Friday, November 25, 2011

ကလေးတို. သဘက်ခါ (၁၁)(ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်)

ကျွန်တော်တို. ဘယ်သွားချင်သလဲ။ သွားချင်တဲ့နေရာကိုရောက်ဖို. ကျွန်တော်တို. ဘယ်နေရာကို ရောက်နေသလဲ သိကိုသိရပါ့မယ်။ တခြားနိုင်ငံတွေ တိုးတက်တာ တွေ.တယ်။ ကိုယ်က ရောက်ချင်တယ်။ ကိုယ် ဘယ်နေရာ ဘယ်အဆင့်ကိုရောက်နေသလဲ။ သိရပါ့မယ်။

ဒီနေရာမှာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် အပြစ်ပုံချနေတာဟာ အပြုခံစိတ်ဓာတ်ပါ။ ကိုယ်ကိုတိုင်က ဘာမှ မကြိုးစားပဲနဲ. သူတပါးကိုလက်ညိုးထိုးနေရတာမကောင်းပါဘူး။

အနာဂတ်ဟာ ဒီနေ. ကလေးတွေလက်ထဲမှာပါ။ ဒီနေ. ကလေးတွေရဲ့ အနေအထားကိုကြည့်တော့ မနက်ဖန်တိုင်းဟာ ကြေကွဲစရာပါ။ ဘယ်သူကြောင့်ဘယ်ဝါကြောင့် ပြောနေရတာဟာ အပြစ်တင်ဖို.ထက် ဒီလူတွေ အသိရှိလာစေဖို.ပဲရည်ရွယ်ပါတယ်။ ပညာရေးစနစ်မကောင်းဘူးဆိုပြီး အပြစ်တင်မနေပါနဲ.။ တကယ်က စနစ်ထက် လူပါ။ လူဆိုတာက အဝေးကလူတွေထက် အနီးက ဆရာမိဘတွေက ပိုတန်ဖိုးရှိပါတယ်။ ဒီမိုးဒီရေက ကိုယ်ပိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒီလူတွေကတော့ ကိုယ်ကစပြုပြင်ရမှာပါ။ ဒီမိုးဒီရေ ဒီလူတွေနဲ. ဒီတိုင်းပြည်ကို တိုးတက်အောင်လုပ်ရမှာပါ။ ဒီထဲမှာ ရှိတဲ့ ဒိလူတွေဟာ အရှိတရားပါ။ ဒီလူတွေထဲမှာ ခင်ဗျားလည်းပါပါတယ်။ မကောင်းတာကို နည်းနည်းမှ မလုပ်ဘူးဘူးလား။ နည်းနည်းမှ မဟုတ်တာ မလုပ်ခဲ့ဘူး။ ငါတို.က အနေသာကြီးဆိုရင် ကလေးတို. မနက်ဖြန်ကို ဆက်ဖတ်မနေပါနဲ.တော့။

++++++

မနက်ဖြန်ဟာ အချိန်မမှီတော့ပါဘူး။ ကလေးတွေ အတွက် ကြေကွဲစရာတွေနဲ. အပြည့်ပါ။ ဒါပေမယ့် မနက်ဖြန်ပြီးရင် သဘက်ခါ ကျန်နေပါသေးတယ်။ သဘက်ခါတော့ အချိန်မှီကောင်းပါရဲ့ ဆိုတဲ့ အတွေးနဲ. ကလေးတို. သဘက်ခါကိုရေးနေပါတယ်။

++++++++++

ဆရာကြီး ဒေါက်တာသန်းထွန်းက ဆေးဝယ်ရင်ဒီဆူဇာမှာ စိတ်ချရတယ်ဆိုတဲ့ ကြော်ငြာကို သိပ်ကြိုက်ပါတယ်တဲ့။ ဘယ်သူလာလာလှီးမှာပဲလို. ပြောင်ပြောင်ပြောနေလို.ဆိုပဲ။

ဒီလိုပါပဲ။ နားမှာ နားကွင်းတစ်ဘက်ထဲဝတ်ထားတဲ့ ကောင်လေးတွေ.ရင် သိပ်သဘောကျပါတယ်။ ငါ က ငတုံးဆိုတာ ပြောနေသလိုပါပဲ။ နားမှာ ၀တ်တာ ဘာဖြစ်လဲမေးရင်ဘာမှမဖြစ်ပါဘူး။ ဟိုတုန်းက မူးကြီးမတ်ရာတွေ နားတောင်းတွေ ၀တ်ခဲ့ကြတာပါ။ မြန်မာ့ယဉ်ကျေးမှုလို.တောင်ပြောလို.ရပါသေးတယ်။ အဟင်း။

အ၀တ် အစားဟာ ကိုယ်ဘာလဲ ဆိုတာ ပုံဖေါ်နေတယ်ဆိုတာမသိသေးရင် ဒီကလေးတွေဟာ ဖက်ရှင်ကို ပြင်မှာ မဟုတ်ပါဘူး။ ဆေးကျောင်းတွေမှာ ကလေးတွေ အ၀တ်ဝတ်ချင်သလိုဝတ်နေပါတယ်။ ဂျင်းဘောင်းဘီအပြဲ။ တီရှပ်နဲ. ဆေးကျောင်းသားတွေကို မြင်ရတာ ရင်ထဲကြေကွဲစရာပါ။ ကျွန်တော်တို. ကျောင်းတက်ခါစက ဆေးကျောင်းသားတွေကို လူထုကချစ်ကြပါတယ်။ သူတို.ကိုကြည့်ရင်လည်း နဖူးမှာ စာကပ်ထားသလိုပါပဲ ။ အရပ်သားလို ၀တ်ထားရင်တောင် အရမ်းသိသာပါတယ်။ ကျွန်တော်တို.ကျောင်းတက်တုန်းက ဆေးကျောင်းသား၊စက်မှုကျောင်းသား၊ တက္ကသိုလ်ကျောင်းသားပုံစံတွေက သီးခြားပုံစံလေးတွေနဲ.ပါ။

အရပ်သားနဲ.ဆေးကျောင်းသားခွဲခြားနေတာလားဆိုရင် တန်ဖိုးခွဲနေတာမဟုတ်ပေမယ့် ခွဲရပါ့မယ်။ သဘောသဘာဝခြင်းမတူတဲ့ အလုပ်( လူ.အသက်ကယ်တဲ့ အလုပ်ပေါ့လေ) ကိုလုပ်တဲ့နေရာမှာ အ၀တ်ကအစ သေသေချာချာဝတ်ရမယ်ဆိုတဲ့ အသိကို သူတို.ကိုရှိစေချင်ပါတယ်။ မင်းတို. တီရှပ်ဝတ်လာရင် အပြစ်ပေးမယ်ဆိုတာလည်းလုပ်ပါ။ သူတို.ရဲ့ အသိထဲကိုငါတို.ဟာ တန်ဖိုးရှိတဲ့လူ၊ တန်ဖိုးနဲ.လိုက်အောင်ဝတ်ရမယ်ဆိုတဲ့ အသိလည်း ထည့်ပေးရမှာပါ။

ဆေးကျောင်းသူ မိန်းကလေးတွေ လူနာစမ်းရင် ဆံပင်ဖားလျားနဲ.စမ်းရင် သူတို. ဆံပင်ကြီးတွေက လူနာ မျက်နှာပေါ် ၀ဲနေရင် ၊ ခွဲပြီးစ အနာပေါ် ၀ဲနေရင်။

အသိလေးတော့ရှိနေရမှာပေါ့။

++++++++

ဆေးကျောင်းသားအမှတ်အသားဟာ အပြောအဆို အမူအယာပေါ်မှာရှိတာပါ။ ဂျူတီကုတ်ဝတ်ပြီး ဈေးချိုထဲလျှောက်သွားနေတဲ့ ရယ်စရာဆေးကျောင်းသားထဲမှာ ခင်ဗျားတို. ပါဘူးပါသလား။

(ဆက်ပါမည်)

No comments: