Thursday, November 24, 2011

ရှက်စရာ ဆရာဝန်များ

၁။ Health in Myanmar (2011) မှ အချက်အလက်များကိုပဲ ကိုးကားရပါမည်။ အများကြီးလည်းမပြောလိုပါ။ ၂၀၀၉-၂၀၁၀ တွင် မြန်မာနိုင်ငံလူဦးရေသည် ၅၉.၁၃ သန်းရှိပါသည်။ ၂၀၀၉-၂၀၁၀ တွင် မြန်မာနိုင်ငံ၏ health manpower သည် ဆရာဝန်ဦးရေ (public နှင့် Co-operative & private နှစ်ခုပေါင်း) ၂၄၅၃၆ ရှိပါသည်။ ၂၀၁၀ ဒီဇင်ဘာ စာရင်းအရ ဆေးသိပ္ပံပညာဦးစီးဌာနမှ ဆရာဝန်မွေးထုတ် စုစုပေါင်း ၂၉၀၀၄ ဦးရှိနေပါသည်။ စိတ်ပါဝင်စားလျှင် ဆရာဝန်၊လူဦးရေ အချိုး ချကြည့်နိုင်ပါသည်။ အချိုးသက်သက်သာ ဖြစ်ပါသေးသည်။ တကယ်တမ်း ကိုယ့်တာဝန်ကို အပြည့်ထမ်းဆောင်နေသော၊ ကိုယ့်စွမ်းအင်ကို အပြည့်အ၀ အသုံးချနေသော ဟု နာမ၀ိသေသန မတတ်ရဲသေးပါလေ။

၂။ ခြေဆင်းတစ်ခု ထပ်ဆင်းပါမည်။ (ခြေပဲဆင်းနေရပါသည်။ ၀င်ကချင်သော မင်းသားများ, များနေမလားမသိ။ ဆေးကျောင်းသားများ၊ ဟောက်ဆာဂျင်များပင် ခုနှစ်ထွေအကကလိုက်၊ ဆယ့်နှစ်ကြိုးကလိုက်၊ ဘီလူးက ကလိုက်လုပ်နေသောနေရာတွင် ချောင်ထဲမှနေ၍ ရွှေပြည်အေး'အက'လေး ၊ အောင်မောင်းခြေထိုးလေးဝင်လေ့ကျင့်သည်ကို သည်းခံကြစေချင်ပါသည်။) သင်ယူမှု၊ သင်ကြားမှုဝယ် ချိန်ရွယ်ပစ်ခတ်စရာ (ဦးတည်ချက်ထားစရာ) နယ်ပယ်ကြီးသုံးခုရှိသည်ဆိုပါသည်။ နားရှုပ်စရာနာမည်ကြီးများ မပြောတော့ပါ။ Knowledge, Skill နှင့် Attitude ဟု သမားစဉ်ဆိုခဲ့ကြပါသည်။ ဦးနှောက်၊ လက်နှင့် နှလုံးသားဟုလည်းဆိုကြပါသည်။ ဦးနှောက်သည် အသိဥာဏ်ဆိုင်ရာနယ်ပယ်၊ လက်သည် ကျွမ်းကျင်မှုနယ်ပယ်ဖြစ်ပြီး နှလုံးသားသည် ကိုယ်ရည်ကိုယ်သွေးနယ်ပယ်ဖြစ်ပါသည်။ မည်သည့်နယ်ပယ်သည် သင်ကြားရေး၊သင်ယူရေးအတွက် အခက်ဆုံးဖြစ်မည်ကို ပညာရှိကြီးများအား ရှင်းစရာလိုမည်မထင်ပါလေ။

၃။ အလုပ်မပေးနိုင်ပဲ ဆရာဝန်တွေမွေးထုတ်တယ်။ ထိုစကားသည် ဟုတ်သယောင်ရှိပါသည်။ အင်ဂျင်နီယာများ မြန်မာနိုင်ငံဝယ် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ.စာမေးပွဲ ၀င်ဖြေရသည်မှာကြာပါပြီ။ အခြားသော ဘွဲ.ရများသည်လည်း ၀င်ရောက်ဖြေဆိုရပါသည်။ ၀န်ထမ်းလောက သတင်းကိုနားထောင်ကြည့်လျှင် ခေါ်မည့်ဦးရေနှင့် ၀င်ဖြေရသည့်အချိုးကို သိနိုင်ပါသည်။ တက်လမ်းတွေ ရောင်းကောင်းနေသည်ကိုကြည့်ပါ။ ဆရာဝန်သည် ပြည်သူ.အတွက်လိုအပ်ချက်နှင့် မွေးထုတ်ရခြင်းဖြစ်ပါသည်။ ၀န်ထမ်းခန်.ထားခြင်းသည် ဖွဲ.စည်းပုံ၊ ဘတ်ဂျက် နှင့် လုပ်ရသော အလုပ်ဖြစ်ပါသည်။ အင်ဂျင်နီယာ၊ သစ်တော၊ ဘူမိစသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသည် မွေးသလောက် မခန်.နိုင်သည်မှာကြာပါပြီ။ ဆရာဝန်လောကသည်လည်း ထိုကဲ့သို. အနှေးနှင့် အမြန်ဖြစ်ရမည်သာ။ မွေးထုတ်များ၍ စောရောက်လာဖြင်းသာဖြစ်ပါသည်။ မွေးထုတ်များခြင်းသည် မှားသည်မှန်သည်ကို ဆွေးနွေးရန်က စောပါသေးသည်။ လက်ရှောင်ခြင်းမဟုတ်ပါ။(ကြောက်၍မဟုတ်ပါ၊ အရဲလွန်နေ၍ ခက်ပါသည်) အစိုးရကိုဖားခြင်းလည်းမဟုတ်ပါ။ ဤအတိုင်းခံစားရ၍ ဤအတိုင်းပြောခြင်းပါ။

၎။ လက်ရှိ ဆရာဝန် လူထုအချိုးကို အမြန်ဆုံး လျော့ချရန် မမွေး မဖြစ်မွေးရသောအခါ အဖိတ်အစင်ရှိပါမည်။ ထို အဖိတ်အစင်သည် အရေအတွက်ဖြစ်မည်ထက် အရည်အချင်းအရ ဖြစ်မည်ကို ဆရာကြီးတော်တော်များများ စိတ်ပူကြပါသည်။ သို.သော်လည်း နည်းပေါင်းစုံစဉ်းစား၍ အားစိုက်ကြပါသည်။ သို.သော် သင်ကြားရေးဟူသည် တစ်လမ်းသွားမဟုတ်ပါလေ။ ကျောင်းသားကိုယ်တိုင် အားအင်စိုက်ထုတ်ရသော ကိစ္စများစွာရှိပါသည်။ အထူးသဖြင့် တက္ကသိုလ်ပညာရေးသည် ဇွန်းဖြင့်ခွန်.သော ပညာရေး မဟုတ်သည်ကို သတိထားရန်( ကျောင်းသားများဘက်ကို) အထူးသတိပေးလိုပါသည်။

၅။ လိုဘ မပြည့်၍ အစိုးရကို ဆဲနေသည်ကိုနားလည်ပါသည်။ နိုင်ငံတော်ကို ချစ်လှ၍ဆဲရပါသည်ဟုတော့ နာမည်မတပ်ပါနှင့်။ အစိုးရ၀န်ထမ်းများသာ ဘွဲ.လွန်ဖြေခွင့်ရှိသည့် 'မူ ' ကြောင့် လုပ်ချင်မှန်းသိပါသည်။ ဒေါက်တာသန်းထွန်း ပြောနည်းကားပြောရလျှင် စေတနာ အချောင်းလည်းမမြင်ပါ၊ အပြားလည်းမမြင်ပါ။ လိုဘမပြည့်သူများက မကောင်းပြောနေခြင်းသာဖြစ်ပါသည်။ ချင်းပြည်နယ်ကို ချင်းလူမျိုး ဆရာဝန်ပင်မသွားချင်ပါ။ ယခု အလုပ်လိုချင်၍ ဆွေ.ဆွေ.ခုန်နေသူများကရော သွားချင်ပါမည်လား။ ပြောရသည်ကိုတော့ အားနာပါသည်။ မှန်ကန်စွာနေကြသော အခြားဆရာဝန်စစ်စစ်လေးများအား (စကားကြမ်းမိ၍ အားနာစွာတောင်းပန်ပါသည်။

၆။ ပြောလက်စနှင့်ဆက်ပြောပါမည်။ ဆရာကိုပြည့်ဖြိုး EC မူများအကြောင်းရေးတင်ပေးသည်။ မူဟူသည်ကို သိသင့်ရန်ရေးတင်ပေးခြင်းဖြစ်သည်။ အင်ဖေါ်မေးရှင်းကို လက်ထဲတွင်ကိုင်ပြီး လုပ်စားနေသူ မဟုတ်၍ ရေးတင်ပေးခြင်းဖြစ်သည်။ လိုဘမပြည့်သူများက ဟိုလိုမရဘူးလား၊ ဒီလိုမရဘူးလားနှင့် မေးသည်။ မူတွင်အရှင်းကြီးရေးပေးထားသည်ကို လာချုပ်သည်။ ရုံးပြင်ကနားဟု ယခင်ကဆိုရိုးရှိသည်။ ဘယ်လောက်ခက်ခဲသည်ကို ဘယ်ရုံးသွားကြည့်ကြည့်သိပါမည်။ စေတနာဖြင့်ရေးပေးသူကို ကိုယ့်ပရောဖက်ရှင်နယ်ထဲက ဒီလို ဗရီးဗယားလုပ်နေသည်မှာ ရှက်စရာကောင်းလှသည်။ မွေးထုတ်ပြီးလျှင် ခန်.ရမည်ဟု ဘယ်အစိုးရမှ ဘောင်းထိုးမထားပါ။ ပညာသင်ပြီး နိုင်ငံတာဝန် အနည်းဆုံးသုံးနှစ်ထမ်းဆောင်ပါမည်ဟု ဘောင်းထိုးစဉ်ကလည်း ကဂျိုးကဂျောင်ပြောသည်မှာ ထိုသို.သော ဆရာဝန်များသာဖြစ်သည်။ နိုင်ငံ့တာဝန်မထမ်းဆောင်လျှင် ဆမ ထုတ်မပေးဆိုစဉ်ကလည်း ကဂျီကဂျာပြောသည်မှာ ထိုသို.သော ဆရာဝန်များပင်ဖြစ်သည်။ ဆမ ကို သင်တန်းလေး တက်ပြီးထုတ်ပေးပြန်တော့လည်း သင်တန်းမတက်ပဲ အီးစီမရဘူးလားဟု မေးသည်မှာ ထိုသို.သောဆရာဝန်များပင်ဖြစ်သည်။

၇။ စေတနာနှင့် ၀င်ပြောသူကို အကြီးအငယ်မှန်းမသိ မင်းနဲ.ငါနဲ.လာသည်။ ငြင်းသည်နှင့် ရှင်းသည်ကွာပါသည်။ ဒေါသ ၊အဒေါသဖြင့်ခွဲလို.ရပါသည်။ တကယ်တော့ အဲသည်လို မေးနေသူများ၊ဆဲနေသူများသည် မွေးထုတ်ပေးလိုက်သော ဆရာဝန်များထဲမှ အဖိတ်အစင်များဖြစ်ပါသည်။ အက်တီကျုပိုင်းတွင် ဆရာဝန်ဖြစ်မလာသူများဖြစ်ပါသည်။

၈။ လူကြီးများစိုးရိမ်သော ကွာလတီတွင် (တက္ကသိုလ် အဆင့်တွင်) မတတ်သည်က စာဖတ်ရင်ရသည်။ မုဆိုးစိုင်သင် လေ့ကျင့်လျှင်ရသည်။ ဦးနှောက်နှင့် လက်သည် အလေ့အကျင့် အတွေ.အထိတွင်မူတည်သည်။ နှလုံးသားသည် ကိုယ့် ခံယူနိုင်မှု၊ အတွင်းသားပြုနိုင်မှု တွင်မူတည်သည်။ နှလုံးသားကွာလတီကို ဘယ်လိုလုပ်ကြမှာတုန်းဟုမေးရမည်။ လူကြီးတွေကိုမဆဲနဲ.။ကျူရှင်ထားပေးတဲ့အဖေအမေ၊ သွားကန်တော့ပေးတဲ့အဖေအမေကို အပြစ်တင်ဟုပြောရမည်။ အရာရာကို ငွေနဲ.၀ယ်ရမည်၊ ငွေရှိလျှင် အဆင်ပြေမည်၊ ဘယ်လို အဆင်ပြေပြေ 'ပြေဖို.ကလိုရင်းပဲ' ဟုသော အက်တီကျုများကို မိဘလုပ်သူများက သွင်းပေးလိုက်ကြသည်။ ကိုယ့်ထက်ကြီးသူများ(အစွမ်းရှိသူများက) ကိုယ့်ကိုကျောသွားတော့ ခံပြင်းခံခက် ဒေါသထွက်ကြသည်။ ယူတတ်ရင် တရားကျစရာ ဆေးလောကမှာရှိပါသည်ဟု ရှက်ရှက်နှင့်ရေးပါသည်။

၉။ ဦးရွှေအောင်၏ စာကို ကိုးကားပါရစေ။ ခွေးသွားစိတ်သည် ခွေးသွားစိတ် အလုပ်ကို လုပ်ခြင်းသည် မြင့်မြတ်သော အလုပ်ကိုလုပ်ခြင်း ဖြစ်သည်။ ခွေးသွားစိတ်သည် စတီယာရင် တာဝန်ကို ထမ်းဆောင်ရန်မလိုပါ။ ထိုသို.ထမ်းဆောင်ခြင်းသည် ယုတ်ညံ့သော အလုပ်ကိုလုပ်ခြင်းဖြစ်သည်။ အလုပ်တစ်ခု မြင့်မြတ်ခြင်း ၊နိမ့်ကျခြင်းသည် အလုပ်တာဝန်ကြီးသည်ငယ်သည်ပေါ်မတည်ပါ။ ကိုယ့်တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်း တွင်သာ တည်မှီနေပါသည်။ တိုင်းပြည်အတွက်သဲတစ်ပွင့်၊ ဘယ်မှာလဲမေးတော့ ထမင်းပန်းကန်ထဲမှာ ဆိုလျှင် နားကြား၍ မတော်ပါ။

၁၀။ စာမေးပွဲတွင် ဘယ်နည်းနဲ.မဆို (ဂိမ်းကစားသလို) အောင်အောင်လုပ်မည်ဟု ဆိုသူကဆိုလာသည်။ ရှင်းရှင်းပြောရလျှင် ငါယုတ်မာမှာပဲဟု တရားဝင်ထုတ်ပြောခြင်းသာဖြစ်သည်။ ကျောင်းသားဘ၀ ထိုသို.ကြိုးစားခြင်းသည် ကြောက်ရွံ.စိတ်ကြောင့်ဟု ခွင့်လွှတ်၍ ရပါသည်။ သို.သော် ရှက်စရာ ကိစ္စအား ရှက်ရကောင်းမှန်းမသိခြင်းကို ဘယ်လိုပြောရမည်ပင်မသိပါ။ သူတပါးအသက်ကို ကယ်မည့်သူများပါဟု ကျန်းကျိန်၍ ကုရသောခေတ်ကို တွန်းပို.နေသူများသည် ဘယ်သူများပါလဲဟု သတိဝင်တော်မူကြပါ။

၁၁။ အင်တာနက်ကို ကွန်ယက်ဆက်သွယ်ရေးဟု ဆိုကြသည်။ ကွန်ရက်ပင်မကတော့။ အထက်၊အောက်၊၀ဲယာ ဆုံချက်ပွိုင့်တွေက များလှသည်။ ကိုယ်ပြောသောစကားကို ဆရာကြီးများကြားလျှင် ငါတို. မွေးထုတ်ပေးလိုက်တာ ဒီလိုအက်တီကျုလေးတွေပါလားဟု ရင်နာလိမ့်မည်။ ငါးခုံးမ တစ်ကောင်နှစ်ကောင်ကြောင့် တစ်လှေလုံးလည်း အနံ.ထွက်သည်။ ဆန်စင်ရာ ကျည်ပွေ.လိုက်နေရတော့လည်း အပိုပင်ပန်းသည်။ လူတွေခက်သည်ဟုပဲပြောရမည်။ မပြောနဲ.မပြောနဲ.ဆိုတော့ ငြူစူသည်။ ပြောဆိုတော့ တောင်စင်ရေမရလျောက်ပြောသည်။ အဲ ၊တောင်စင်ရေမရပြောလျှင် လက်ခံနိုင်သေးသည်။ လိုချင်အတ္တကို နာမည်ကောင်းတပ်ပြီး လာပြောနေသည်။ ဘယ်သူဘာအကြံနှင့်ပြောသလဲ သိသူများက ရယ်ကြလိမ့်မည်။

၁၂။ ပညာရှိများ သတိမေ့နေမည်ထင်၍ အနည်းငယ်ဆိုပါမည်။ ပညာရေး (Education) ဟူသည် ဦးတည်ချက်ထားသော အမူအကျင့်ပြောင်းလဲခြင်း သာဖြစ်ပါသည်။ way of thinking၊ ပရော်ဖက်ရှင်နယ် အက်တီကျု စသည်တို.အကုန်ပါပါသည်။ အတတ်ပညာတစ်ခုတည်းတတ်ရုံမျှနှင့် ပညာတတ်ပြီဟု၊ ဆရာကြီးများအား ပခုံးချင်းယှဉ်ထိုက်ပြီဟု မမှတ်ယူစေလိုပါ။ ပညာသည် သိ၊ပယ်၊ဆိုက်ဟု ဆိုပါသည်။ သိသင့်သည်ကိုသိသည်နှင့် ပယ်သတ်သင့်သည်ကိုပယ်သတ်၊ဆိုက်ရောက်သင့်သည်ကိုဆိုက်ရောက်ပါသည်။ ပယ်သတ်သင့်သည်ကို မပယ်သတ်ပါက ထိုးထွင်းသိမဖြစ်နိုင်ပါ။ ထိုးထွင်းမသိပါက စာသမားသက်သက်သာ ဖြစ်ပါလိမ့်မည်။စောဒကတုဖက်လာလျှင်၊သူ.ထက်ငါငြင်းတဲ့လူစားမျိုး မဖြစ်စေချင်ပါ။

၁၃။ ကိုယ့်အားဆေးပညာသင်ကြားပေးသော ဆရာများအား မိဘသဖွယ်မှတ်ရမည်ဟု ဟေပိုကရေးတီး သစ္စာတွင်ပါသည်။ဆရာဝန်များ၏ အခြေခံအကျဆုံး အချက်လည်းဖြစ်သည်။ သို.ပါလျက် ရှက်စရာ ကောင်းလောက် အောင်ရေးသူကရေး၍ ကြိုက်သူက ကြိုက်သည်။ ရဟန်းဆိုလျှင် ပါဇိတ်အာပါတ် (မှားလျှင်ပြင်ပေးကြပါ) သင့်မည်။ တရားထူးရမည့်သူမဟုတ်ဟုဆိုရမည်။ သဘောထားကွဲလွဲခွင့် လူတိုင်းတွင်ရှိသည်။ မရိုင်းစိုင်းပဲ ကွဲလွဲ၍ရသည်။ အလွန်ဆုံး တင်းတင်းမာမာပြောလည်းရသည်။ ဘလိုင်းကြီးရိုင်းသည်ကတော့ လွန်သည်။ ယထာဘူဓ ကျကျ သဘောကွဲလွဲကြစေချင်သည်။ ငါနဲ.မတည့်လို. ငါ့အိုးပုတ်ပြန်ပေးဟု 'ကလေးပေါ' ပေါသော ဆရာဝန်ဖြစ်ရမည်ကိုတော့ သေမတတ် ကြောက်မိကြောင်းပါ။

၁၄။ ထို.ထက်ပို၍ ဆိုရန်ရှိလာပါက (အမုန်းခံ၍) ဆိုပါဦးမည်။ ။

No comments: