Monday, July 23, 2012

အတ္တများနှင့် ဆရာဝန် -၂


၇။ အမှန်တကယ် ပြောရန်ရည်ရွယ်ထားသည်ကို ကြားဖောက်၍ ပြောရပါမည်။ ဗဟိုချုပ်ထိန်းမှု ဖြေလျှော့ခြင်း Decentralization အကြောင်း ဖြစ်ပါသည်။ သိလွန်း၍ ပြောရသည်မဟုတ်ပါ။ သီအိုရီ မည်သို.ပင်ရှိသည်ဖြစ်စေ၊ 'ရှင်းရှင်းပြတ်ပြတ် စဉ်းစားမှု' ကို ဘေးသို. ဖယ်ထုတ်၍ ကြားဘူးနားဝနှင့် လုံးဝမကြားဘူးသူတို.၏ 'နားကိုရှုပ်တွေးစေရန်' ထင်ယောင်မှား ပြောနေကြခြင်းကို ဆင်ခြင်နိုင်စေရန် ရည်ရွယ်ပါသည်။ သီအိုရီများကို လည်း အခြေခံပါ။ တိုင်းပြည် လက်ရှိအနေအထားကိုလည်း မျက်ကွယ်မပြုပါနှင့်။ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်ကိုလည်း အသုံးပြုပါဟု အကြံပေး တိုက်တွန်းလိုပါသည်။

၈။ ဒီစင်ထရယ်လိုက်ဇေးရှင်း ဟု ပြောကြလျှင် အမှန်စင်စစ် Democratic Decentralization ကို ယေဘုယျ ဆိုလိုပါသည်။ ဖွင့်ဆိုချက်ကို အခြေခံ၍ ပြောရလျှင် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ တို.အကြား၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို.နှင့် ပြည်သူပြည်သားတို.အကြား ဆက်နွယ်မှု အစဉ်တစိုက် ဖွံ.ဖြိုးတိုးတက်မှု ဖြစ်စဉ်ပင်ဖြစ်ပါသည်။ (စာလေးလျှင်လည်း သည်းခံကြပါရန် တောင်းပန်အပ်ပါသည်) 'တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို.နှင့် ပြည်သူပြည်သားတို.အကြား' ဆိုသည့် စာသားကို အလေးအနက်ဆိုပါသည်။ ယနေ.အာရုံစိုက်ပြောနေကြခြင်းမှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းရေးကိုသာ အာရုံစိုက်၍ ပြောနေကြခြင်းဖြစ်ပါသည်။ တနည်းပြောလျှင် အာဏာယူမှုကိုသာ မြင်၍ တာဝန်ယူမှုကို မမြင်သည့်သဘောဟု ဆိုချင်ပါသည်။

၉။ ဒီစင်ထရယ်လိုက်ဇေးရှင်းကို ရိုးရိုးရှင်းရှင်း ဖွင့်ဆိုရလျှင် အခွင့်အာဏာ Authority တာဝန်ခံမှု Responsibility နှင့် စာရင်းရှင်းနိုင်စွမ်း Accountability တို.ကို လွှဲပြောင်းပေးအပ်ခြင်းပင်ဖြစ်ပါသည်။ နာမည်တပ်လျှင် သုံးမျိုး ရှိပါသည်။ အုပ်ချုပ်မှုဆိုင်ရာ၊ ဘဏ္ဏာရေးဆိုင်ရာနှင့် စီမံကွပ်ကဲမှုဆိုင်ရာ (Administrative, Financial and Political Decentralizations) တို.ဖြစ်ပါသည်။ အုပ်ချုပ်မှုဆိုင်ရာ ဗဟိုလျော့ခြင်းသည် တာဝန်ခံမှု (Functional Responsibility) ကိုပြောပါသည်။ ဘဏ္ဏာရေးဆိုင်ရာ ဗဟိုလျော့ခြင်းသည် အရင်းအမြစ်များ (access to resources) ကိုပြော၍ စီမံကွပ်ကဲမှုဆိုင်ရာဗဟိုလျော့ခြင်းသည် စာရင်းရှင်းနိုင်စွမ်း (Accountability) ကို ဆိုလိုပါသည်။ အကြမ်းမျှပြော၍ မိမိတို.နှင့် ဆိုင်ရာ ကျန်းမာရေး ကိစ္စကိုသာ ပြောပါမည်။

၁၀။ ကျန်းမာရေးဆိုင်ရာကိစ္စတို.တွင်လည်း အုပ်ချုပ်မှုအာဏာကို အသုံးပြုရသော ကိစ္စတို.ရှိပါသည်။ ဘဏ္ဏာရေးဆိုင်ရာကိစ္စတို.ရှိပါသည်။ စာရင်းဇယားဆိုင်ရာ ကိစ္စများရှိပါသည်။ အကယ်၍ ဒီစင်ထရယ်လိုက်ဇေးရှင်းလုပ်မည်ဆိုလျှင်လည်း ထိုကိစ္စရပ်များသည် ဆေးရုံဆေးခန်းဆိုင်ရာတာဝန်ခံများဆီသို. 'အလုံးစုံ ပုံ၍' ရောက်လာမည်မဟုတ်ပဲ ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်သာ ခွဲဝေပေးအပ်ရမည်ဖြစ်ပါသည်။ နောက်မှလာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲမည်ဟု မဆိုချင်သော်လည်း ယနေ. သုံးရပ်သောအာဏာခွဲဝေ ကျင့်သုံးမှုတွင် အသားမကျသေးသော (မျက်စိမှိတ်ငြင်းလိုက ငြင်းပါလေ) အနေအထားတွင် ကျန်းမာရေးဆက်တာအတွက် ရင်လေးရပါသည်။ ဒီစင်ထရယ်လိုက်ဇေးရှင်း၏ အနှစ်သာရမှာ ပြည်သူပြည်သားတို.အတွက် transparency, accountability ရရှိရန် ဗဟိုနှင့် ပြည်သူဝေးကွာနေမှု လျော့နည်းရန်အတွက် ဒေသအာဏာပိုင်တို.၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်သာဖြစ်ပါသည်။ ဆရာဝန်နှင့် ပြည်သူ citizen တိုက်ရိုက်ထိတွေ.မှုတွင် 'အသားကျနှင့်ပြီးသော ကျန်းမာရေးနယ်ပယ်' တွင်မူ လုပ်ပိုင်ခွင့်အာဏာ၊ ဘဏ္ဏာရပ်ဆိုင်ရာ၊ စာရင်းဇယားဆိုင်ရာတို.တွင် ဒီစင်ထရယ်လိုက်ဇေးရှင်းမှ ထူးခြားသော ဖွံ.ဖြိုးမှု ရနိုင်ပါမည်လော ဆင်ခြင်သင့်ပါသည်။ (ဒီစင်ထရယ်လိုက်လုပ်ခြင်းကို ငြင်းပယ်နေခြင်းမဟုတ်ပဲ ကျန်းမာရေးနယ်ပယ်အတွက် စဉ်းစားနေခြင်းဖြစ်ကြောင်း သတိချပ်ပါလေ)

၁၁။ အထူးသဖြင့် ဒီစင်ထရယ်လိုက်လုပ်ခြင်းသည် ကွဲပြားခြားနားသော ဒေသအသီးသီးရှိ ပုဂ္ဂလိကဆိုင်ရာတို.အတွက် accountability ဖွံ.ဖြိုးစေရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်။ ဥပမာဆိုသော် စိုက်ပျိုးရေးဖွံ.ဖြိုးသော ဒေသနှင့် တောင်ပေါ်ဒေသတို.အတွက် မူဝါဒ၊ အခွန် စသည်တို. တူညီနေရန် မဖြစ်နိုင်၍ လိုအပ်သော အခွင့်အာဏာတို.ကို 'သူ.အရပ်နှင့် သူ.ဇာတ်' မျှတစေရန်ခွဲဝေပေးရခြင်းကို 'ဗဟိုချုပ်ကိုင်မှု တင်းကြပ်လွန်းသည်ဟု အော်ဟစ် အပြစ်တင်၍ ကောင်းသည့် စကားလုံးများသုံးကာ' ပြောချင်ရာပြောနေခြင်းသည် အင်မတန်ရှက်စရာကောင်းပါသည်။ ဆရာဝန်သည် ဆေးကုသခွင့် မရှိလျှင်ပြောပါ။ ပိုက်ဆံမရခြင်းသည် ခွဲမပေး၍ မဟုတ်ပါ။ မရှိ၍ မရခြင်းသာဖြစ်သည်။ ကျန်းမာရေးအတွက် ရသမျှဘတ်ဂျက်ကို 'ဆေးများစုပြုံဝယ်ကာ ဆေးကုသရေးအတွက်ပဲသုံးမည်' ဟု ကလေးပေါပေါသည့် အတွေးနှင့် ဒီစင်ထရယ်လိုက်လုပ်မည်ဆိုလျှင်တော့ လူရီပါလိမ့်မည်။ ဆရာဝန်သည် ဆေးကုသရပါမည်။ သို.သော် ဆေးကုသခြင်းသက်သက်သည်သာ ဆရာဝန်အလုပ်မဟုတ်ပါ။ ဖိုင်နယ်ပါ့ဝမ်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာတွင်သင်ခဲ့သော တီအမ်အို၏ တာဝန်ဝတ္တရားများကို မေ့ကုန်ကြပြီထင်ပါသည်။ ထိုတာဝန်ဝတ္တရားတို.ကို လုပ်ပိုင်ခွင့်မရှိလျှင်အော်ပါ။ ကျန်းမာရေးဘတ်ဂျက်ကို ပြည်နယ်အရေအတွက်၊ ဆေးရုံအရေအတွက်နှင့်စားကာ 'ဒီငွေတွေ တို.လက်ထဲထည့်ပါ၊ ငါတို.လုပ်ပြပါ့မယ်' ဆိုသည့် စကားမျိုးကိုကြားရသည့်အခါ ဘာပြောရမည်ပင်မသိပါ။ အခွင့်အာဏာ၊ ငွေကြေး စသည်တို.ကို ခဏဘေးဖယ်၍ တာဝန်ခံမှုလေးတစ်ခုလောက်ပဲ ကြိုးစားကြည့်ပါဟု တိုက်တွန်းလိုပါသည်။ ရွဲ.သည်မဟုတ်ပါ။ ဗဟိုသို. တက်လာသော စာရင်အင်းများကိုပင် မည်သို.အပူတပြင်း ဖြည့်ခဲ့သည်ကို ကိုယ့်ဘာသာသိပါသည်။ ကိုယ် ငွေကြေးဆိုင်ရာစာရင်းဇယား မနိုင်တာ ကိုယ်ပဲသိပါသည်။ တို.က ဆရာဝန် ၊ဒါတွေ မဆိုင်ဘူးပြော၍ မရပါ။ ဆရာဝန်တစ်ယောက်သည်အရာရှိဝန်ထမ်းတစ်ယောက်၏ တာဝန်ပါယူရပါမည်။ ဖြေရှင်းနိုင်ပါသလားဟု ရိုးရိုးသားသား တွေးကြည့်စေလိုပါသည်။ ပြီးမှ ဒီစင်ရယ်လိုက်လုပ်ရန်စဉ်းစားပါလေ။

၁၂။ ဒီစင်ထရယ်လိုက်ဇေးရှင်းသည် ပညာရပ်တစ်ခု ဖြစ်ပါသည်။ ဒီဇိုင်းဆင်ရပါသည်။ ပရောဂျက်ဆွဲရပါသည်။ 'ရော့၊ အင့်' ဟု လုပ်၍ မရသည်ကိုသိစေချင်ပါသည်။ လွယ်လွယ်တွေး၊ လွယ်လွယ်ရေးကာ ပြည်သူကို အသိမှားအမြင်မှားပေး၍ ပြောချင်သလိုပြောနေလျှင် လူနာအသက်ဆုံးသည်ထက် ပို၍ နစ်နာပါသည်။ တိုင်းပြည်ကိစ္စဖြစ်ပါသည်။ မသိသည်ကကိစ္စမရှိပါ။ သိအောင်ကြိုးစားလျှင်ရပါသည်။ လွယ်လွယ်ပြောသည်ကိုတော့ မကြိုက်ပါ။ အထူးသဖြင့် ကိုယ်နားမလည်သောကိစ္စရပ်များကို 'လေဖမ်းဒါန်းစီးကာ' ငါသာအသိငါသာအတတ်လုပ်နေသော အတ္တများနှင့် ဆရာဝန် အချို.အား တောင်းပန်လိုက်ရပါသည်။

(ဆက်ပါမည်)

No comments: