆိုးတာက ကဗျာဆရာအချင်းချင်းပဲ။ ကဗျာရေးရတာ လူရွှင်တော်တွေ ပျက်လုံးထုတ်သလိုဖြစ်နေပြီ။ အလကားရတဲ့ မန်ကျည်းရွက် တက်ခူးရောင်းတာတောင် သုံးကျပ်ရှုံးတယ်။ ဟ…ဘာဖြစ်လို.တုန်းဆိုတော့ အောက်ကခုံဖိနပ် လူခိုးသွားလို.တဲ့။ခုတော့ ခိုးရုံတင်မကဘူး။လာလည်းလာ အထင်သေးသေး၊လာ…လာစော်ကားသေးတယ်။ ဒါကလည်းအချင်းချင်းတွေနော်”

မောင်ချောနွယ်လည်း ထိုသို.ပင်နာကျင်ဖူးပါသည်။

++++++++++++++

အရှေ.ရော အနောက်ပါ ကဗျာသည်တရွေ.ရွေ. ရွေ.ခဲ့သည်။ ရွေ.ခဲ့ခြင်းသာဖြစ်သည်။ မြင့်ခဲ့ခြင်းမဟုတ်။နိမ့်ခဲ့ခြင်းလည်းမဟုတ်။ သခင်ကိုယ်တော်မှိုင်းနှင့် တာရာမင်းဝေ၊အချုပ်တိုင်းဆရာဖေနှင့် အောင်ချိမ့် နှိုင်းယှဉ်နေရန်မဟုတ်။ အမျိုးအစားမတူသော နှစ်မျိုးကို မည်သည့်ပေတံဖြင့် အကဲဖြတ်မည်နည်း။ရှိပါစေ။ စံပယ်လည်းလှ၊ နှင်းဆီလည်းလှပါသည်။

ခက်သည်က (ခဏခဏလည်းပြောဘူးပါပြီ) ကိုယ့်ကဗျာမှကဗျာ။ ကျန်ကဗျာတွေကဖွတ်။ အဲသည်တော့ ခက်ပါသည်။

ဥပမာပြောပါမည်။ လောလောဆည် ကနေ.ခေတ်စားနေသော LP (L=A=N=G=U=A=G=E Poetry ) ကို မိမိ မကြိုက်သေးပါ။ မကြိုက်သေး ဟုပြောပါသည်။ ကြိုက်ချင်ကြိုက်လာပါမည်။ ကြိုက်ချင်မှလည်း ကြိုက်ပါမည်။ သို.သော် မကောင်းဟုမပြောပါ။ အဆင့်နိမ့်ဟု မပြောပါ။ သူ.ယုံကြည်ချက်နဲ့သူ၊ သူ.လမ်းနှင့်သူ။

ကဗျာတွင်နေရာယူ၍ နေရာပေး၍မရပါ။ သူ.ဘာသာသူ ဖြစ်ချိန်တန်၍ ဖြစ်သည်ကို ဘာမှတားမရပါ။ အမှတ်ထားမိသလောက် မောင်စိန်ဝင်းပုတီးကုန်း၏ သောကခြေရာရတနာကဗျာစာအုပ်သည် ကဗျာစာအုပ်များထဲတွင် ပုံနှိပ်ကြိမ်ရေအများဆုံးဖြစ်ပါလိမ့်မည်။ ထိုအထဲမှ အများကြိုက်သည်မှာလည်း အချစ်ကဗျာများပင် ဖြစ်ပါမည်။

အသစ်မဟုတ်ဟုပြောလျှင်လည်းရပါသည်။ သတိထားတော်မူစေချင်သည်မှာ အသစ်တိုင်းအကောင်းဟု အဓိပ္ပါယ်မရပါ။ အချစ်ကဗျာ ရေး၍ မောင်စိန်ဝင်းကို မကောင်းဟုပြောလျှင်လည်း ခက်ပါမည်။ မောင်စိန်ဝင်းသည် နေရာတစ်နေရာ၊မှတ်တိုင်တစ်ခု စိုက်ပြီးပါပြီ။

အသစ်ကိုကြိုဆိုချင်သလို အကောင်းကိုလည်းကြိုဆိုချင်ပါသည်။ နားမလည်ရင်လည်း လက်ခံပါသည်။ သို.သော် ငါတို.ကဗျာက အဆင့်မြင့်ကဗျာ၊ နင်တို.ကဗျာက အဆင့်နိမ့်။ ကမ္ဘာမှာ ထိုသို.ပြောသည်ကို မကြားဘူးသော်လည်း မြန်မာမှာ ထိုသို. (ထိုသို. မဟုတ်တောင် ထိုသဘော အတိအကျ သက်ရောက်စွာ) အပြောခံရပါသည်။


သူရို.ဆီဝယ် LP ကို Movement အနေဖြင့်ပြောပါသည်။ LP မှမဟုတ်ပါ။ ကျန်သည်ကိုလည်း လှုပ်ရှားမှု အရွေ. အနေဖြင့်သာပြောပါသည်။ upgrade အဆင့်မြှင့်လိုက်ခြင်းဟု မည်သူမှမပြောပါ။ ( LP ကိုဥပမာပေးခြင်းပါ။တိုက်ခိုက်ခြင်းမဟုတ်ပါ) မြန်မာနိုင်ငံမှာတော့ တွေ.ရပါသည်။ ၀ါရင့် သမ္ဘာရင့်ကိုယ်တိုင်က ဘယ်ကဗျာက မင်းတို.နဲ့တန်တာ၊ဘယ်ကဗျာက မင်းတိုနဲ.မတန်။လေးစားစွာမှတ်သားရပါသည်။

ထိုသို.ပြောသဖြင့် မိန်းမဆန်တာ၊မိန်းမကဗျာဆရာဟုဆိုပြန်ပါလိမ့်မည်။ မိန်းမများကို အထင်သေးသောခေတ် မကုန်သေးဟု ထပ်မံသိကြားမှတ်သားရပြန်ပါသည်။ ဖြစ်နိုင်မည်ဆိုလျှင်တော့ ခရစ္စတီနာရိုဆက်တီ၊ ၀ုဖ်တို.ကဲ့သို. မိန်းမကဗျာဆရာမဖြစ်ရလျှင်ကောင်းပါမည်။

ထိုမှတပါး အခြားဆိုရန်မရှိပါ။ ။

ချစ်သောကဗျာ -၆ (ဘာသာဗေဒအားနည်းချက်နှင့် ကဗျာဆရာ)

အကြောင်းတစ်ခုကြောင့် ကြားဖြတ်ရေးပါသည်။ မရေးတော့ဟု ဆုံးဖြတ်ထားသော ကဗျာအကြောင်းကို ရေးရပြန်ပါသည်။ အမှန်အမှားထက် ကဗျာရေးမည့် လူငယ်လေးများကြိုက်ရာယူပါစေ။ သီအိုရီချပြခြင်းလည်းမဟုတ်ပါ။ လွတ်လပ်စွာကွဲလွဲခွင့်ကို ယုံကြည်စွာရေးနေပါသည်။ အယူအဆဟူသည် တူခဲပါသည်။ မတူသည်ကိုလည်း လက်ခံပါသည်။

သီးခြားအကြောင်းအရာဖြစ်၍ ခေါင်းစဉ်ခွဲတပ်ပါသည်။
++++++++++

စကားလုံးတိုင်းလည်း အနက်ထွက်သည်၊ ၀ါကျတိုင်းလည်း အနက်ထွက်သည်။ သို.သော်စကားလုံးမှထွက်သော အနက်သည် ဂယက်ထသည်။ ၀ါကျမှထွက်သော အနက်သည် ဂယက်မထ။ ဦးတည်ချက်ပါသည်။

ဥပမာပြပါမည်။

“သွား” ဟူသောစကားလုံးကို ကြည့်လျှင် ပါးစပ်တွင်းမှသွားကိုမြင်ချင်မြင်မည်။ လူတစ်ယောက် လမ်းသွားနေသည်ကို မြင်ချင်မြင်မည်။ “သူကျောင်းသွားသည်” ဟူသောဝါကျဝယ် သွားနေခြင်းကိုမြင်သည်။ အဓိပ္ပါယ်ဂယက်မထ။ စကားလုံးတစ်လုံးထဲကိုကြည့်၍ အဓိပ္ပါယ် မပေါ်ခြင်းသည် ဘာသာဗေဒ၏ အားနည်းချက်မဟုတ်၊ နဂိုရှိရင်းစွဲသဘာဝသာဖြစ်သည်။ ဘာသာဗေဒ၏ အားနည်းချက် ရှိသည်ကိုလည်း ဆက်ပါမည်။

+++++++++

ဘာသာစကားဝယ် သဒ္ဒါနက်နှင့် အဓိပ္ပါယ်နက်ထပ်ခွဲပါရစေ။ သဒ္ဒါနက်သည် သူ.ဘာသာရှိနေသော အနက်သာဖြစ်သည်။ အဓိပ္ပါယ်နက်သည် လူ၏ ရင်တွင်းမှာပေါ်သော အနက်ဖြစ်သည်။

သဒ္ဒါနက်သည် စကားလုံးအဖြစ်ရှိနိုင်သော်လည်း အဓိပ္ပါယ်နက်သည် ၀ါကျဖြစ်အောင် အထိသွားပါသည်။ “က” ဟုသောစကားကို မြင်လျှင် ရင်တွင်းဝယ် “ကခုန်ခြင်း/ကခုန်သည်” အထိမြင်ပါသည်။ “လူတစ်ယောက်” ဟူသောစကားကိုမြင်လျှင် အဓိပ္ပါယ်အနက်၌ “လူတစ်ယောက်ရှိခြင်း/လူတစ်ယောက်ဖြစ်ခြင်း” အထိဆက်မြင်ပါသည်။

အင်ပရက်ရှင် ပန်းချီစနစ်ဝယ် Mono Tone ခေါ်တတိယအရောင်ကို မချယ်ပဲခံစားသူ၏ မျက်လုံးအတွင်းဝယ် ရောယှက်ဖြစ်ပေါ်စေသောနည်းကိုသုံးသည့် ပန်းချီဆရာများရှိပါသည်။ အလျှင်အမြန် တဖျတ်ဖျတ်လက်နေသော အရောင်သဘောကို ဖမ်းယူဆုတ်ကိုင်မိရန်သုံးပါသည်။


ဥပမာအနီနှင့် အ၀ါရောလျှင်လိမ္မော်ရောင်ရပါသည်။ သို.သော် အနီရောင် အရာဝတ္တုပေါ်သို. အ၀ါရောင်နေထိုးသည်ကို ပြချင်သောအခါ လိမ္မော်ရောင်ထပ်မံမစပ်တော့ပဲ(ပန်းချီကားတွင် ထည့်သွင်းရေးဆွဲခြင်းမပြုတော့ပဲ) အနီနှင့် အ၀ါကို ဘေးချင်းယှဉ်ဆွဲလိုက်ပါသည်။ လိမ္မော်ရောင်သည် ကြည့်သူ၏ မျက်လုံးထဲဝယ်ပေါ်ပါသည်။ (ကိုယ်တိုင်စမ်းသပ်နိုင်ပါသည်)

ကဗျာတွင်လည်း စကားလုံးများဆက်စပ်လိုက်သော်အခါ သဒ္ဒါနက်အရ (သဒ္ဒါနည်းအရ) ပေါင်းစု ဆက်စပ်သော ပစ္စည်း၊သမ္ဗန္ဓ စသည်တို.မပါသော်လည်း အဓါပ္ပါယ်နက်အရ ရင်တွင်းဝယ် “တစုံတရာ” ထွက်လာပါသည်။ တခါတရံ ဆင်ခြင်ဥာဏ် ထက် အရင် အဓိပ္ပါယ်နက်က အရင်ပေါ်ပါသည်။ သို.သော်…….

++++++++

အချို.စကားလုံးများသည် နေရာကို လိုက်၍ အဓိပ္ပါယ် ကွာခြားမှုရှိသွားပြန်ပါသည်။ မင်းခိုက်စိုးစံ၏ ခေတ်သစ်တစ်ခု၏အစ၊အဓပ္ပါယ်များ၏အဆုံးကို ပြန်ညွှန်းပါမည်။ ဒီကွန်စထရပ်ရှင်း ကိုသူရှင်းထားပါသည်။ လိုအပ်သလောက် ပြောပါမည်။

သူ.ဥပမာကိုပဲယူပါမည်။ ဘကြီးတော်မင်း ဆိုသည်နှင့် ဝေဿန္တရာမင်းဆိုသည်ကို ကြားရပုံခြင်းမတူပါ ( မြန်မာနားတွင်မတူပါ) ဝေဿန္တရာမင်းသည် မြန်မာနှလုံးအိမ်ဝယ် နက်နက်ရှိုင်းရှိုင်းတွယ်ညိနေသောကြိုးဖြစ်ပါသည်။ ထိုကြိုးကို လှုပ်လျှင် နှလုံးအိမ်ကပို လှုပ်ပါမည်။ နိုင်ငံခြားသားတစ်ဦး၏ စိတ်ဝယ်မူ စိတ်တွင်း၌ပေါ်လာသော ခံစားချက် ကွာခြားမည်ဟုမထင်ပါ။

မောင်သာချိုကလည်း သင်္ဘောဆိုက်ကပ်လာပြီး ကိုလံဘတ်ဆင်းလာတယ် ဟူသောစာသားနေရာဝယ် ယောမင်းကြီးဦးဘိုးလှိုင်ဆင်းလာတယ်ဟု ရေး၍မရကြောင်း ပြောခဲ့ပါပြီ။ ဘာသာစကားကို ကိုင်တွယ်ရာဝယ် ဘယ်နိမိတ်ပုံကိုသုံးမည်နည်း။ ထို.ထက်ပိုသည်မှာရှိပါသေးသည်။ ၀ါကျ အတူတူမှာပင် အဓိပ္ပါယ်နက်မတူကြပါလေ။

++++++++++++

“ရှင်က မစားသင့်တာတွေစားတာကိုး ဟုသူမက ညှိုးငယ်စွာပြောလေသည်”


“ရှင်က မစားသင့်တာတွေစားတာကိုးဟု သူမ မဲ့ပြုံးပြုံးရင်းပြောလေသည်”


ဝါကျချင်းတူသော်လည်း မုချအနက် (တိုက်ရိုက်အနက်)သည် ပထမ၀ါကျ၌သာထွက်လေသည်။ ဒုတိယ၀ါကျ ရှိအနက်သည်မစားသင့်တာဟူသည် အစားအစာကိုဆိုလိုရင်းမဟုတ်ကြောင်း သိဆက်အနက်ဖြင့်သိရသည်။ အကယ်၍သာ နောက်ရှိသူမပြောပုံမပါလျှင် အနက်ကဖေါ်သောစကားကို လေသံနားထောင်မှသာလျှင်ရပေမည်။ ခပ်ငေါ့ငေါ့လေသံလား ၊ စိုးရိမ်သောလေသံလား။ ဘာသာစကား၌ လစ်ဟာမှုများများစွာရှိနိုင်ပါသည်။

++++++

ဂျွိုက်စ် ၏ ယူလီဆီး ၀တ္တုဝယ် ဘာသာစကားစမ်းသပ်ချက် များများစွာပါပါသည် (ဟုပြောပါသည် မဖတ်ဘူးပါ။ဝန်ခံပါသည်) သို.သော်စာလုံးပေါင်းအမှားများသည် တမင်တကာပေါင်းသည်ပဲလား၊ မှားသည်ပဲလားမသိပါနေသည်ဟုလည်းဆိုပါသည်။ သို.သော် ဂျွိုက်စ်သည် ဂျွိုက်စ်သာဖြစ်သည်။

ဝတ္တုရှည်တို.ကို ဂျွိုက်စ်က အဆုံးစီရင်ပြစ်သဖြင့် ယခု အစမှပြန်စရတော့မည်ဟု ဆိုသူကဆိုပါသည်။ ဂျွိုက်စ်သည် ဟန်ဆိုင်ရာ အမြင့်ဆုံးအားကိုရပြီးသူဖြစ်ပါသည်။ စု၊တု၊ပြု ကို မလွန်ဆန်နိုင်ကြသော်လည်း မစုပဲ တုနေလျှင်ခက်ပါသည်။ ပိုဆိုးသည်က မတုတတ်ခင်ပြုနေခြင်းပါ။ (စုတုပြုကို ဆရာဇော်ဇော်အောင် ကလည်း ပြောခဲ့ဘူးပါသည်)

+++++++

ကဗျာ ၀ယ်ဘာသာစကားစမ်းသပ်ချက်တို.ပါလျှင်လည်းပါပါစေ။ကန်.ကွက်ရန်မရှိပါ။ ကျန်လျှင်ကျန်မည်၊ကျလျှင်ကျမည်။ ခေတ်ကလက်ခံလျှင်ကျန်ပါမည်။ လက်မခံလျှင် သူ.ဘာသာပျောက်သွားပါမည်။ ဒါဒါဝါဒီတို.၏ အသံကဗျာ (အဓိပ္ပါယ်မပါ၊ အသံ၏အားသက်သက်ကိုယူထားသောကဗျာများ) အကြောင်းတာရာမင်းဝေပြောဘူးပါသည်။ မအောင်မြင်ခဲ့ဟုလည်း သူ အလေးအနက်ပြောထားပါသည်။

ကဗျာဝယ် ဘာသာစကားကို အားအင်ယူသောကဗျာတို.ရှိပါသည်။ ဘာသာစကားကို ဖျက်စီးရန်ထက် ပိုမိုထက်မြက်လာစေရန်ဖြစ်ပါသည်။ စာဖတ်သူမှ အင်အားစိုက်ပါဝင်လာစေရန်ဖြစ်ပါသည်။ ( Language poetry also seeks to involve the reader in the text, placing importance on reader participation in the construction of meaning.)

မည်သို.ပင်ဆိုစေကာမူ ကဗျာကို ကဗျာဓာတ်သွင်းပေးသော ကဗျာဇောစေတနာ ကတော့ပါပါသည်။ ဗဟိုချက်မဲ့ခြင်း၊ မတိကျမရေရာခြင်း၊ ဗဟိုချက်များစွာရှိခြင်း မည်သည့် အိုင်ဒီယာများကိုသုံးသုံး ကဗျာ၏ အသက်ဓာတ်၊ ကဗျာဇိဝိနြေ္ဒကို စောင့်ထိန်းထားကြကြောင်း တွေ.နိုင်ပါသည်။

အားထုတ်မှုကိုကျေးဇူးတင်ရပါသည်။

အကျယ်ပြောလျှင်ပြောသလောက်ထွက်သောအကြောင်းအရာကို အတိုပြောရသည်မှာ အဓိပ္ပါယ်ကောက်လွဲနိုင်ပါသည်။ ဆက်ဖတ်ရန်ညွှန်းပါမည်။ လွတ်လပ်စွာကွဲလွဲခွင့်ရှိကြောင်းလည်း အလေးအနက်ဆိုပါသည်။

၁။တက္ကသိုလ်ဘုန်းနိုင် ခပ်သိမ်းကဗျာရှုဖွယ်သာတည်း
၂။ တက္ကသိုလ်ဘုန်းနိုင် အမြင့်သို.အာရုံညွှန်.တက်ခြင်းသို.မဟုတ် ကဗျာ
၃။ တက္ကသိုလ်ဘုန်းနိုင် ၀တ္တုရှည်ဆိုသည်မှာ စာတမ်း
၎။ ဦးရွှေအောင် ရသစာပေ၏ရသ
၅။ မင်းခိုက်စိုးစံ ခေတ်သစ်တစ်ခု၏အစ၊အဓိပ္ပါယ်များ၏ အဆုံး
၆။မင်းခိုက်စိုးစံ ပို.စ်မော်ဒန်လူငယ်
၇။ဇော်ဇော်အောင် ဆည်းဆာဖြူ
၈။ဇော်ဇော်အောင် ပို.မော်ဒန်မှတ်စုများ
၉။ မောင်သာချို ပင်လယ်ဝသို. လှေကလေးနဲ.ထွက်ခဲ့


ဆက်ပါမည်။

ချစ်သောကဗျာ -၇

အနုပညာသည် မီဒီယာတစ်ခုခုကိုသုံးစွဲရလေ့ရှိသည်။ ထိုအထဲတွင် စာ/ကဗျာက ပို၍ထူးခြားသည်။ အခြားအနုပညာများသည် ပရိသတ်နှင့် တိုက်ရိုက် ထိတွေ.ရသည်။ ပန်းချီသည် အရောင်များ၊ပုံရိပ်များနှင့် မျက်စေ့ကိုတိုက်ရိုက်ဆုံပေးသည်။ ဂီတက အသံနှင့်နားကို တိုက်ရိုက်စီးဆင်းစေသည်။ (စာသားပါသောသီချင်းများကို ခေတ္တ ထားပါ) ကဗျာကမူ တိုက်ရိုက်ထိတွေ.၍မရ။ ကြားထဲဝယ် စကားလုံးများခြားနေသည်။ စကားလုံး (text) များဖြစ်သည်။ ဘာသာစကားဟုမပြောပါ။ ဘာသာစကားဝယ် စကားလုံးများချည်းမဟုတ်ပါ။ Communication Process အတွက် အထောက်အကူပြုသောအရာတိုင်းပါဝင်နေပါသည်။ Body Language, Sign Language တို.ကိုသတိရပေးပါ။

စကားလုံးဟူ သည်မှာ အသံထွက် သင်္ကေတများဖြစ်သည်။ ဥပမာ “လူ” ဟူသောစာလုံးသည် အကောက်ကလေးတစ်ခုနှင့် အချောင်းလေးနှစ်ချောင်း သာဖြစ်သည်။ ဤမှာ ပြဿနာက ၀င်လာသည်။

++++++

စကားလုံးများသည် အားလုံးကို ကိုယ်စားမပြုနိုင်။ ဒါကလည်းသေချာပါသည်။ အနီ ဟုပြောလျှင် ဘယ်၍ ဘယ်မျှနီသလဲ။ ကြက်သွေးရောင်အနီ၊ ကတ္တီပါနီ စသည်ဖြင့် ထပ်မံ၍ ညွန်းဆိုရပြန်သည်။ ကြက်သွေးမမြင်ဘူးလျှင် ညွန်းဆိုပွဲကြီး မဆုံးတော့ကြောင်း ထောက်ပြကြပါသည်။

ထို.ထက်ဆုံးသည်မှာ စိတ်ခံစားမှု အခြေအနေများ။ နဂိုကတည်းက ထိတွေ. ဆုတ်ကိုင်မရသော အရာများကို အမည်တပ်ထားခြင်းကို ထပ်မံ၍ ပီသအောင်ဖေါ်ထုတ်ရေးသည် အတော်ပင်ခက်ခဲသော အလုပ်ဖြစ်ပေမည်။

သို.သော် ဘာသာစကားသည်အရှင်ဖြစ်သည်။ရာစုနှစ်များစွာ အတွင်း တရွေ.ရွေ.ဖွံ.ဖြိုးလာခဲ့သည်။ သူ.လမ်းသူရှာဖွေလာခဲ့သည်။ ပြန်ကြည့်လျှင် စကားလုံးများပျောက်ပျက်သွားခြင်း၊ အဓိပ္ပါယ် အသစ်များထွက်လာခြင်း၊တိုးပွားလာခြင်းများဖြင့်ဝေဆာစည်ပင်နေပါသည်။ ထိုသို. ဝေဆာနေမှသာ ခေတ်နှင့်လျှော်ညီသော ၊ အသစ်အသစ်ဖြစ်သော အာရုံများကို ကိုယ်စားပြု စကားများကို ဖေါ်ထုတ်နိုင်ပေမည်။

စကားလုံးမရှိဟု ပြောခဲ့သော်……….

စကားလုံးမရှိဟု စတင်တီထွင်သူများထင်ခဲ့သော်…….

+++++++++

စကားလုံးများကို သိခြင်းဟူသည် သဒ္ဒါနှင့် အနက် နှစ်ခုလုံးကိုသိခြင်းဖြစ်သည်။ ပစ္စည်း တစ်ခုကို မြင်နေပါရက် နာမည်မခေါ်တပ်ခြင်းသည် အနက်ကို သာ သိ၍ သဒ္ဒါ မသိခြင်းဖြစ်သည်။ ပုရိသော ဟု ကြား၍ သဒ္ဒါကို သိသော်လည်း ဘာပြောမှန်းမသိခြင်းသည် အနက်ကို မသိခြင်းဖြစ်သည်။

သဒ္ဒါနှင့် အနက်သည် အမှန်စစ်စစ် သီးခြားတည်ရှိနေသောအရာမဟုတ်ပေ။ သဘာဝတရားတခုပေါ်တွင် မီနေခြင်းသာ။ ပါဠိသံပါပါပြောရလျှင် “နိရုတ္တိ” ဟု ခေါ်ပါသည်။နိရုတ္တိကို ငွေစက္ကူဖြင့် နှိုင်း၍ရပါသည်။ သဒ္ဒါနှင့် အနက်သည် ခေါင်းနှင့်ပန်းပမာသာဖြစ်သည်။ ခေါင်းဖြစ်စေ၊ ပန်းဖြစ်စေမပါသော ငွေစက္ကူသည်သုံးမရသကဲ့သို. သဒ္ဒါနှင့် အနက်မပါသော နိရုတ္တိသည် အစစ်မဟုတ်ပေ။

နိရုတ္တိ အဖြစ်သုံးမရသော သဘာဝတမျိုးသာဖြစ်ပါမည်။ အမှန်စစ်စစ် ဘာသာစကားကို သိခြင်းသည် နိရုတ္တိကို သိခြင်းပင်ဖြစ်ပါသည်။

သဒ္ဒါနှင့် အနက်မပါသော ၊သို.မဟုတ် တမျိုးမျိုးသာပါသော ဘာသာစကားသည် ဘာသာစကားမမည်ပါ။ အသုံးချ၍လည်းရမည်မထင်ပါ။

တကယ်တော့ ကဗျာသည် ဖတ်သူကဖတ်မှသာလျှင် ကဗျာ့တာဝန်ထမ်းပါသည်။ မဖတ်လျှင် စာလုံးဟုခေါ်သောကောက်ကောက်ကွေးကွေး၊အတွန်.အလိမ်များသာ ဖြစ်နေပါမည်။ စက္ကူတစ်ရွက်သာဖြစ်နေပါမည်။ ဆင်ခြင်တော်မူရန်ပါ။

ဆက်ရပါဦးမည်။

ချစ်သောကဗျာ -၈ (နိဂုံး)

သေတ္တာနက်ဟူသော အသုံးကိုကြားဘူးကြပါမည်။ တစ်ဖက်မှ ပစ္စည်းတစ်ခုကိုထည့်လိုက်၊အခြားတစ်ဖက်မှ ပစ္စည်းအသစ်ထွက်လာမည်။ အထဲမှာ ဘာဖြစ်နေသည်ကိုမသိ။ ရုပ်မြင်သံကြားကို ဥပမာပေးရမည်။ ကြိုးတွေ ၊ပလပ်တွေဆက်။ခလုပ်နှိပ်၊ ဇာတ်ကားကြည့်၍ရပြီ။ အထဲမှာ ဘာဖြစ်နေမှန်းသိစရာမလို။ ရုပ်မြင်သံကြားကြည့်သူအတွက်မလို။

ပြင်သူအတွက်တော့လိုမည်။ ထုတ်လုပ်သူအတွက်တော့လိုမည်။ သူတို.ကတော့ တိတိကျကျသိဖို.လိုသည်။

ကဗျာလည်းသေတ္တာနက်များဖြစ်လေမည်လား။ ခံစားသူတွေ၊စာဖတ်သမားတွေ အတွက် ကဗျာသာလိုပါသည်။ ကဗျာအကြောင်းမလိုပါ။ ကဗျာရေးသူ၊ ဝေဖန်သူ အတွက်တော့ လိုအပ်ပါမည်။ အခြေခံတော့လိုပါမည်။

မည်သူမဆို စု၊တု၊ပြု ကို မကျော်နိုင်ပါ။ သို.သော် တု အဆင့်မှ ပြု အဆင့်သို. မဆက်နိုင်ပဲ တစ်သက်လုံးနေသွားသူများရှိနေနိုင်ပါသည်။ ထို အခါ ကဗျာ နှင့်ဆိုင်သော အသိပညာများကို ပြန်လည်မေ့နိုင်အောင်ကျိုးစားရပါတော့မည်။ ကိုယ်ပိုင်လိုချင်လျှင် အရိပ်ကိုမေ.မှရပါမည်။ ကဗျာတွင် အသိပညာမလိုပါဟူသောစကားစကို ချမိ၍ ဆက်ရှင်းလာရသည်မှာ စာစုများ များလာပါသည်။ တော်သင့်ပြီဟု ကိုယ့်ကိုကိုယ်ဆုံးမရပါသည်။ဤဆောင်းပါးစဉ်သည် ကဗျာရေးစ၊ရေးမည့် လူငယ်များအတွက်ရည်ရွယ်ခဲ့ပါသည်။

ပါရမီသက်ကုန်လျှင် ပညာသက်ဖြင့် ဆက်ရတယ်ဟူသော ခင်ဝမ်း၏ စကားကို မမေ့လျော့စေရန် ရေးပါသည်။

ဆရာကြီးလုပ်၍ ပြောခဲ့ခြင်းမဟုတ်ပါဟု အထပ်ထပ်ဆိုပါသည်။ ဖတ်မိသမျှထဲမှသဘောတူရာ၊ တွေးမိရာကိုပြန်မျှခြင်းဟုလည်းဆိုပါမည်။ လွတ်လပ်စာကွဲလွဲခွင့်ကိုလည်းယုံပါသည်။ ကွဲလွဲကြပါစေ။

++++++++

အချစ်ကြောင့် ကဗျာရေးသူများလည်းရှိပါမည်။ အရှိန်ကုန်လျှင်ရပ်ပါမည်။ သူတို.ကဗျာသည် တန်.သွားပါမည်။ သို.မဟုတ် ကဗျာအရှိန်မသေလျှင် ဘ၀ကဗျာ (လူသာမန်အပြောဖြင့် နာမည်တပ်ပါသည်) ဘက်ကို ကူးပါမည်။ အချိန်ကပေးသော ဝေဒနာ (အချစ်ကဗျာ)ကို ယူကြပါစေ။ကန်.ကွက်ရန်မရှိပါ။

ဝဏ္ဏပဘာမှ သွေးငင်ကြမ္မာကြောင့်စသော ၀ါသနာသည် ပါရမီတော်ခန်းပျို.အထိမတက်ဟု မည်သူမှမပြောနိုင်ပါ။ မိုးကောင်းက်င မိုးရေလေးတစ်စက်ဖြစ်သော မိုးမျိုးစေ့လေးသည် မိုးလုံးပတ်လည် ရွာလာနိုင်ပါသည်။ သစ်စေ့လေးမှစသော အပင်သည် သစ်တောကြီးတစ်ခု ဖြစ်လာနိုင်ပါသည်။

++++++++++

ကဗျာရေးသူများအတွက် ကုန်ကြမ်းရရန်နှစ်နေရာရှိပါသည်. တစ်ခုကတော့ မျက်စိနှင့် နားတို.၏ အားကြီးသောလောကဖြစ်ပါသည်။ ရိုးရိုးလေးပြောလျှင် ခေတ်ပြိုင်ခံစားမှုဖြစ်ပါသည်။ ခေတ်၏ ရိုက်ခတ်ချက်မပါပဲကဗျာရေး၍ မဖြစ်ပါ။

နောက်တစ်ခုကတော့ အတိတ်ကာလမှ အောင်မြင်မှုဆည်ကြီးဖြစ်ပါသည်။ အတိတ်သမိုင်းမှ ကဗျာများစာများကို သမိုင်းပစ္စည်းအဖြစ် ဖုံတက်ခံထားလျှင် ကို. အတွက် ပညာသက်ကို ကိုယ်ဖျက်သည်နှင့်တူနေပါမည်။ အနုပညာပစ္စည်းသည် အချိန်ကာလနှင့် နေရာဒေသကိုလွန်ပါသည်။

မင်းသုဝဏ်ကြောင်းပြောမိ၍ နှာခေါင်းရှံ.ပြသော ကဗျာဆရာပေါက်စလေးတစ်ဦး(လွန်ခဲ့သော ဆယ်စုနှစ်များက)တွေ.ဖူးပါသည်။ မဂ္ဂဇင်းများတွင်ပါနေပါပြီ။လက်အလွန်ကောင်းပါသည်။ ခေတ်ပြိုင်ခံစားမှု အာရုံမြင့်ပါသည်။ ယနေ. မတွေ.မိတော့ပါ။

++++++++

နောက်ဆုံးပြောစရာတစ်ခုရှိပါမည်။ သေတ္တာနက်အတွက် ထုတ်လုပ်သူများသည် ကုန်ကြမ်းသာမက ကိရိယာလည်းလိုပါသည်။ မည်သည့်ကိရိယာကိုသုံးသည်ဖြစ်စေ စားသုံးသူကို ကြည့်ရပါသည်။ ကဗျာဆိုတာ လူအကြိုက်လိုက်ရေးတာ မဟုတ်ဘူးကွဟု ဆိုနိုင်ပါသည်။ ဆိုခွင့်ရှိပါသည်။ အစွန်းမရောက်စေရန်တော့ လိုပါသည်။ ကိုယ့်ဘာသာရေးပြီးသိမ်းထားသော ကဗျာဆရာများရှိပါလိမ့်မည်။ ကဗျာဆရာအဖြစ်မှမလျော့ပါ။

သူငယ်ချင်းကိုပြသည်ဖြစ်စေ၊ တခြားသူကိုပြသည်ဖြစ်စေ၊အွန်လိုင်းမှာ တင်သည်ဖြစ်စေ၊ မဂ္ဂဇင်းတွင် ထည့်သည်ဖြစ်စေ တခုခုလုပ်သည်ရှိသော် အဝေဖန်တော့ခံနိုင်ရပါမည်။ မိမိကဗျာ ကို အဆင့်မြှင့်ထားလိုသော သဘောသည် မော်ဒန် လက္ခဏာရပ်ဖြစ်သည်ဟု ဆရာ ဇော်ဇော်အောင်ပြောခဲ့ဘူးပါသည်။ မတားမြစ်လိုပါ။

ပြောလိုရင်းကို မလွဲစေချင်ပါ။ကြိုက်သည့် ကဗျာ နိဿယကိုသုံးပါ။ အဆင့်မြင့်မမြင့် ဆုံးဖြတ်ချက်သည်ကိုယ့်တွင်မရှိတော့ပါ။ စာဖတ်သူ၊စာဖတ်နာသော ပရိသတ်များ အမှန်တကယ်ရှိကြောင်း အသိပေးလိုပါသည်။ ငါ့ကဗျာကို လူမကြိုက်တာ ငါကမြင့်နေလို.ပဲဆိုရင်တော့ နည်းနည်းလွဲပါပြီ။

မည်သည့် ကဗျာအမျိုးအစားမဆို သဘောပေါက်ခံစားနိုင်သော ပရိသတ်များရှိနေပါကြောင်း ပညာရှိသတိထားတော်မူစေကြရန် တင်ပြပါသည်ခင်ဗျား။ ။

(ဝေဖန် အကြံပေးနိုင်ပါသည်၊ thetkamoenyo7@gmail.com )

အသိဥာဏ်ဆိုင်ရာ ပိုင်ဆိုင်မှု ( intellectual property)

ဒီနေ.ခေတ် ဒီနေ.ကာလမှာ လူသားအရင်းအမြစ်ဖွံ.ဖြိုးရေးဆိုတဲ့ စကားလုံးကို အတော်လေးကြားလာရပါပြီ။ လူသား အရင်းအမြစ်ဆိုတာ ဘွားဘွားပေါ်နေတဲ့ လူဦးရေ ၊ မွေးထုတ်ပေးလိုက်တဲ့ ဘွဲ.ရပမာဏဆိုတာတွေနဲ. တိုင်းတာတိုင်း ရပါသလား။

တကယ်တော့ အသိဥာဏ်ဆိုင်ရာ အရင်းအနှီး ( intellectual capital ) ဆိုတာဒီနေ. ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ခေတ်ကာလကြီးထဲမှာ အောင်မြင်ရေးသော့ချက်ဆိုတာ သိသင့်နေကြပါပြီ။

ကျွန်တော်တို.ဆီမှာ အသုံးနည်းနေသေးတဲ့ အသိဥာဏ်ဆိုင်ရာ ပိုင်ဆိုင်မှု ( intellectual property) ဆိုတဲ့စကားလုံးလေးနဲ. မိတ်ဆက်ပေးဖို. ဒီစာစုကိုရေးပါတယ်။ တကယ်တော လူတစ်ဦးတစ်ယောက်ဟာ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ဖို. အခွင့်အရေး (right) ရှိရပါတယ်။ အဲဒီ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေထဲမှာ လက်နဲ.ထိတွေ.လို.ရတဲ့ တနည်း ဘွားဘွားပေါ်နေတဲ့ ပစ္စည်းတွေရှိသလို ကိုင်တွယ်ပြသလို.မရတဲ့ ပိုင်ဆိုင်မှုတွေရှိနေမှာ အမှန်ပါ။

သူရို. နိုင်ငံတွေမှာ တော့ အသိဥာဏ်ဆိုင်ရာပိုင်ဆိုင်မှု ( intellectual property) တွေကို ခိုင်မာတဲ့ဥပဒေတွေနဲ. အကာအကွယ်ပေးထားကြပါတယ်။ ဒီမှာလည်း ဒါမျိုးတွေရှိသင့်နေပါပြီ။ ကိုယ်က သူများသီချင်း ကော်ပီကူးပြီးတော့ ကိုယ့်သီချင်းခွေ ခိုးကူးကျတော့ ထအော်တာကတော့ ရီစရာတမျိုးလို.ပဲပြောရမလား။

တကယ်တော့ intellectual property (အတိုကောက် အိုင်ပီ လို.ပဲနောက်မှာဆက်သုံးပါမယ်) ဆိုတာ စိတ်ကူးဥာဏ်မှ တီထွင်ဖန်တီးထုတ်လုပ်လိုက်သော အရာမှန်သမျှပါဝင်ပါတယ်။ တီထွင်မှုတွေ၊ စက်မှုလက်မှုကိရိယာဒီဇိုင်းတွေ၊ စာပေအနုပညာပစ္စည်းတွေ၊ သင်္ကေတတွေ အများကြီးပါပဲ။

အိုင်ပီကို အဓိက အုပ်စုနှစ်စုခွဲပါတယ်။ ထုတ်လုပ်မှု မူပိုင်ခွင့် ( industrial propertiy) နဲ. ကူးယူမှု မူပိုင်ခွင့် (copy right) ပါ။

ထုတ်လုပ်မှု မူပိုင်ခွင့် ( industrial propertiy)

ထုတ်လုပ်မှု မူပိုင်ခွင့် ( industrial propertiy) ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေမှာသာမက စိုက်ပျိုးရေးမှာ၊မိုင်းတွင်းတွေ၊သဘာဝသယံဇာတ ထုတ်လုပ်ရေးတွေမှာလည်း ပါဝင်နေနိုင်ပါတယ်။ ဘာတွေလဲလို. ဆိုရင်

၁။ဦးတည်ချက်ထားဆောင်ရွက်တဲ့ တီထွင်မှုတွေ (ဒါထွင်မယ်ဆိုပီး အာဏာပိုင်အဖွဲ.အစည်းတွေဆီမှာ ခွင့်ပြုချက်တောင်းထားတာမျိုးတွေပါ)

၂။ထုတ်လုပ်မှု ဒီဇိုင်းတွေ
၃။ကုန်အမှတ်တံဆိပ်တွေ၊လိုဂိုတွေ
၎။ဆားကစ်ပုံစံတွေ
၅။ဒေသဆိုင်ရာအညွှန်းပြထုတ်ကုန်တွေ (တချို.ဆန်တွေဆိုရင် ဒီဒေသမှာပဲ ပေါက်ရောက်တဲ့ ဆန်မျိုးတွေရှိပါတယ်၊ ကျန်တဲ့နေရာတွေကို ဖြန်.ဖြူးစိုက်ပျိုးမှုကိုကန်.ထားပါတယ်။ဒီဒေသရဲ. အမှတ်အသားလိုဖြစ်သွားလို.ပါ။ ဆွတ်ဇာလန်ကနာရီတွေလည်းဒီလိုပါပဲ)
၆။နည်းမမှန်တဲ့ ပြိုင်ဆိုင်မှုကကာကွယ်ရမှာတွေ။

အဲဒါကတော့ ဆင်တူယိုးမှား ကုန်ပစ္စည်းထုတ်တာတွေ၊ပြည်သူလူထုကို မှားယွင်းတဲ့ဆီဆွဲခေါ်မယ့် ပစ္စည်းထုတ်တာတွေ၊ မမှန်မကန်ကြောငြာတာမျိုးတွေပေါ့လေ။


ကူးယူမှု မူပိုင်ခွင့် (copy right)

နောက်အိုင်ပီတစ်မျိုးကတော့ copyright ပါ။ တော်တော်များများသိကြပါပီ။ အနုပညာဆိုင်ရာ ထုတ်လုပ်ပစ္စည်းတွေပါ။ စာပေ၊ကဗျာ၊ သီချင်း၊ပန်းချီ၊ရုပ်ရှင်၊ ကွန်ပျူတာ ပရိုဂရမ်တွေ၊ ဒေတာဗေ့စ်တွေပါ။ ကော်ပီရိုက် ဆိုတာကတော့ ဖန်တီးသူရဲ. မူပိုင်ခွင့်ပါပဲ။ ဘွားဘွားမြင်နေရတဲ့ ပိုင်ဆိုင်မှုလိုပါပဲ။ ဖန်တီးသူဟာ သူ.ဖန်တီးမှုကို သူစီမံခန်.ခွဲခွင့်ရှိရပါမယ်။ သူတပါးကော်ပီကူးတာ၊ဖြန်ဝေတာ၊ထုတ်လုပ်တာတွေကို တားမြစ်ခွင့်ရှိသလို စီမံခန်.ခွဲခွင့်လည်းရှိပါတယ်။

ဒီနေရာမှာ သိထားသင့်တာကတော့ အနုပညာဆိုင်ရာဖန်တီးမှုဟာ ကုန်ပစ္စည်းထုတ်လုပ်မှုလို မှတ်ပုံတင်မှ အသက်ဝင်ကာကွယ်မှုရတာမဟုတ်ပါဘူး။ ဖန်တီးမှုပီးပီးချင်းပဲ ကာကွယ်မှု ရှိရမယ်လို. ဆုံးဖြတ်ထားတာပါ။ ဆိုလိုတာက ကဗျာတစ်ပုဒ်ဟာ ရေးပီးပီးချင်းပဲ ပုံနှိပ်ထုတ်ဝေစရာမလိုပဲ ကော်ပီရိုက်အရ ကာကွယ်ခွင့်ရှိနေပါပြီ။

ဒါ့အပြင် ဖန်တီးသူက ဘယ်နှနှစ်ကြာမှ ထုတ်ဝေပါဆိုရင်လည်းသူ.ဆုံးဖြတ်ချက်အတိုင်းပါ။ ဒီထဲမှာ သရုပ်ဆောင်မှုတွေ၊ သီချင်းတွေ၊ဖလင်မှတ်တမ်းတွေ ၊စာပေတွေ၊ အနုပညာအရာတွေ အစုံပါပါတယ်။

ဒီနေရာမှာ ဖြည့်ပြောချင်တာက ကာလပါ။ အိုင်ပီအသက်ဝင်တဲ့ကာလပါ။ တီထွင်ဖန်တီးမှုတွေအတွက် ၂၁ နှစ်ကြာ ကာကွယ်ပေးထားပါတယ်။လိုအပ်ရင် ၇နှစ်စီ ထပ်ပေါင်းပါတယ်။စက်မှုလက်မှုဒီဇိုင်းတွေအတွက်က ၁၅နှစ်ပါ။ လိုအပ်ရင် ၅ နှစ်စီပေါင်းပါတယ်။ ကုန်အမှတ်တံဆိပ်တွေက ၇ နှစ်ပါ။ အသစ်ပြန်ပြန်လုပ်လို.ရပါတယ်။ ကော်ပီရိုက်ကတော့ ဖန်တီးသူသက်တမ်း တလျောက်နဲ. အပေါင်းနှစ်ငါးဆယ်ပါ။

ကျွန်တော်တို.တတွေဟာ နောက်မှာ အများကြီး ကျန်နေခဲ့တာမကျေနပ်နိုင်ရင် သိအောင်လုပ်ရပါမယ်။ တိုးတက်အောင်ကျွန်တော်တို.မှာလည်းတာဝန်ရှိပါတယ်။ ကိုယ့်ပိုင်ဆိုင်မှုကို ကာကွယ်ခွင့်ရှိကြောင်း ကိုယ်ကိုတိုင်မှမသိရင် ဘာမှဆက်ပြောလို.မရပါဘူး။ ဒါ့အတူပါပဲ။ သူတပါးရဲ့ ဦးနှောက်နဲ. ဖန်တီးထားတာတွေကိုလည်း လေးစားသမှုရှိဖို.လိုပါလိမ့်မယ်။

နောက်ဆုံးအိုင်ပီ မဖွံ.ဖြိုးစေတဲ့အကြောင်းတွေ ပြောပြီးနိဂုံးချုပ်ပါ့မယ်။

အဲဒါတွေကတော့

သတိမမူမိခြင်း၊

အသိဥာဏ်ပညာနှင့် ကျွမ်းကျင်မှုမရှိခြင်း၊

အသက်မွေးဝမ်းကျောင်းဆိုင်ရာသီးသန်.၀န်ဆောင်မှုများမရှိခြင်း၊

နည်းဥပဒေ၊ပေါ်လစီများနှင့်ကာကွယ်ပေးမထားခြင်း၊

စည်းမျဉ်းစည်းကမ်း အတိုင်းထိမ်းသိမ်းစောင့်ရှောက်မှုမရှိခြင်းနဲ.

ပြည့်ဝလုံလောက်တဲ့ အုပ်ချုပ်မှု စနစ်မရှိခြင်းတို.ပါပဲ။

တွေးဆဆင်ခြင်ဖို. ဝေငှလိုက်ပါတယ်။

အွန်လိုင်းနှင့် ကျင့်ဝတ်

ပြောချင်ရေးချင်နေသည်မှာတော့ကြာပါပြီ။ အခြားအလုပ်များနှင့်ရှုပ်၊အပျင်းကြီး၊ အဲလိုဖြစ်နေ၍ကိုယ့်ကိုကိုယ်ဇွတ်မောင်းရေးနေရပါသည်။

ယခင်ကမဂ္ဂဇင်းခေတ်၊ ယခုအွန်လိုင်းခေတ်၊ နည်းပညာကရှေ.ရောက်လာတော့ လူတိုင်း စာရေးနိုင်သည်။ လူတိုင်းဘလော့ဂါဖြစ်နိုင်သည်။ အဲသည်တော့ဘာဖြစ်သနည်း။ ကျင့်ဝတ်တွေ နှုန်းစံတွေကပြိုလဲကုန်သည်။

တလောက Gmail passward ခိုးယူသူဆိုပြီး နာမည်နှင့် ဖေ့စ်ဘုတ်အကောင့်နှင့်တကွ ပို.စ်တင်သည်။ နောက်မှ မဖြစ်နိုင်ဟု တောင်းပန်သည်။ တဖက်သားက အဆဲခံရပြီးပြီ။ တခါတလေလည်းမေးထဲမှာ မိန်းကလေးတွေကာမကိုညာယူနေသူဟု နာမည်နှင့်ဖုံးနှင့်လိပ်စာနှင့်ဖေါ်ဝါ့လုပ်ပေးပါဟုတက်လာတတ်ပါသည်။ ဒါကလည်းတကယ်တော့ မတည့်သူတွေက တိုက်ကွက်ဆင်တာလည်းဖြစ်နိုင်ပါသည်။ သေချာလျှင်၊ သက်သေသက္ကာရရှိလျှင်တိုင်တန်းပါ၊ ယခုလိုလုပ်တာကတော့လုပ်သူလဲ နောက်ကျောဓားနဲ.ထိုးခြင်း ဟုသာမှတ်ရပါသည်။

ဒီစာကိုဝေလျှင် ချစ်သူနှင့်တွေ.မည်ဟူသော အွန်လိုင်းရွှေပေလွှာများကိုပင်ဝေနေကြသူများသည် နာမည်လိပ်စာပါပါလျှင်အမှန်ဟုယူဆကြပါလိမ့်မည်။

မှန်ချင်လည်းမှန်ပါမည်။ သို.သော် မှားခဲ့သော် တဖက်သားအဖို. သိက္ခာကျရပါသည်။ စိတ်ဒဏ်ရာရရပါသည်။ ထိုကာလအတွင်းက ခံစားရမှုကို ဘယ်သူကခံစားပေးမည်လဲ။အလျော်ပေး၍ကျေကောင်းသောအရာမဟုတ်ပါ။

လူထုစိန်ဝင်းဆောင်းပါတစ်ပုဒ်ဝယ်စာနယ်ဇင်းကျင့်ဝတ်တစ်ခုကိုလေးစားစွာဖတ်ရဘူးပါသည်။ မိန်းကလေး၏ ကာမကို အရယူထားသူ ကို ဂျာနယ်တွင် မုဒိန်းကောင်ဟုရေးသားခြင်းကို ဆရာကကန်.ကွက်ပါသည်။ ရဲကစွဲချက်တင်ထားသည့်တိုင် တရားရုံးက အပြစ်ရှိမရှိမဆုံးဖြတ်ရသေးခင်ထိုသို.ရေးခြင်းဖြင့် စာနယ်ဇင်းက ဆုံးဖြတ်ချက်ပေးထားပြီးနေသကဲ့သို. ဖြစ်သောကြောင့်ဖြစ်ပါသည်။

လူတိုင်းသည်လွတ်လပ်စွာရေးသားပိုင်ခွင့်ရှိရပါမည်။ သို.သော်တစ်ဖက်သားကို တိုက်ခိုက်ခြင်းကတော့ ခက်ပါသည်။ တခါတရံ အမှန်တရားဘက်တော်သားဖြစ်ရသည်မှာ ကောင်းပါသည်။ သို.သော်မှန်မမှန်မသေချာပဲ ဆွမ်းကြီးလောင်းချင်သည်မှာ ဗမာ့အကျင့်ဟုပြောရမည်ပဲလားမသိ။

အွန်လိုင်းမှာလည်းကျင့်ဝတ်နှင့်နေ၍ရပါသည်။ နှုန်းစံများပြိုလဲနေသောခေတ်ဝယ် ကိုယ့်နှုန်းစံနှင့်ကိုနေစေချင်ပါသည်။

ကလေးတို. သဘက်ခါ (၃) (စာမသင်တဲ့မူကြို)

ဆရာတစ်ယောက်နဲ.( ဆရာဝန်ပါ ) စကားပြောမိတော့ သူ.သမီးကို မူကြိုထားဖို. စာမသင်တဲ့မူကြိုကို မနည်းရှာတာတောင်မတွေ.ဘူးဆိုပဲ။ ကျွန်တော်တို.ဆိမှာ မူကြိုတွေမှာ စာသင်မှဆိုတဲ့ အစွဲတွေ က ခက်တယ်ပဲပြောရမလားပါပဲ။ ကလေးတွေရဲ. နုနယ်လှတဲ့ လက်ကလေးတွေဟာ ငါးနှစ်မှ မြဲမြံအောင်ကိုင်တွယ်နိုင်လို. စာသင်တဲ့ အရွယ်ကို ငါးနှစ်လို. သတ်မှတ်ထားတာပါ။ သူတို.ရဲ့ လက်ကလေးတွေ ပုံပျက်ကွေ.ကောက်သွားမှာ မစိုးရိမ်ကြဘူးလားမသိ။ ပိုဆိုးတာက သူတို.ရဲ့ စိတ်ကလေးတွေကို ကျောင်းဆိုတာက တုတ်နဲ.အငေါက်ကြီးစိုးသောနေရာအဖြစ်မုန်းသွားလေမှ သူ.ရဲ.နောက် ဆယ်စုနှစ် နှစ်ခုစာလောက်ဟာ နာကျင်ခြင်းနဲ.၊ညီးငွေ.ခြင်းနဲ. ကျောင်းဆိုတာကြီးကို တက်နေရမှဖြင့် ခက်ရချည်ရဲ့။

မိဘတွေရဲ.စေတနာတွေကို သံသယ မ၀င်ပေမယ့် စေတနာရဲ့ လားရာတွေကို ဦးတည်ချက်မှန်ပါရဲ့လား စဉ်းစားမိနေတာကြာပါပြီ။ ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းဟာ အရေးအကြီးဆုံးပါ။ သင်ရိုးညွှန်းတမ်းတွေထဲမှာ မူလတမ်းဟာ အခက်ဆုံးပါ။ အပင်နုနုလေးဆိုတာ ပျက်စီးဖို. အလွယ်ဆုံးပါပဲ။ ဆေးကျောင်းက ဆရာတစ်ယောက်နဲ.ဆုံတော့ သူပြောတာက ကလေးတွေက လက်ချာချိန်မှာထက် ကျူရှင်ချိန်မှာပဲနားထောင်တော့တယ်တဲ့။ ဒီဆရာ ဒီစာချင်းတူတောင် ပိုက်ဆံပေးရတာကိုမှ လေးစားပါသတဲ့။

ကျွန်တော်ကတော့ ရွှေယုန်ရွှေကျားပုံပြင်ကို အမှတ်ရပါတယ်။ ကောက်ကျစ်တဲ့သူအဖြစ်ယုန်ကို ဘာလို.များထားပါလိမ့်။ တကယ်တော့ ကပုံပြင်လေးရဲ့ရည်ရွယ်ချက်မှာ ကောက်ကျစ်သူကို မနှစ်မြို.စေဖို.က ဘွားဘွားပေါ်နေပေမယ့်လည်း မသိသာတဲ့ ရည်ရွယ်ချက်၊တနည်းပေါ့လေ ၊မြှုပ်ထားတဲ့ရည်ရွယ်ချက်က အပြင်ပန်း လှပနူးညံ့ဟန်ရှိတဲ့ ယုန်မှာကောက်ကျစ်မျုတွေရှိနေနိုင်သလို အပြင်ပန်း ရက်စက်ဟန်ကျားမှာလည်း ရိုးအမှုတွေရှိနေနိုင်တယ်ဆိုတာပါ။ Hidden objective လို.ပြောရမယ့် မြှုတ်ဝှက်ထားတဲ့ရည်ရွယ်ချက်ပါ။

++++++++++++++++

ကျွန်တော်တို. ငယ်ငယ်က ဆရာဝင်လာရင် အတန်းထ၊လက်ပိုက် ၊မင်္ဂလာပါဆရာမ ဆိုရတာ၊ ဘုရားရှိခိုးရတာတွေဟာ မြှုတ်ထားတဲ့ ရည်ရွယ်ချက်တွေပါပါတယ်။ ပိုက်ဆံရှိတဲ့သူမိုလို. အမှိုက်သိမ်းစရာမလိုဘူးဆိုတာမရှိပါဘူး။ ဘယ်သူ.သားမိုလို. အိမ်သာသီးသန်.ပေးရမယ်ဆိုတာ မပါပါဘူး။

ဒီနေ. ကျောင်းတက်ရတဲ့ကလေးတွေဟာ ဘာတွေများ မသင်ကြားပဲတတ်မြောက်သွားပါလိမ့်လို.တွေးမိရင် စိတ်မကောင်းစရာတွေပဲတွေးမိရပါတယ်။ သူတို. သင်ကြားတတ်မြောက်သွားတာက (၁) ဆရာဆိုတာ ငွေပေးရင်၊ပညာဆိုတာ ငွေပေးရင်ရတယ်။ (၂) ငွေသာ အစစ ပြီးမြောက်စေတယ်။

ကလေးတွေ အတွက် နာသုံးနာ နဲ.ပြည့်စုံတဲ့ ဆရာတွေ လောကမှာ (အဲ၊ ကျွန်တော်တို.ဆီမှာ) ကျန်ပါသေးရဲ့လား။ ဆရာတွေကို ဘယ်သူဖျက်လည်း မေးရရင်လည်း ရင်နာစရာပါ။ မိဘတွေပါပဲ။ စားဝတ်နေရေးအကြောင်းမပြကြပါနဲ.။ တချို.က စီးပွားဖြစ်ကို လုပ်နေတာပါ။ အစကတော့ အားနာနာပေါ့၊ နောက်တော့ လွယ်လွယ်ကူကူပေါ့။ နောက်တော့ မပေးရင် ကလေးကို နှိပ်မယ်ပေါ့။ စိတ်မှန်းနဲ. ရမ်းပြောနေတာမဟုတ်ပါဘူး။ တကယ့် အဖြစ်တွေပါ။

သားလေးမွေးရင်တော့ စာမသင်တဲ့ မူကြိုရှာရပါလိမ့်မယ်။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၂) (ကြီးနိုင်ငယ်ညှင်းဝါဒကို လိုလားသည်)

နည်းနည်းတော့ကို.ရို.ကားယားနိုင်နေမှာပါ၊ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီနေ.အထိ အမှန်ဆုံးသီဝရီဟာ ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်ပါ။ သဘာဝဘေးဆိုးဒဏ်ဆိုးတွေနဲ. ကြုံတွေ.ရတဲ့အခါ အခြေအနေနဲ. လိုက်လျောည်ီထွေ ဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့မျိုးဆက်တွေကျန်ရစ်ခဲ့ပြီး မပြောင်းလဲနိုင်တဲ့ မျိုးဆက်တွေ မျိုးတုန်းခဲ့ပါတယ်။ ဒိုင်နိုဆောတွေ၊မွှေးရှည်ဆင်တွေ၊ စွယ်ရှည်ကျားတွေဟာ ဒီနေ.မှာမကျန်တော့ပါဘူး။ ဟိုးရှေးရှေးတုန်းက တောထဲမှာ ခုန်ပေါက်ပြေးလွှားနေတဲ့ ခွေးလောက်အကောင်လေးတွေဟာ လွင်ပြင်ကိုထွက်လာ၊ သတ္တ၀ါကြီးတွေ လိုက်တာကို ပြေးနိုင်အောင် ခြေထောက်တွေရှည်လာ၊ ရှည်လာတဲ့ခြေထောက်နဲ. လိုက်လျောညီထွေဖြစ်အောင် မြက်တွေကို ကုန်းငုံ.စားနိုင်ဖို. လည်ပင်းတွေပါရှည်လာ ၊ နောက်ဆုံးမှာ မြင်းရယ်လို.ဖြစ်လာခဲ့ပါတယ်။(ဒေါက်တာသန်းထွန်း၊လူကျော်)

ကျွန်တော်တို. ဒီနေ.ခေတ်မှာလဲ ပြောင်းလဲသွားတဲ့ အခြေအနေကို လိုက်လျောညီထွေတုံ.ပြန်နိုင်မှသာ ရှင်သန်ပေလိမ့်မယ်။

++++++

သူငယ်ချင်းတစ်ယောက်ကပြောပါတယ်။ သူ.ကလေးတွေကို ဘုန်းကြီးကျောင်းမှာထားချင်ပါတယ်တဲ့။ ထားပေါ့ဆိုတော့ ခုခေတ်ဘုန်းကြီးကျောင်းမဟုတ်ပါဘူး။ ဟိုးတုန်းကဘုန်းကြီးကျောင်းပါ။ အဲဒီမှာ ကြီးနိုင်ငယ်ညှင်းဝါဒရှင်သန်ပါသတဲ့။ သူပြောချင်တဲ့ကြီးနိုင်ငယ်ညှင်းဆိုတာ ကျောင်းသားအချင်းချင်း ကိုပြောတာပါ။ ဆရာတော်သွားလျောက်ရင် အတွယ်ခံရမယ့်အတူတူ လုံးသတ်တာကောင်းတယ်ပေါ့၊ ဒီလိုနဲ.နောက်ဆုံးမှာ လူမာကလေးဖြစ်လာမယ်ထင်ပါရဲ့။

သူပြောတာလည်းဟုတ်ပါရဲ.၊ ဘုန်းတော်ကြီးတွေရဲ. အရိပ်အာဝါသအောက်မှာ မင်းသားနဲ. သူဆင်းရဲသားဟာ တန်းတူမဟုတ်တောင်တန်းတူနီးပါး အဆော်ခံရမှာပါ။ လူကြီးသားဆိုပြီး ဆရာတော်တွေလည်း တပွေ.ပွေ.တပိုက်ပိုက် လုပ်မယ်မထင်ပါဘူး၊ ငါ့ကို လာပြီးမလှူလို.ဆိုပြီး အတန်းလည်းချပစ်မယ်၊ အငြိုးအတေးထားရိုက်မယ်ဆိုတာလည်း (ရှိသည့်တိုင်အောင်) အင်မတန်ရှားမယ်ထင်ပါတယ်။

ကျွန်တော်ဘာပြောချင်နေတာလည်းဆိုတော့ ကလေးတွေဟာ သူ.ခွန်အားကို သူ.ဘာသာရှာတွေ.တတ်စေချင်အောင်ပြောနေတာပါ။ အမေ၊ ဆရာမက သူ.ကျူရှင်မတက်လို. သားစာရရဲ.သားနဲ. အမှတ်မပေးဘူးဆိုရင်တော့ ကလေးရဲ့စိတ်ထဲမှာ သူတတ်နိုင်တဲ့အင်အား၊သူကြိုးစားအားထုတ်နိုင်တဲ့ အင်အားထက်ကျော်ပြီးရင်ဆိုင်နေရတာပါ။ ကြီးနိုင်ငယ်ညှင်းဝါဒဟာ အခြေအနေတူမျှမှသာကောင်းပါတယ်။ ကျွန်တော်တို. ကလေးတွေရဲ.စိတ်မှာ ဒီလိုအမှုကိစ္စဟာ သဘာဝပဲလို. ထင်သွားရင် သူကြီးပြင်းလာတဲ့အခါမှာ တရားမှုမတရားမှုကို ဘယ်လိုခွဲတတ်တော့မှာလဲ။

++++++++++++++

ကျွန်တော့် သားသမီးတွေကိုလည်း တူညီတဲ့ အနေအထားတစ်ရပ် ၊သူရုန်းကန်ရှင်သန်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်မှာ အားခွန်တွေ ပြည့်ဝလာစေချင်ပါတယ်။ ကလေးတွေဟာ လို တ ရနေလို. မဖြစ်ပါဘူး။ တစ်နေ.နေ.တစ်ချိန်ချိန် ကိုယ်ဖြည့်ဆည်း မပေးနိုင်တဲ့ အနေအထားမှာ သူတို.တတွေ စိတ်ဓာတ်လူလားမမြောက်တဲ့ အဖြစ်တွေနဲ. လောက အလယ်မှာ ကျန်မနေစေချင်ပါဘူး။

ဒီနေ.ကလေးတွေကြည့်လိုက်တော့ အရာရာဟာ တစ်လုပ်စာဇွန်းလေးတွေနဲ. ဘေးမှာရပ်စောင့်နေတဲ့ ဆရာတွေ၊ ဂိုက်တွေ၊ ဒရိုင်ဘာတွေ၊ ကူဖေါ်လောင်ဘက်တွေကိုယ်စီနဲ.။ ဘယ်မှာလဲ။ ကိုယ့်အားကို ကိုးစိတ်။

တကယ်တော့ ကလေးတွေဟာလည်းစီမံခန်.ခွဲမှုကိုတတ်ရပါမယ်။ ရီစရာပြောနေတာမဟုတ်ပါဘူး။ ဒီနေ.အိမ်စာမပြီးရင် ငါဆော့လို.မဖြစ်ဘူး၊ ဒီနေ. ဆော.လိုက်ပြီး မနက်စောစောထ အိမ်စာလုပ်မလား၊မဆော့ပဲ အိမ်စာလုပ်မလား၊ ဒါဟာသူ.အရွယ်နဲ.တန်တဲ့ မန်းနေ.ခ်ျမန်.ပါ။

မိဘတွေထားရာနေစေရာသွား၊ မနက်ကျူရှင်။ ညကျူရှင်နဲ. ဘ၀လေးတွေ ကိုကြည့်ရတာ၊ မိဘတွေ ရဲ. ဆန္ဒဇောတွေအောက်မှာ ကိုယ်တိုင်လှုပ်ရှားရုန်းကန်ခွင့်မရှိတဲ့ ကလေးတွေကို မြင်ရတာ ရင်နာစရာကိစ္စပါ။ ကျွန်စနစ်ဟာ ကလေးတွေဆီများရောက်နေ သလားထင်ရပါတယ်။ စေတနာတရားဟာ တခါတခါ ဘောင်ချဲ.လွန်းနေလေသလား။

ကျွန်တော်လည်း သားလေးမွေးရင် ဘုန်းကြီးကျောင်းမှာထားချင်ပါတယ်။

+++++++++++++

ကျွန်တော်ကတော့ တူတွေကို တွယ်ပါတယ်၊ ဒါကို လောကဓံနဲ.ပေးတွေ.ခြင်းလို. နာမည်ပေးထားပါတယ်။ ကလေးဟာ အတွယ်မခံချင်ရင် ကြိုးစားရပါလိမ့်မယ်။ မဟုတ်တာလုပ်ရင် ပြစ်ဒဏ်ရှိတယ်ဆိုတာ သိနေရပါမယ်။ လူ.လောက ဆိုတာက ပိုက်ဆံပေးလိုက်လို.၊ ကန်တော့လိုက်လို. သားသားလေးရေ၊ မီးမီးလေးရေ လို. ဖြစ်သွားသူတွေ နဲ.ချည်းကြုံမယ်ဘယ်ပြောနိုင်ပါ့မလဲ။ တနေ.နေ. ဒီကလေးဟာ သူမစွမ်းနိုင်တဲ့။ သူ.မိဘမစွမ်းနိုင်တဲ့ လောကရဲ. နာကျင်မှုနဲ.ကြုံကိုကြုံမှာပါ။ အဲဒီအချိန်မှ နာရင် ပိုဆိုးမှာပါ။

ကလေးတွေ ကိုယ်တိုင်လည်းလှုပ်၇ှားရုန်းကန်ရခြင်းကို ကြိုက်ပါတယ်၊ အဲ၊ ဂိမ်းထဲမှာ ဖြစ်နေတာတစ်ခုပါပဲ။ သူတို.ရဲ့ လွတ်လပ်ခွင့်မရှိတဲ့ထွက်ပေါက်ကို ဂိမ်းထဲကိုဦးလှည့် လိုက်ကြလေရဲ.။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၁) (မင်းတို. စောက်လက်တွေ)

ဆရာမောင်သစ်မင်းက ကလေးတို. မနက်ဖြန် ဆိုပြီး စာအုပ်တစ်အုပ်ထွက်ဘူးပါတယ်။ လူငယ်တွေကို ကြည့်လိုက်တော့ လူတစ်လုံးသူတစ်လုံးဖြစ်လာဖို. မနက်ဖြန်ဟာလုံလောက်ပါ့မလား။ ကျွန်တော်တို. တွေးကြည့်ဖို.လိုနေပြီလို. (ရိုးရိုးသားသား) ခံစားမိတာနဲ.ပဲ ကလေးတို. သဘက်ခါကို ရေးဖို.ဆုံးဖြတ်လိုက်ပါတယ်။ ပြောနေကျရှိတဲ့အတိုင်း အယူအဆဆိုတာ တူခဲပါတယ်။ လွတ်လပ်စွာကွဲလွဲခွင့်နဲ. ပြောလာတဲ့ဆွေးနွေးချက်တွေကို လေးစားစွာလက်ခံပါတယ်။ ငါ့စကားနွားရပြောလာရင်တော့ ရမ်းချင်သလိုရမ်းဖို. ၀ါးလုံးတစ်ချောင်းသာဝယ်ထားပါလို.ပဲ ကြိုတင်ပြောထားပါတယ်။

+++++++

ဖေ့စ်ဘုတ်မှာ တင်ထားတဲ့စာသားတစ်ခုကို အူထဲကယားလာတာကစရမှာပါ။ ဘာတဲ့။ မင်းတို.စောက်လက်တွေ tag မလုပ်ပဲမနေနိုင်တော့ဘူးလားတဲ့။ ပြုံးရမှာလား ၊ ငိုရမှာလားတောင်မသိတော့ပါဘူး။ လူ.အသိုင်းအ၀ိုင်းမှာ ဟင်းကောင်းတစ်ခွက်ချက်ရင် အိမ်နီးချင်း ခင်မင်တဲ့သူတွေကို ဝေငှကြတဲ့ဓလေ့လေး ၊ စာအုပ်ကောင်းလေးတွေ.ရင် ၀ါသနာတူတွေကို လက်ဆင့်ကမ်းတတ်တဲ့ ဓလေ့လေး ဟာ ဒီစကားတစ်ခွန်းအောက်မှာ ခေါင်းငုံ. ခံသွားရပါပြီ။

ကျွန်တော်တို.ဟာ ရိုင်းစိုင်းမှုတွေ နှုတ်ကြမ်းမှုတွေကို လက်သင့်ခံထားကြတဲ့ လူအဖွဲ.အစည်းလား။ ကျွန်တော်တို. ယဉ်ကျေးမှုက ဒီလိုမျိုးလား။ ခင်စရာကောင်းတဲ့၊ သဘောမနောကောင်းတဲ့ ကောင်မလေး တစ်ယောက် တွေ.ဘူးပါတယ်။ ဒါပေမယ့် သူ.ရဲ.ဂျီတော့ မတ်ဆေ့ခ်ျမှာ တင်ထားတာတော့ေ-ာက်ချင်း မိုးမွန်နေပါတယ်။ ဒီလိုကြမ်းတမ်းတဲ့စကားသုံးတာဒီခေတ်ရဲ. ယဉ်ကျေးမှုပုံစံတစ်မျိုးလား။

အဲလိုဆဲမှသင့်တော်မယ့်သူတွေလည်းလောကမှာရှိနေမှာပါ။ ဒါပေမယ့် အခြားသော လေးစားအပ်သော ပုဂ္ဂိုလ်များ ရှိနေခဲ့မယ်ဆိုရင် သူ.ကိုဘယ်လိုမိန်းကလေးလို.သတ်မှတ်မှာလဲ။ မဆဲပေမယ့် ယုတ်ညံ့သောသဘောရှိတဲ့သူတွေလောကမှာ ပုံလို.လို. အကြောင်းပြချက်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူ.ရဲ့အတွင်းစိတ်မှာ ဒီလိုဆဲလိုက်ရတာ၊ဒီလိုကြမ်းလိုက်ရတာကို မကောင်းပါလားလို. သိမနေခဲ့ရင်၊ သာမန်ပြောရိုးပြောစဉ်လို. ထင်နေခဲ့ရင် ၊ ဒီလို သုံးတတ်တဲ့ကလေးတွေများလာခဲ့ရင်၊ …………….


+++++++++

ယဉ်ကျေးမှု အရာမှာတော့ အရှေ.ဟာ အနောက်ရဲ့ လက်ဝေခံမဟုတ်ပါဘူး။ အရှေ.တိုင်းမှာသူ.နှုန်းစံတွေ ၊သူ.တန်ဖိုးတွေ၊ သူ.ကျင့်ဝတ်တွေနဲ. ဖြည့်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီကျင့်ဝတ်တွေကို လိုက်နာရမယ်လို. မျက်စေ့မှိတ်မအော်ရဲပါဘူး။ ယဉ်ကျေးမှုဟာ သူ.သဘောသူဆောင်တာပါ။ ကိုယ်ကလုပ်ယူလို. ရသည့်တိုင်ရလာဒ်က မှန်းထားသလိုဖြစ်ချင်မှ ဖြစ်တာပါ။ ဘာလို.လဲဆိုတော့သူက နှစ်လမ်းမောင်းပါ၊နှစ်လမ်းသွားပါ။ ကိုယ်ကသူများဆီက ယူသလို သူများက ကိုယ့်ဆီက ရသွားနိုင်ပါတယ်။ (နောက်ပိုင်းမှာ ဆက်ရှင်းပါ့မယ်)

လူ.အသိုင်းအ၀ိုင်းတည်ဆောက်ရမှာ ကော်လိုပါတယ်။ အဲဒါကတော့ ကျင့်ဝတ်ပါ။ အရင်က ရုပ်ပိုင်းဆိုင်ရာသန်မာမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ သန်မာမှုတွေကို အာသာငမ်းငမ်းရှာခဲ့ကြတဲ့ အနောက်ကမ္ဘာဟာ အခုတော့ အက်သစ်၊အက်သစ်၊အက်သစ်နဲ. တဖွဖွအော်သံတွေကျယ်လာပါပြီ။ အနောက်က လူတွေ အခုမှသိလာတဲ့ ကျင့်ဝတ်သိက္ခာဟာ အရှေ.မှာ မဆန်းတော့တဲ့ ဘာသာရေး ထုံးတန်းတွေ အနေနဲ. အမြုတေလို အောင်းနေတာပါ။

ဥပမာပေးရရင် ကျွန်တော်တို.ဆီက သံဃာ့ အဖွဲ. အစည်းကိုပဲပြရမှာပါ။ အဖွဲ. အစည်းတစ်ရပ် ခိုင်မြဲဖို.ဆိုရင် အမြင်တူဖို.နဲ. အကျင့်တူဖို.ကအရင်ပါ။ သူတို.ဆီမှာ အဲဒါတွေ အတွက် ဗီးရှင်းတွေ၊မစ်ရှင်တွေ ထားပြီးဆောင်ရွက်နေရတာပါ။ ကျွန်တော်တို. သံဃာ့ အဖွဲ.အစည်းမှာ အကျင့်၊ အမြင်တွေတူလို. သာသနာ နှစ်ထောင့်ငါးရာကျော်လာသည့်တိုင် ကျစ်လစ်သော အဖွဲ. အစည်း အဖြစ်ရှိနေတာပါ။

ပြောချင်တာက သူတို.ဆီမှာ အခုမှသိလာတဲ့ကျင့်ဝတ်ကို ကျွန်တော်တို. လူ.အဖွဲ.အစည်းက ဘေးကိုပို.ဖို.များစဉ်းစားနေပြီလား၊ ဘေးကိုများပို.ထားလိုက်ပြီလားလို. ယူကျုံးမရဖြစ်မိတာပါ။
+++++++

စောစောက ယဉ်ကျေးမှုဟာ နှစ်လမ်းသွားလို. ပြောထားပါတယ်။ ကျွန်တော်တို.ဆီကို အနောက်က ယဉ်ကျေးမှုတွေ ၀င်လာတဲ့ အခါ ဇွတ်တံခါးပိတ်ထားလို.မရပါဘူး။ ကျွန်တော်ငယ်ငယ်ကကြားဘူးသလို (နယ်မှာပါ) သမီးကို သင်္ကြန်မှာ ဘောင်းဘီမ၀တ်ရလို. တားထားတော့ သမီးလုပ်သူက သူငယ်ချင်းအိမ်ရောက်မှ ဘောင်းဘီရှည်လဲဝတ်ရင် ခက်ရချည်ရဲ.။

ကျွန်တော်တို. တံခါးပိတ်မရတဲ့ အခါ ဘာလုပ်ရမလဲ။ သိနေအောင်လုပ်ပေးရပါမယ်။ အကြောင်းအကျိုး၊အကောင်းအဆိုး ခွဲခြားသိနိုင်တဲ့ ပညာကို ကလေးတွေကို ပေးပါ။ ကိုယ့်ရဲ. ယဉ်ကျေးမှုကျင့်ဝတ်တွေကို ကလေးတွေမှာ အားကောင်းမောင်းသန်ဖွံ.ဖြိုးပါစေ။မြ၀တီမင်းကြီးက ပတ်ပျိုး၊ယိုးဒယားတွေဖွဲ.သွားတာ သူ.ယဉ်ကျေးမှုကို ကိုယ့် သဘာဝမှာ အဆင်ပြေအောင်သွတ်သွင်းသွားတာပါ။ ကိုယ်က ကိုယ်ခံအားကောင်းမှ ဒီလိုလုပ်လို.ရပါမယ်။

ကလေးဆိုတာက သဘောကျရင်ယူတတ်ပါတယ်။ ကျွန်တော်တို. ငယ်ငယ်က လူရာသွင်းမခံရတဲ့ စတီရီယိုတေးတွေက ဒီနေ.မှာ နေရာရနေပါပြီ။ ကျွန်တော်တို. လူရာမသွင်းချင်တဲ့ ဟစ်ဟော့ ကို လူငယ်တွေ အသည်းစွဲနေမှာအမှန်ပါ။ ဒါပေမယ့် ဆဲနေတဲ့ ဟစ်ဟော့တွေကျတော့ရော။

သူရို.ဂီတမှာဆဲတာက သူတို.နစ်ဂါတွေ( နီဂရိုးတွေ)ရဲ. ဖွင့်ထုတ်ပေါက်ကွဲမှုပါ။ ငွေဝယ်ကျွန်တွေ၊ လူမည်းလူဖြူလက်မထပ်ရဥပဒေတွေ၊ ခိုးဝှက်ရောင်းရတဲ့ဆေးဝါးတွေ ကြားထဲက ဂီတဟာ ဒီလိုပဲ ထွက်လာရမှာပါ။ ကျွန်တော်တို. ဆီကျတော့ရော………

ကျွန်တော် သားလေးမွေးလာခဲ့ရင် မအေ -ိုးေ-ာက် အဖေ လို.တော့ အဆဲ မခံချင်ကြောင်းပါ။