Thursday, November 24, 2011

စိတ်တိုသဖြင့် ရေးသည့်စာ

၁။ ဘယ်သူ.ကိုစိတ်တိုသလဲ မပြောချင်ပါ။ အားလုံးကို တိုခြင်းလည်းဖြစ်နိုင်ပါသည်။ ကိုယ့်ကိုကိုယ် တိုခြင်းလည်းဖြစ်နိုင်ပါသည်။ ကိုယ်နဲ.ဘ၀တူဆရာဝန်များကိုတိုခြင်းလည်းဖြစ်နိုင်ပါသည်။ ကိုယ်နှင့် ဘ၀မတူဆရာဝန်များကို တိုခြင်းလည်းဖြစ်နိုင်ပါသည်။ ဘာကိုတိုမှန်းမသိ တိုခြင်းလည်း ဖြစ်နိုင်ပါသည်။ သို.သော် ကိုယ့်ကိုကိုယ် ခွင့်လွှတ်၍ ထုံးစံအတိုင်းသူများကို ပုံချသောစကားဆိုပါသည်။ ငါတို.လည်းဒီလိုပဲဟု သူများကို အပြစ်ပြောတတ်သူများ နားလည်စေချင်ပါသည်။ နားမလည်လျှင်လည်းရှိပါစေ။ စိတ်တို၍ ထွက်ပေါက်ရှာကာ ပွစိပွစိရွတ်နေသူတစ်ဦးဟု ဘေးမဲ့ပေးလိုက်ပါလေ။

၂။ ပေတံက ရှာရန်လွယ်ပါသည်။ ဂျပန်ပေတံ၊အမေရီးကန်ပေတံ၊ ဗလစ်တစ်ပေတံ၊ ကြိုက်သည့်နေရာမှာရှာပါ။ စံနှုန်းတွေ တစ်ပြုံတွေ.ပါမည်။ သို.သော် မြန်မာနိုင်ငံသည်မြန်မာနိုင်ငံသာဖြစ်ပါသည်။ သူများပေတံကို မကြည့်ချင်၍ မဟုတ်ပါ။ ကြည့်ချင်ပြင်ချင်ပါသည်။ သို.သော် ကိုယ့်အနေအထားကိုလုံးလုံးပြန်မကြည့်ပဲ (မျက်မမြင်ပြောသလို အဖြူရောင်ဆိုတာ လက်မောင်းကြီးပါကွာဟုပြောခြင်းမျိုးမဟုတ်ပါ၊ ပညာရပ်ဆိုင်ရာအထောက်အထားနှင့် ပညာရှင်ဆန်စွာ ကြည့်ခြင်းမျိုးပါ) ပေတံတွေ လာလာတိုင်းနေတော့ ငပုမှာ စိတ်ဆိုးရခက်နေပါသည်။ ကိုယ်ဘယ်ရောက်နေသလဲ မသိပဲနှင့် ကိုယ်သွားချင်ရာစွတ်သွားလို.မရပါဟု မန်းနေ.ခ်ျမန်.ဆရာကြီးများငေါက်မည်စိုး၍ သတိပေးပါသည်။

၃။ဆားဗစ်ထဲကလူတိုင်း (ဆရာဝန်များအပါအ၀င်) ၀န်ထမ်းသာဖြစ်ပါသည်။ အခြားဝန်ထမ်းများနည်းတူ ထားရာနေစေရာသွားရမည်သာဖြစ်ပါသည်။ (စေလွှတ်သူများအကြောင်းခဏမေ့ထား၍) ကိုယ်ကိုယ်တိုင် အထက်လမ်းအောက်လမ်း ကင်းပါရဲ့လား စဉ်းစားကြည့်ပါ။ အငယ်များကလည်း ဂျီပီမကောင်းလျှင်မသွားချင်။ လိုချင်သောနေရာရဖို. နည်းပေါင်းစုံသုံး။ အကြီးများကလည်း မိုးရွာတုန်းရေခံ။ တိုင်းပြည်အတွက်ဟု စဉ်းစားသူရာခိုင်နှုန်း မည်မျှရှိပါသနည်း။ နယ်ဆိုလျှင် မိဘမမာ၍၊ ကလေးငယ်သေး၍ အကြောင်းပြချက်မျိုးစုံနှင့် ကြိုးစားကြ၊ အသနားခံစာတင်ကြ၊ အထက်လမ်းအောက်လမ်းသုံးကြ။ နိုင်ငံခြားဆိုလျှင်တော့ အမေကြောင်းလည်းမပြော၊ အဖေကြောင်းလည်းမပြော၊ကလေးကြောင်းလည်းမပြော၊ ကောက်ကောက်သာ ပါတော့သည်ဟုပင်ဆိုရပေမည်။

၎။ ရဟန်းခြောက်ကျိတ်ကို ဘုရားရှင်က တစ်ကြောင်းတည်းသောလမ်းကို နှစ်ပါးမသွားလေနဲ.ဆိုပြီးသာသနာပြုစေလွှတ်သလိုမျိုး ဆရာဝန်တွေကို စေလွှတ်လို.ရရင်ဘယ်လောက်ကောင်းမလဲ။ မြန်မာနိုင်ငံမြေပုံထဲမှာ ဆရာဝန်များပျံ.နှံ.တည်နေပုံကို အစက်လေးတွေချကြည့်ပါ့လား။ ဘယ်နေရာတွေမှာ အစက်တွေခဲနေအောင်ပုံနေမလဲ။ တွေးကြည့်ရုံနှင့် သိသာပါသည်။ နေရာမကောင်း၍ ဂျူတီရီပို.တင်ကာပြန်လာပြီးရန်ကုန်၊ မန္တလေးမှာ နှပ်နေသူများသည် အခွင့်သင့်လျှင် တိုင်းပြည်မကောင်းကြောင်းထိုင်ဆဲသူများသာဖြစ်ပါသည်။ စနစ်မကောင်းကြောင်း ပယ်ပယ်နယ်နယ်တွယ်ပါလိမ့်မည်။

၅။ စနစ်ကိုကောင်းသည်မပြောပါ။ စနစ်ကိုဖေါ်ဆောင်သူများမပြင်မချင်း မည်သည့်စနစ်မှကောင်းလာဖွယ်ရာမမြင်ပါ။ စနစ်ကိုဖေါ်ဆောင်သူများတွင် အောက်ဆုံးမှ အထက်ဆုံးအထိပါပါသည်။ သူများကိုလက်ညိုးထိုးရန်လွယ်ပါသည်။ ကိုယ့်ကိုကိုယ်ကျ ဆင်ခြေတွေ ပေးစရာပုံနေပါသည်။ မည်သူ.မှမပြောပါ။ ကိုယ့်ကိုကိုယ်ကြည့်ပြောလိုက်လျှင်သူများလည်း အတူတူပင်ဖြစ်ပါသည်။

၆။ မန်း၊မန်းနီး၊ မက်တီရီယယ် သုံးမျိုးကို တောင်းရကောင်းမှန်းသိကြပါသည်။ တကယ်လိုအပ်၍ တောင်းခြင်းဖြစ်သလို ကိုယ့် သြဇာအာဏာထူထောင်ရန်လည်း ပါနေပါမည်။ တိုင်းပြည်အတွက်ဟုပြောနေရသည်မှာ ကြီးကျယ်နေပါသည်။ မပြောရဲပါ။ ကိုယ့်တာလေးကိုယ် လုံကြရဲ့လား ဟုသာ မေးရပါမည်။ လုံကြပါတယ်ဟုပြောလျှင် မီဒီယာများ မဖွအောင်နေကြပါဗျာ ဟုပြောမိလျှင်ဝိုင်းဆဲပါလိမ့်မည်။ ဖြစ်ပြီးမှ လိုက်ရှင်းပြရသည်မှာခက်ပါသည်။ မဖြစ်အောင် နေနိုင်လျှင် ကောင်းပါမည်။ ပြည်သူလူထုသည် အဖြူပေါ် အနက်ထင်လျှင်ယုံတတ်သော အသိပညာလောက်သာရှိသူဖြစ်ပါသည်။(အများစုကိုဆိုလိုပါသည်။) ဆရာဝန်စကားထက် ဘေးအိမ်ကစကားကို ပိုယုံနေလျှင် အပြစ်မတင်ပါနှင့်။ ဘေးအိမ်ကလူသည် ဆရာဝန်ထက်စေတနာပါသည်ဟု သူထင်၍ဖြစ်ပါသည်။ ဒေါသမထွက်ပဲ ဆရာဝန်က စေတနာပိုကောင်းရုံမက ပိုတတ်ကြောင်းပြနိုင်ရပါမည်။

၇။ မီဒီယာက အစကတည်းက အကျိုးအမြတ်ရလျှင် လုပ်မည့်သူများဖြစ်ပါသည်။ ဆေးလိပ်၊ အရက် ကြော်ငြာခွင့်လေးသာ ပေးကြည့်ပါဟုပြောချင်ပါသည်။ အမှန်တကယ် ပြည်သူ.အကျိုးလိုလားသော မီဒီယာ နည်းနေသည်မှာ ကြာပါပြီ။ ဆာဆာလူနှင့် သိုးသိုးထမင်းဆိုင်တွေ.လျှင် အရောင်းအ၀ယ်ဖြစ်တတ်ပါသည်။ ကိုယ့်ဘက်က တာ လုံထားစေချင်ပါသည်။ ဆက်ပြောလျှင် စကားတွေကျွံကုန်မည်စိုးရပ်ထားပါမည်။ သူရို. ကိစ္စကို မပြောပဲ ကိုယ့်လူကိုယ်ပဲ ပြောရပါမည်။ ဆရာဝန် အများစု ဒေါသထွက်လည်း မဖြစ်ပါ။ ဆိုးသူများလည်း များစွာရှိနေနိုင်ပါသည်။ အခါများစွာကောင်းလာပြီးမှ တခါလေး အဆင်မပြေချိန် ဟိုးဟိုးလည်းကျော်သွားနိုင်ပါသည်။ အသက်တရာမနေရ၊ အမှုတရာပွေရနိုင်ပါသည်။ သတင်းဟူသည် လူကခွေးကိုကိုက်မှသတင်း ဖြစ်ပါလိမ့်မည်။ ရမ်းကုကြောင့် တောက မထင်မရှား သူရင်းငှားဆုံးသည်နှင့် အထူးကု ဆရာဝန်ကြီးကြောင့် သနားစဖွယ် ဆယ်တန်းအညွန်.အဖူးလေးဆုံးသည်မှာ အသက်တန်ဖိုးတူသည်ထားဦး (မီဒီယာအတွက် ) သတင်းတန်ဖိုးမတူကြောင်း သတိထားတော်မူစေချင်ပါသည်။

၈။ ပိုဆိုးသည်မှာ အချင်းချင်းကပင် အမြင်မှားနေ၍ ဖြစ်ပါသည်။ ဒေ၀ဒတ်မကောင်းသည်နှင့် ဘုရားရှင်၏ အုပ်ချုပ်မှုညံ့ဖျင်း၍ ဟုပြောသလိုမျိုးပြောနေပါသည်။ စနစ်နှင်ဆိုင်သည်လား၊ လူနှင့်ဆိုင်သည်လား။ လက်ဖက်ရည်ဆိုင်တွင်ပြောသည်က အပြစ်ကင်းပါသည်။ အော်ဖစ်ရှယ်လီးပြောသည်ဆိုလျှင် စနစ်တကျပြောနိုင်ရပါမည်။ မြန်မာနိုင်ငံ၏ ဆရာဝန်ဦးရေ မည်မျှ၊ ဖြစ်သောအမှုမည်မျှ၊ ဆရာဝန်ပေါ့ဆမှုမည်မျှ၊ မီဒီယာဖွမှုမည်မျှ၊ ဘာမှမတွေးပဲ မပြေးသော်လည်း ကန်ရာ ရှိလိုက်ကြပါသည်။

၉။အုပ်ချုပ်ရေးနေရာတွင် နေရသူများကိုကိုယ်ချင်းစာကြပါ။( ကိုယ်မပါပါ၊ ) တိုင်းပြည်ကောင်းအောင်လုပ်ဖို.ကိုယ်ရှိနေမှလုပ်နိုင်ပါမည်။ ဟိုဘက်ဒီဘက်မျှအောင်လုပ်နေရသူများဖြစ်ပါသည်။ သူရို.တွင်လည်း အထက်ရှိပါသည်။ ကိုယ့်တိုင်းပြည်အတွက်စွတ်လုပ်တာများ၍ ကိုယ့်နေရာပျောက်လျှင်ဆက်လုပ်နိုင်မည်မဟုတ်ပါ။ ကိုယ့်အတွက်ကိုလည်းလုပ်ပါလိမ့်မည်။ ကိုယ်ကိုယ်တိုင်ရောက်လျှင်ပိုလုပ်လောက်မည်ဟု ကိုယ်ချင်းစာပါ။ ရာနှုန်းဖြင့်ပြောလျှင် တိုင်းပြည်လေးဆယ်၊ကိုယ့်ဖို. လေးဆယ်၊ကြောက်၍ နှစ်ဆယ်ဆိုလျှင် (ကျွန်တော့ အလိုအရ) လက်ခံပါသည်။ ပေါ်လဆီမိတ်ကာလယ်ဗယ် ကိုပြောနေခြင်းပါ။ အငယ်များအတွက် ကိုယ့်အတွက် ခြောက်ဆယ်၊ မပြုတ်ရန်တစ်ဆယ်၊ တိုင်းပြည်သုံးဆယ်ဆိုလျှင်ပင်တော်တော်ကြေနပ်ရပါသည်။

၁၀။ ဘေးမှနေ၍ ဘုပြောနေသူများ မြန်မာနိုင်ငံကျေးလက်ဒေသများတွင် အလုပ်နှင့်သက်သေပြလျှင် အတော်ကောင်းပါမည်။ ပေါ်လစီမိတ်ကာမဟုတ်ပဲ၊ ပေါ်လစီမိတ်ကာတို.၏ အခက်အခဲကို မသိပဲ ဟိုဟာကောင်းဒီဟာကောင်းပြောရသည်မှာလွယ်ပါသည်။ ဆရာကြီးဝန်ကြီး (မခေါ်ဘူးတော့လျှာယားလိုက်တာဗျာ) အစည်းအဝေးများတွင် ခဏခဏပြောသော စကားရှိပါသည်။ အရင်တုန်းကလို စိတ်ဆိုးမှာကြောက်လို.၊ဘာဖြစ်လို.ညာဖြစ်လို. မပြောရဘူးဆိုတာမရှိပါ၊ ပြောစေချင်ပါသည်၊ လာပြောကြပါဟု ဆိုပါသည်။ ပြောကြပါ။ တောင်းကြရန်မဟုတ်ပါ။ ပညာရှိဆန်ဆန်ပြောကြပါ။ အော်ဖစရှယ်လီးပြောရင်တော့ ရမ်းတုတ်တာမဖြစ်စေချင်ပါ။

၁၁။ ဆရာဝန်ဆိုသူများ အတ္တကြီးကြပါသည်။ နိုင်ငံခြားထွက်ရင် လျော်ကြေးတောင်းသည်ပဲ ပြောကြသည်။ ကိုယ်ဘောင်းထိုးထားတာမပြောကြပါ။ သေချာရောဖတ်ပြီး လက်မှတ်ထိုးခဲ့တာမှ ဟုတ်ပါလေစ ဟု အံ့သြရပါသည်။ ခုမှတော့ချော့လာပါနဲ.၊ ငေါ့တော့တော့ဘာဂလိုတိုတိုဟု သီချင်းဆိုပြချင်ပါသည်။ ရုံးက ဆရာမပြောသလို အစကတည်းက မဖတ်ကြဘူးလားမသိဘူးဟုပြောလျှင် အခြားနိုင်ငံများနှင့်ချီပြီးပြောပါလိမ့်မည်။ နိုင်ငံ့တာဝန်ထမ်းဖို. နိုင်ငံတော် အကျိုးအတွက်ဆိုတာလေး ဘယ်ချောင်မှ ကျကျန်ခဲ့သလဲမသိပါ။ အချို.ကလည်း ဆေးကုဖို.ကလွဲပြီး ၀န်ထမ်းကျင့်ဝတ်မသိကြဘူးပဲဟု ခွင့်လွှတ်ရပါသည်။ ၀န်ထမ်းမဟုတ်သောဆရာဝန်များကိုလည်း အော် မသိရှာဘူးလေပဲဟု ခွင့်လွှတ်ရပါသည်။ ကိုယ့်ကိုကိုယ်ကျလည်း အော် နင်မမြင်ချင်ယောင်မှ မဆောင်နိုင်ပဲဟု ခွင့်လွှတ်ချင်ပါသည်။ တောသွားလျှင်လျော်ကြေးမပေးရပါဟု သတင်းပါးပါသည်။

၁၂။ ပြုပြင်ပြောင်းလဲရေးသမားများရှိသည်မှာကောင်းပါသည်။ ပုံပြင်လေးတစ်ပုဒ်ပြောချင်ပါသည်။ သားလုပ်သူက အဖေကို မေးပါသည်။ အဖေ၊ အော်တာနေးတစ်ဆိုတာဘာလဲ။ အဖေကရှင်းပြပါသည်။ သားရေ၊မင်းမှာကြက်ဥလေးတစ်လုံးရှိတယ်၊ အဲဒီကြက်ဥလေးက ပေါက်လာတယ်။ ဆက်ဥတယ်၊ သားကပြုစုစောင့်ရှောက်လို. ကြက်ထောင်ပေါင်းများစွာရှိတဲ့ ကြက်ခြံကြီးဖြစ်လာတယ်။ တစ်နေ.မှာ မိုးတွေရွာ၊ရေတွေကြီးတော့ ကြက်ခြံကြီးရေမြုတ်ပြီး ကြက်တွေအားလုံးသေသွားတယ်။ ကြက်ဆိုတာ ရေမှမကူးတတ်ပဲ။ အဲဒီတော့ သားက အော်တာနေးတစ်အနေနဲ. ဘဲမွေးပါ ဟူသတည်း။



၁၃။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။

No comments: