Monday, July 23, 2012

လောကကို စောင့်ရှောက်သော မျက်လုံးများ

၁။ (အတိအကျမဟုတ်သော်လည်း) ဆရာမောင်သာချို၏ သမီးဖတ်ဖို.စာစုများထဲမှခေါင်းစဉ်ဖြစ်ပါသည်။ အထူးကုဆေးခန်းတစ်ခုဝယ် တုံကင်ဖြင့် တန်းစီနေကြသော လူနာများကို ဖြတ်ဝင်ကာ စာရေးမလေးအား 'ရှယ်' ရမလားဟု မေးခဲ့သော စိနလူမျိုးတစ်ယောက်အကြောင်းပင် ဖြစ်ပါသည်။ ပူပင်ရေးတို.ဖြင့် စောင့်နေကြသော လူနာများ၊ လူနာရှင်များက စူးစူးဝါးဝါး ကြည့်ကြသောအခါဝယ် ထိုလူမနေတတ်မထိုင်တတ်ဖြစ်ကာ ဆေးခန်းအတွင်းမှ ပြန်ထွက်သွားရသည့် အကြောင်းဖြစ်သည်။ ကိုယ့်အား တိုက်ရိုက် ထိပါးခြင်းမရှိသော်လည်း မသင့်တော်၊မလျော်ကန်သည့် (သို.သော် တရားစွဲဆိုမရသည့်) ကိစ္စများတွင် မျက်လုံးနှင့်ဖြစ်စေ သဘောမတူမှုကို ပြသင့်ကြောင်း ဆရာမောင်သာချိုက ရေးထားခဲ့ခြင်းဖြစ်သည်။ ထိုသို. အကြည့်များ၊ မျက်လုံးများကို ဆရာက 'လောကကို စောင့်ရှောက်သော မျက်လုံးများ' ဟု နာမည်ပေးပါသည်။

၂။ ကျင့်ဝတ်ကိစ္စသည် 'ဘွားဘွားပေါ်'နေသော အရာများရှိသကဲသို. အလွန်သိမ်မွေ.သော အရာများလည်းရှိပါသည်။ အလှူဝိုင်းဝယ် ပုဇွန်ခြောက်ချည်း ခပ်စားသော လက်များကို တရားစွဲ၍မရပါ။ သို.သော်လုပ်ကောင်းပါ၏လော။ ငါးပါးသီလကို မဖောက်သော်လည်း ဆာလောင်နေသည့် ကလေးကို ရှေ.ထားကာ စားစရာပွဲအလျှံအပယ်နှင့် ကြောင်တောင်ကြည့်ကာ စားကောင်းပါ၏လော။ ထို.အပြင် လူဆိုသည်မှာ ကာရိုက်တာဖြစ်ပါသည်။ type မဟုတ်ပါ။ ဆိုလိုသည်မှာ အမြဲဆိုးသွမ်းလာသော ဒေ၀ဒတ်ပင်လျှင် ကောင်းသည့်တစ်ချိန်တော့ ရှိပါလိမ့်မည်။ ထို.အတူ အမြဲကောင်းနေသူလည်း မရှိပါ။ အမြဲဆိုးနေသူလည်းမရှိပါ။ (ပုထုဇဉ်များကိုသာ ဆိုလိုပါသည်) ထိုအခါ ကျင့်ဝတ်ဆိုင်ရဂာ မေးခွန်းလေးတစ်ခုနှင့် လူ.သဘောကို ကောက်ယူရခက်ပါသည်။ မရဟုမပြောပါ။ သိသာထင်ရှားသော ကိစ္စများ၊ ပြတ်ပြတ် ထင်ထင် ရှိနေသော ကိစ္စများ တွေ.ကောင်း တွေ.နိုင်ပါသည်။ ခက်ကြောင်းကို သာ ပြောလိုရင်းဖြစ်ပါသည်။ ၃။ ဘွားဘွားပေါ်နေသော ကျင့်ဝတ်ကိစ္စများကို (လက်တွေ.ဘ၀တွင်) တွေ.သည့်တိုင် သူရို.၏ ကာရိုက်တာကို ပြန်ကြည့်ရပါမည်။ ခွင့်လွှတ်ထိုက်သော ကျင့်ဝတ်လော၊ တစ်ကြိမ်မှားသည်ဖြစ်သည့်တိုင် ခွင့်မလွှတ်ထိုက်သော (ကလေးဖျက်ချပေးခြင်းကဲ့သို.သော) ကျင့်ဝတ်လော စသည်ဖြင့် ကြည့်ထိုက်သည်ဟုာူဆပါသည်။ ထို.အတူ တုံ.ပြန်ချက်ပေးရာဝယ် အထက်တိုင်ခြင်း၊ သတိပေးခြင်း၊ မသိချင်ယောင်ဆောင်နေခြင်းတို.သည် လူပုဂ္ဂိုလ်အလိုက် ဆောင်ရွက်ရမည်ဟုပင်ယူပါသည်။ (မိမိအယူဖြစ်ပါသည်၊ ကိုယ့်စကားကိုယ် တာဝန်ယူပါသည်) လူပုဂ္ဂိုလ်အလိုက်ဟူသည် အဂတိလိုက်ထားသော ပုဂ္ဂိုလ်အလိုက်ကို ဆိုလိုရင်းမဟုတ်ပါ။ ချစ်သော ပုဂ္ဂိုလ်၊ မုန်းသောပုဂ္ဂိုလ်၊ မသိသောပုဂ္ဂိုလ်၊ ကြောက်သောပုဂ္ဂိုလ် ဟူ၍ ခွဲခြင်းမဟုတ်ပါ။  သူ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာမြင့်မားမှု အတွက်ရည်ရွယ်သော ပုဂ္ဂိုလ်အလိုက် တုံ.ပြန်ခြင်းကို ဆိုလိုပါသည်။

၎။ ကျင့်ဝတ်ကိစ္စသည် 'ကိုယ့်ကိစ္စ' သာ ဖြစ်သည်။ သူရို.လည်း မကောင်းတာ လုပ်နေတာ ငါလည်း လုပ်လိုက်မဟဲ့ဟု လုပ်၍မဖြစ်ပါ။ သူရို.မကောင်းတာ ကိုယ်မြင်ထားသော်လည်း သူရို.ကောင်းထားတာ ကိုယ်မြင်ချင်မှ မြင်ခဲ့ပါမည်။ အထက်လူကြီး မကောင်းတာတွေ လုပ်နေတယ် ပြောမဖြစ် လို. အောင့်ခံနေရတယ်ဟု တွေးမိလျှင် ကိုယ့်ကို အောင့်ခံနေရသော ကိုယ့်တပည့်များရှိမရှိတော့ ပြန်တွေးစေချင်ပါသည်။ မြတ်စွာဘုရားရှင်ပြောသော စကားကို အမှတ်ရစေချင်ပါသည်။ ကိုယ့်ကိစ္စကို အရင်ပြီးအောင်လုပ်ပါ ဟူ၍ ဖြစ်ပါသည်။ ဘုရားရှင်က ရဟန်းကိစ္စကိုပြောခြင်းဖြစ်သော်လည်း ကျင့်ဝတ်ကိစ္စအတွက် ယူသုံးလိုပါသည်။ 'မင်း ငါးမျှားနေတာ ငါမြင်တယ်၊ ဆရာတော်ကြီးတိုင်မယ်။' 'ဟာမင်းကဘယ်ကနေမြင်တာလဲ၊' ' ငါ ပျားဖွတ်ရင်း မြင်တာ' ဆိုလျှင်တော့ မဟုတ်သေးပါ။

၅။ ဆရာအောင်သင်း၏ ဥပမာကို ခနခန ပြန်ပြောနေမိပါသည်။ ကေသရာဇာ ခြင်္သေ့သည် မြက်မစားရပါ။ သို.သော် မိသားစု၊ ဘ၀၊ သံယောဇဉ်တို.ဖြင့် ပူပန်ရှုပ်ထွေးလာရသောအခါ ခြင်္သေ့ မြက်စားကိန်း ကြုံလာနိုင်ပါသည်။ ထိုအခါ ' ငို၍စားပါ' ဟုသာ ပြောရပါမည်။ ခြင်္သေ့မြက်စားရသည်မှာ ငိုစရာကိစ္စဖြစ်ပါသည်။ အရသာရှိရှိ ၀မ်းပမ်းတသာ လုပ်နေ၍မရပါ။ (လုပ်နေသူများရှိပါသည်) မြက်ကို မဖြစ်မှသာ စားရပါမည်။ မြက်ကြိုက်သော ခြင်္သေ့များကိုလည်း သတိပေးရပါမည်။ 'မြက်စားခြင်္သေ့မျိုး' တည်ထောင်လာသူများအားလည်း ကာကွယ်ရပါမည်။

၆။ ပြောသမျှ ပြန်ချုပ်ပါမည်။ ကျင့်ဝတ်ကိစ္စသည် 'ကိုယ့်ကိစ္စ' ဖြစ်ပါသည်။ ထိုကိုယ်တွင် 'လောကကိုစောင့်ရှောက်သော မျက်လုံးများ' တပ်ဆင်ထားပါလေ။

၇။ ထိုထက်ပို၍ ဆိုရန်မရှိပါ။

No comments: