Monday, July 23, 2012

အဖေ

by Thet Ka Moenyo on Tuesday, July 3, 2012 at 12:06am 
 
 

အဖေနေမကောင်းနေခဲ့တာတော့ကြာပါပြီ။ အိုရခြင်း၊နာရခြင်းဆင်းရဲကို လက်တွေ.ပြသနေသလို အရိုးပေါ်အရေတင်နေတဲ့အဖေ့ခန္ဓာကိုယ်လေးကို ကြည့်ပြီး နိဗ္ဗိန္ဒ (စာလုံးပေါင်းမသေချာပါ) ခံစားချက်မ၀င်တောင်မှ ကြေကြေကွဲကွဲ စိတ်ကတော့ ၀င်ဝင်လာတတ်ပါတယ်။ နာတာကိုမပြောနိုင်၊ ခံစားရတာကိုမပြောနိုင်ပဲ ပြုစုပေးနေတဲ့အချိန်မှာ တစ်ခုခုပြောချင်နေသလို မျက်လုံးတွေကို စူးနေအောင်လှန်ကြည့်တဲ့အခါများမှာ ဘာလုပ်ပေးရမှန်းမသိ ဘာပြောရမှန်းမသိဖြစ်ရတာအကြိမ်ကြိမ်ပါ။

အိမ်ထောင်ကျနောက်ကျတဲ့အပြင် ကျွန်တော်ကလည်း အငယ်ဆုံးသားဆိုတော့ အဖေ့ကိုမှတ်မိတဲ့အချိန်မှာ အဖေက တော်တော်အသက်ရနေပါပြီ။ ဒါပေမယ့် ချောတုန်းပါ။ ငယ်ဘ၀ရဲ. သူရဲကောင်းပေါ့။ အမေက အိမ်ပြင်ထွက်လေ့မရှိတော့ ရွှေသွေးတို.၊ မိုးသောက်ပန်းတို. စာအုပ်တွေဝယ်ပေးတဲ့ အဖေကို အသစ်အဆန်းနဲ.များတွဲပြီး မှတ်ထားမိလေသလားမသိပါဘူး။ အဖေက ၀င်းဦးများ သဘောကျလေသလားမသိ။ နှုတ်ခမ်းမွှေးနဲ.ဘာနဲ.ပါ။ ချောတာတော့တော်တော်ချောပါတယ်။ ငယ်ငယ်က အရပ်ပြဇာတ်မှာ မင်းသားပေါ့လေ။မယ်ဒလင်လေးနဲ.ရိုက်ထားတဲ့ဓာတ်ပုံလေးတောင်ရှိသေးတယ်။ အလယ်တန်းကျောင်းသားဘ၀က ဆရာမကြီးတစ်ယောက် (အဖေနဲ.ရွယ်တူဆိုတာ အသက်တော်တော်ကြီးပါပြီ၊ ပင်စင်ယူကာနီးပေါ့) က မင်းအဖေငယ်ငယ်တုန်းက ချောလွန်းလို. ငါတို.သွားတောင်ချောင်းကြည့်ရတယ် ဆိုတော့ ရှက်ခဲ့တာအမှတ်ရသေးတယ်။

အဖေချောတယ်ပြောတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပြောလိမ့်ဦးမယ်။ ဆရာမြသန်းတင့်ကတောင် သူ.သူငယ်ချင်းအကြောင်း ကလျာမဂ္ဂဇင်းမှာ ဆိုင်းဘုတ်ရေးသမား၏ ဝေဒနာဆိုပြီး စာရေးခဲ့ဘူးတဲ့အထဲမှာ မမေ့မလျော့ မင်းသားလိုချောတဲ့အကြောင်း ထည့်ရေးဘူးပါတယ်။ သူတို.နှစ်ယောက်တော်တော်ခင်ခဲ့ကြပုံပါပဲ။ ဟိုးအရင်ကတော့ စိတ်လိုလက်ရရှိရင် မြသန်း (သူခေါ်သလိုပါ) ဆိုတဲ့ကောင် ကောင်မလေးတစ်ယောက်ကိုကြိုက်လို. သူကွမ်းယာမှာ ပီယဆေးရေးပြီး စားခိုင်းတဲ့အကြောင်း၊ ဆရာမတွေ.လို. အရိုက်ခံရတဲ့အကြောင်းတွေ ပြောပြတတ်ပါတယ်။ သူ.သူငယ်ချင်းနဲ့အတူ တောခိုခဲ့ပေမယ့် သူကတော့နာမည်ကြီးမဟုတ်လေတော့ ခပ်တည်တည်ပဲမြို.ပေါ် ပြန်တက်လာတာပါပဲ။ သွေးကလည်း သိပ်နီဟန်မတူပါဘူး။အဟင်း။

တကယ်တော့လည်း သူ.ဘ၀က သနားစရာဆိုတာ အခု ပြန်တွေးမှ သိတာပါ။ အဖေလုပ်သူ (ကျွန်တော်တို.အဘိုး) က အမိန်.တော်ရ ရှေ.နေမင်း။ ခုခေတ်မဟုတ်ဘူးနော်၊ အင်္ဂလိပ်ခေတ်ကဆိုတော့ သိပ်ချမ်းသာပါတယ်။ ပခုက္ကူမှာ ပထမဆုံးဂျစ်ကားစီးတာတဲ့။ လက်ပံခြေပေါ်ဘက်မှာ လယ်တွေ လက်ညိုးထိုးမလွဲဆိုပဲ။ ပြည်သူပိုင်သိမ်းတဲ့အထဲပါသွားတာ ဟိုတစ်လောကမှ သိရပါတယ်။ သူကတစ်ဦးတည်းသောသား။ ဖတဆိုး။ သူ.အမေကျွန်တော်တို.အဘွားက သိပ်အလိုလိုက်ပုံပါပဲ။ ပန်းချီပညာကိုရန်ကုန်တက်သင်၊ ရန်ကုန် ရှုမ၀မဂ္ဂဇင်းမှာ စာပြင်ဆရာလုပ်ပါသေးတယ်။ နောက် ပခုက္ကူပြန်လာပြီး အမေနဲ.ညားတာပါပဲ။ အဖေက ၃၂၊ အမေက ရှိလှ ၁၆-၁၇ပေါ့။

အဖေက ကားတွေကိုလိုက်ပြီး ပန်းချီရေးတယ်၊ အမှန်တော့ကားဘေးတွေမှာစာလုံးအလှရေးရတာပါ၊ ဟီးနိုးတို.၊ ယဉ်သုံးတန်ကုန်သုံးတန်တို.ပါပဲ။ ဒီအရင်လည်း ရုပ်ရှင်ရုံ ကြော်ညာပိုစတာတွေရေးဘူးတယ်ပြောပါတယ်။ ကျွန်တော်တို. မမှီပါဘူး။ ရုပ်ရှင်ရုံပိတ်တော့ ကားနံပါတ်ပဲရေးရတာပေါ့။ သားသမီးကငါးယောက်။

အကုန်နီးပါး ကျောင်းသားတွေဆိုတော့ အဖေအတော်ရုန်းရတယ်လို. ပြောချင်ပေမယ့် မဟုတ်ပါဘူး။ သူကတော့ခပ်အေးအေးပါပဲ။ ကားနံပါတ်ရေးရင်း စကားတွေပြောနေတာပါပဲ။ အပြောကလည်းကောင်းဟန်တူပါရဲ.။ သူ.စကားကိုဝိုင်းနားထောင်နေကြဆိုပဲ။ အမေကတော့အိမ်မှာ ကလေးတွေနဲ.ဖတ်သီဖတ်သီ။ တကယ်တော့ အဖေဟာ ကြိုးစားရမယ်ဆိုတာတောင် မသိရှာလောက်အောင် အပြစ်ကင်းတဲ့သူတစ်ယောက်ဆိုတာ အခုမှတွေးမိပါတယ်။ ငယ်ငယ်ကတော့ အဖေ့အပေါ် မငြိုငြင်တောင် နားမလည်နိုင်ဖြစ်ခဲ့ပါတယ်။ အသက်တော်တော်ရလာတော့ ညီအကိုတွေ တစ်လှည့်ဆီ ကားနံပါတ်ရေးရင်း ကျောင်းတက်ကြပါတယ်။ အဖေနဲ.အတူတူအလုပ်သွား၊ အဖေကတော့ သိပ်မလုပ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို. ကျုံးလုပ်လိုက်တာ အဖေ့တုန်းက တစ်ပတ်ရေးရတဲ့ကားတစ်စင်းကို ကျွန်တော်တို.ညီအစ်ကို နှစ်ယောက် (တစ်ယောက်ကကျောင်းတက်ပေါ့လေ၊ညီအစ်ကိုလေးယောက်မှာတစ်ယောက်က ရန်ကုန်မှာရောက်နေပါပြီ) တစ်ညနေနဲ. အပြီးဖြိုပါတော့တယ်။

ဒီလိုနဲ. ကျွန်တော်တို.ကျောင်းတက်နေတုန်း အမေဆုံးပါတယ်။ အမေဆုံးတော့ အစ်မနဲ. အဖေ အိမ်မှာနှစ်ယောက်ထဲကျန်တာပေါ့လေ။ အမေမဆုံးခင်ကတည်းက သူ.ခြေထောက်က သိပ် သွားလို.မရတော့ပါဘူး။ အမေရှိတုန်းက လေ့ကျင့်ခန်းလုပ်ပါလို.ခနခန ပြောခဲ့ပေမယ့် သူကိုယ်တိုင်က ပျင်းပါတယ်။ စာပဲထိုင်ဖတ်နေတာ။ ကျွန်တော်တို.ဥာဏ်တွေက သူ.အမွေပေါ့။ ကျွန်တော်တို. အလုပ်ဝင်ဘာဝင်အချိန်မှာ သူ လမ်းသိပ်မလျောက်နိုင်တော့ပါဘူး။ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ပြီး ဦးစံရှားပေါင်းချုပ်ကြီး နှစ်အုပ်ကို ကြေမွသွားအောင်ဖတ်ပါတော့တယ်။

အဲဒီကတည်းက သူဝမ်းချုပ်တာပါ။ ကန်တော့ပါရဲ.။ လမ်းမှမလျောက်နိုင်တာ အိပ်ယာထဲမှာပဲသွားတာပါ။ အိမ်က အစ်မတစ်ယောက်ထဲဆိုတော့ အစ်မနဲ.တစ်ကျက်ကျက်ပါ။ နောက်ပိုင်းတော့ အစ်မက တော်တော်လေး အနွံတာခံပြီး ပြုစုပါတယ်။ ဖြစ်ချင်တော့ အစ်မက အဖြစ်ဆိုးကြီး တစ်ခုနဲ.ဆုံးပါးသွားခဲ့ရတာပါ။ ဒီတော့ ညီအစ်ကိုတွေ အဖေ့ကို ရန်ကုန်ခေါ်ထားရပါတော့တယ်။

ဝမ်းမသွားနိုင်လို. ၀မ်းချူချူပေးရပါတယ်။ ဒါတောင်မသွားလို. နေပြည်တော်ကနေ ရန်ကုန်ရောက်လို.ကြည့်တဲ့အခါ လက်နဲ.ပဲ ကိစ္စရှင်းပေးခဲ့ရတာ အကြိမ်ကြိမ်ပါ။ စကားလည်း သိပ်မပြောတော့ပါဘူး။ လေဖြတ်တာမဟုတ်ပဲနဲ. စကားနည်းသွားတာ သူ.ဦးနှောက်က တဖြည်းဖြည်း ယိုယွင်းလာနေပြီဆိုတာ ကျွန်တော်တို. ရိပ်မိခဲ့ဖို.ကောင်းပါတယ်။

နောက်ဆုံးအဖေ အစာမ၀င်တော့ဘူးဆိုလို. အောင်ရတနာမှာတင်တော့ ကျွန်တော်သွားခဲ့ရပါသေးတယ်။  နှာခေါင်းပိုက်တန်းလန်း၊ အောက်ဆီ၇ျင်ပိုက်တန်းလန်း၊ ဆီးပိုက်တန်းလန်းပေမယ့် စိတ်ထဲမှာ ကုသနေရတယ်ဆိုတဲ့ အသိနဲ. ထိထိခိုက်ခိုက်သိပ်မဖြစ်ခဲ့ပါဘူး။ အသက်ကလည်း ကြီးပြီလေ။ မီးဇာ ကုန်နေတဲ့သူတစ်ယောက်မှန်း သိနေခဲ့ပြီပဲ။ (မချစ်တတ်လို. မဟုတ်ပါဘူး။ ဒီထက်ဆိုးတဲ့ ဥပေစ္ဆေရ ကံနဲ. အစ်မကဆုံးပါးသွားတော့ အဖေ့ကိစ္စက လက်ခံထိုက်သောအရာလို. ခံယူမိကြတာပါ)

ထူထူထောင်ထောင်ဖြစ်လို. အိမ်ပြန်ခေါ်ခဲ့ကြပေမယ့် အဖေစကားမပြောနိုင်တော့ပါဘူး။ အိပ်ယာပေါ်မှာနေရတော့ ကျောပူနာတွေက အပြည့်နဲ.ပါ။ ဒူးကြီးက မဆန်.နိုင်ပဲကွေးနေတော့ အိပ်ယာပေါ်မှာ ဘယ်စောင်းနဲ.ညာစောင်း ပုံစံနှစ်မျိုးပဲရတာကိုး။ အိပ်ယာက မထနိုင်တော့ ရှူးပေါက်ချတဲ့အ၀တ်တွေ လဲတဲ့အခါ လူမရှိချိန်ဆို တစ်ယောက်ထဲလဲရတော့ ဆွဲအရွေ.အပြုမှာ အနာတွေထိခိုက်မိမှာပါပဲ။ မပြောနိုင် မညည်းနိုင်တဲ့လူတစ်ယောက်ဟာ အဖေဖြစ်နေတဲ့အခါ သူ.ဆင်းရဲတွေကို ဖြစ်ရတဲ့ကရုဏာတင်မက ကိုယ့်လက်ကိုပါ မုန်းမိတဲ့အဖြစ်ပါ။  ရှူးပေါက်လို. မြည်တွန်တောက်တီးမိတာက သူ.ကိုလုပ်ပေးရလို.မဟုတ်ပဲ တစ်ခါက မင်းသားလို နေခဲ့ရသူ (အမေက သူ.ကို တကယ် ဘုရင်တပါးလိုထားခဲ့တာပါ) အပေါ်မှာ မကြည့်ရက်လွန်းလို.ပါ။ နာရခြင်းဆင်းရဲကို တရားပြနေသလားလို.တွေးရင်း သူ.ဘေးမှာ ဂယောင်ကတမ်းနဲ. ၀င်လေထွက်လေ မှတ်မိသားမိပါသေးတယ်။

တနေ.ထဲမှာ ကိုယ်လက်သုတ်သင်ပေးတာ သုံးခါလောက်ဆိုတော့ ဘယ်လောက်ပဲ လက်အိပ်တွေ ၀တ်ဝတ် နှာခေါင်းမှာ အနံ.ကစွဲနေတော့တာပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ရန်ကုန်က မပြန်ခင်မှာတောင် လက်နဲ.ပဲဝမ်းချူပေးခဲ့ရပါသေးတယ်။

ခုနကတော့ အစ်ကိုတစ်ယောက်ဖုံးဆက်ပါတယ်။ အခြေအနေမကောင်းဘူးတဲ့။ ညီအစ်ကိုတွေ တိုင်ပင်တော့ သူ.ကိုဒီထက်ပိုပြီး မနာကျင်စေချင်တော့ပါဘူး။ ခုနကမှ ဖေ့စ်ဘုတ်စတေးတပ်မှာ တင်လိုက်မိသလို သေမင်းလက်ကနေ အဖေ့ကို ဆွဲဆက်လုတဲ့အခါ နာကျင်မှု သူ.အတွက်ဖြစ်စေမယ်ဆိုရင် ကျွန်တော်တို. မလုရက်တော့ပါဘူး။ ချစ်သူခင်သူတွေနဲ. ကွေကွင်းရတဲ့ဝေဒနာကိုကြောက်လို. ချစ်သူခင်သူတွေကို နာကျင်စွာနဲ. ဆက်လက်နေထိုင်ပါစေဆိုရင်တရားပါသလား။

အဖေဟာ တကယ်တော့ မီးဇာကုန် ဆီခန်းဖြစ်နေပါပြီ။ ဓားသွားထက်ထက်ပေါ်က ဆံချင်မျှင်စလေးလို အချိန်မရွေးပြတ်တောက်သွားပါတော့မယ်။ အဖေက ရန်ကုန်မှာ၊ ကျွန်တော်က နေပြည်တော်မှာ။ အဝေးဆီက အလန်.တကြားထမြည်မယ့် ဖုံးသံကိုစောင့်ရင်းနဲ. ကျွန်တော်ဒီစာကိုရေးနေပါတယ်။ ချစ်သူခင်သူတွေနဲ. ဝေးသောမျက်ရည်တွေ ကျွန်တော်တို. ကျခဲ့ဘူးပါပြီ။ ဆက်၍လည်းကျရပါဦးမယ်။ မနက်ဖြန် ရန်ကုန်ကို မသွားခင်စပ်ကြားမှာ ထမြည်မယ့်ဖုန်းသံကို မျှော်လင့်နေတာလား၊ မမျှော်လင့်ချင်ဘူးလား။

ဖြစ်နိုင်ရင်တော့ အဖေ့ကို မောဟနဲ. ထွက်ခွာမသွားစေချင်ဘူး။ ဒါပေမယ့်လည်း ဒီလိုကိစ္စဆိုတာက မကြုံခင်ကတည်းက ဘာဝနာနဲ. ထုံထားရတဲ့ကိစ္စပါ။ ကျွန်တော်တို.တတွေ ခဏလေးပူဆွေးမယ်၊ကြောက်လန်.မယ်၊ ပြီးရင်တော့ ဇနီးသားသမီး တွေနဲ. ဒီအပူဒီမီးကိုမေ့ကြဦးမှာပေါ့လေ။ ဖြစ်နိုင်ရင်တော့ ကျွန်တော် မမေ့တတ်ချင်ဘူး။ ကျွန်တော့် ကဗျာတစ်ပုဒ်မှာရေးဘူးသလိုပေါ့။ ကိုယ်ကိုယ်တိုင် မျက်ရည်မကျသူလည်း ဖြစ်လိုတယ်။ သူတပါးမျက်ရည်ကို သိမ်းဖယ်ပေးနိုင်တဲ့သူလည်း………………………….ဖြစ်လိုလှပါတော့တယ်။

(ဖေ့ဘုတ်မှာတင်ခဲ့တဲ့အချိန်ကို မဖျက်ပါဘူး၊ အဖေဆုံးတာက ၁၂နာရီ ၇မိနစ်ပါ)

No comments: