Friday, January 7, 2011

သက္ကမိုးညို၏ လက်ရွေးစင် အချစ်ကဗျာတစ်ပုဒ်

အချစ်ဆိုတာ ထင်သလောက်လည်းအရေးမပါပါဘူး
ခင်ဗျားတို.အတွက် ခါးမယ့်ဆေး
သကြားလေးတောင် မအုပ်ပဲကျွေးလိုက်တယ်။

အစကတော့ အချစ်ဆိုတာ မရှိမဖြစ် အရာပဲ
ပိုပြီး အဆင့်မြင့်လိုက်မှ
ဇိမ်ခံပစ္စည်းဖြစ်သွားတယ်။

ဝတ္တုတွေက အချစ်အကြောင်းပါမှ ဖတ်ကောင်းတယ်
ရေမွှေးပုလင်းလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် အချစ်နာမည်တတ်တယ်
ဖေဖေါ်ဝါရီ၁၄လည်း အချစ်နာမည်တတ်မှလူစည်တယ်
ဘာမှမဟုတ်ဘူး
လူတွေက အချစ်ကို အရသာခံချင်နေတာ။

ထိခိုက်ဝမ်းနည်းဖွယ်ရာတွေ လူတိုင်းမှာရှိတာပေါ့
ဒါကို တသသ လုပ်နေရင်တော့ ကြီးထွားလာမှာပဲ
ဒီလိုပဲ ဖြတ်သန်းနေကြတာပါပဲ
ငါ့ကျမှဖြစ်ရလေခြင်း လို.တွေးရင်တော့
အဲဒါကိုယ့်ကိုကိုယ် သနားတတ်တဲ့ရောဂါပဲ။

ပေါတောတောရုပ်ရှင်တွေထဲကလို
အိပ်ယာကြီးပေါ်တက်မျက်ရည်ကျနေတာက
ဇိမ်ခံနေတာပဲ
အချစ်ကိုခုတုံးလုပ်ပြီး
လူအသနားခံချင်စိတ်မွေး
ကိုယ့်အပျင်းကိုအားပေးနေတာ။

အစွန်းမရောက်ဖို.ပြောနေတာ
ဦးနှောက်သမားတွေက
အချစ်ကိုလှေကားတစ်စင်းလိုကြည့်တယ်
သူ.ကိုသုံး၊အပေါ်ဘယ်လိုတက်ရမလဲ ရှာတယ်
နှလုံးသား သမားတွေက
အချစ်ကို ဆိုဖာလိုသုံးတယ်
အားအားရှိ အဲဒီပေါ်တက်ခွေနေကြတယ်။

ကဗျာဆရာတစ်ယောက်ပြောဘူးတယ်
အချစ်ဆိုတာ
ဖန်တရာတေအောင် လူတွေပြစ်မှား
အပြောများလွန်းလို.
အပေါစားဖြစ်သွားတဲ့စကားတစ်လုံးတဲ့
ကဲ….စဉ်းစားမိတဲ့ အဖျားဖြတ်ဆေး
ခင်ဗျားတို.ကို လက်ဆင့်ကမ်းပေးလိုက်တယ်။ ။

No comments: