Thursday, November 24, 2011

ဆိုရေးရှိက……

ယောမင်းကြီးဦးဘိုးလှိုင် လျှောက်သည့် စာသားကို မမေ့မလျော့ ကျက်ထားဘူးသည်။ 'အစ်မ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း ၊လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ ပညာမရှိ၊သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်းတစ်ပါးတည်း'ဟူ၍ ဖြစ်သည်။ ဘုရင်က လှံကိုကိုင်၍ ငေါက်သောအခါ ထိုးတော်မူပါဘုရားဟု ရင်ကော့ပေးသည်ကိုလည်း စိတ်မှာစွဲနေသည်။ အမတ်ဆိုတာ ဒီလိုမှပေါ့ဟု ငယ်ငယ်ကတွေးမိသည်။ ကြီးလာတော့ ဒီလိုမဟုတ်သည်များတွေ.လျှင် စိတ်ကမကြိုက်ချင်တော့။

နောက် ဆရာတက္ကသိုလ်ဘုန်းနိုင်က အမတ်ကြီး ဦးပေါ်ဦးအကြောင်း ရေးသည်ကိုဖတ်ရသည်။ ဘိုးတော်ဘုရားက မြေးတော်လေးအတွက် ပုခက်ယဉ်သာလုပ်ရန်သဿမဓ အခွန်တော်မှ ငွေရှစ်သိန်း ထုတ်ယူစေသည်။ ဦးပေါ်ဦးကြားသောအခါ ' မင်းကြီးများ၏ ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမ၀သေးပါဘူး' ဟုဆိုသည်။ ဘိုးတော်ဘုရားကြားသောအခါ အရာနုတ်စေသည်။ ဤတွင်မှဦးပေါ်ဦးက ကဗျာဖြင့် ဘုရင်ကိုဆုံးမသည်။

ဆုံးမသည်ဟုပဲသုံးရပါမည်။ အမျက်ဖြေခြင်းမဟုတ်ပါ။ သူ.ကဗျာတွင် ကမ္ဘာဦးနတ်၊သူ.ဥက္ခာတ် ဖြစ်သော မဟာသမ္မတမင်းမှစ၍ မင်းတို.သုံးစွဲရသော အခွန်အတုတ် ခွဲတမ်းကိုချပြသည်။ စင်စစ် သဿမေဓအခွန်သည် စစ်ရေးအတွက်အသုံးပြုရသော အခွန် အလွန်အရေးကြီးသော အခွန်ဖြစ်လေသည်။ ဦးပေါ်ဦးသည် ဓားထက်သောဘုရင်ကိုဓားနီးသောစကား အဓိပ္ပါယ်မဲ့မဆို။ ပညာပါစွာပြောခဲ့သည်။ ရှင်ဘုရင်သည်အဘယ်နည်း။ ရှင်ဘုရင်ပါးဝခြင်းသည်အဘယ်နည်း။

သူသည်မနေနိုင်မထိုင်နိုင်အတင်းပြောခြင်းမဟုတ်။ အမတ်အလုပ်ကိုလုပ်ခြင်းဖြစ်သည်။ ရှင်ဘုရင်ဟူသည် (ယခုခေတ်မြင်နေသလို မိန်းမတွေမိဖုရားတွေ ပေါက်လွတ်ပဲစားယူ၊သက်ဦးဆံပိုင်လုပ်နေသည်မဟုတ်) သူ. ကန်.သတ်ချက်နှင့်သူ ရှိနေကြောင်းသတိပေးခြင်းဖြစ်သည်။ ရှင်ဘုရင်သုံးရသော အခွန်သည် လမိုင်းလယ်ယာခေါ် ရိက္ခာတော်ဆက်လယ်နှင့် နယ်စားပယ်စားများမှ ပို.ဆက်လာသော လက်ဆောင်ပဏ္ဏာ များကိုသာသုံးစွဲခွင့်ရှိလေသည်။

ထိုဆုံးမကဗျာကိုဖတ်ရသောအခါ ဘိုးတော်မင်းတြားသည် ဦးပေါ်ဦးကို နဂိုအရာပြန်လည်ချီးမြှောက်လေသည်။ အမတ် စာဆိုလည်းတင့်တယ်သည်။ မင်းလည်းတင့်တယ်သည်။ သမိုင်းလည်းတင့်တယ်သည်။

++++++++++

ဆိုရေးရှိက ဆိုအပ်လှ၏ လို.ဆိုတဲ့အတိုင်းဆိုအပ်တဲ့နေရာမှာ ဘာကိုဆိုမလဲ၊ ဘယ်လိုဆိုမလဲဆိုတာ အရေးကြီးပါတယ်။ ဘာကိုဆိုမလဲဆိုတာကတော့ စာရေးတဲ့သူရဲ့ အတွင်းစေတနာဇောကိုပြောချင်တာပါ။ စေတနာဇော ကမှန်နေရင် ရင်သီးတဲ့စကားဆိုရင်တောင်(ဆဲသည်ပဲထားဦး) လက်ခုပ်တီးပေးကြမှာပါ။ ဗိုလ်ချုပ်က ခင်ဗျားတို.ေ-ာက်ချိုးတွေပြင်ကြတော့ဆိုရင် နားထောင်ရတဲ့သူမှာအရသာရှိနေပါတယ်။ မန်လယ်ဆရာတော်က ရွှေစည်ကြီးတီးလို.ဆုံးမတဲ့အခါ ရင်ထဲမှာပီတိဖြစ်ရပါတယ်။ အချုပ်တန်း ဆရာဖေက ကုလားမြင်သူ.အမေ----တော့မလို ဆိုတာနဲ.ကြက်သီးမွှေးညှင်းထအောင်ဇာတိမာန် တက်လာပါတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ စေတနာဇော မှန်နေလို.ပါ။

ဘယ်လိုပြောမလဲဆိုတဲ့နေရာမှာ ဆရာကြီး ရွှေဥဒေါင်းပြောသလို သာယာညှင်းပြောင်းစွာချော ပြောတာ ရှိနေသလို ပိဿလေးနဲ.ဘေးကိုထုလိုက်သလို ငေါက်ဆတ်ဆတ်ပြောတာလည်းရှိပါတယ်။ဒါပေမယ့် ပြောတဲ့နေရာမှာ အတွင်းဇောစေတနာကသာ အရေးကြီးတယ် လို.ဆိုရပါမယ်။

အတွင်းဇောစေတနာမှန်ပြီဆိုရုံနဲ. အလုပ်ဖြစ်ပြီလားမေးတော့ မဖြစ်သေးပါဘူး။ ကိုယ်ပြောလိုသော ပညာရပ်နယ်ပယ်ကို ကျေကျေညက်ညက်သိရပါလိမ့်မယ်။ဒီလိုမှမသိဘူးဆိုရင်တော့ ခါချဉ်ကောင်မာန်ကြီး ပေမယ့်ခါးသေးနေသလိုပါပဲ။ ပညာဆိုတာက သိပ်အကြီးကြီးပြောတာမဟုတ်ပါဘူး။ ကိုယ်ပြောချင်တဲ့အရာရဲ. အနေအထားရှုထောင့်ပေါင်းစုံကိုထောင့်စေ့အောင်သိရပါမယ်။ ထောင့်စုံအောင်စဉ်းစားရပါမယ်။ ( လက်ဖက်ရည်ဆိုင်ထိုင်ပြောတာကတော့ ရသပေါ့လေ) အစုန်လည်းကြည့်ရမှာဖြစ်သလို အဆန်လည်းကြည့်ရပါမယ်။ အစုန်အဆန်ရဲ့ အဆက်အစပ်ကိုလည်းကြည့်ရပါမယ်။

အ၀ါရောင်ဂျာနယ်လစ်တွေ ဆေးပညာသဘောကိုမသိပဲရေးရင်တောင်မှ လက်ခံပါတယ်။ ဒါပေမယ့် နားစေ့အောင်ထောင်ပြီးမှပြောရမှာပါ။ သူ.ဘက်၊ကိုယ့်ဘက်ကိုလည်းနားထောင်ရပါမယ်။ တတိယ အုပ်စု ကြားနေရဲ့စကားကိုလည်းနားထေင်ရပါမယ်။ စံသဘောတရားကိုလည်းသိရပါ့မယ်။ ပြီးရင်ရေးပါ။မှားနေရင်မှားနေသူတွေကို ရွှေနားတော်ပေါက်လျှောက်လိုက်စမ်းပါ။ ပြောပြီးရင်ရှင်းနိုင်ရပါမယ်။ ဦးပေါ်ဦးတို.လိုပေါ့။

စာဆိုလည်းတင့်တယ်စေချင်တယ်။ သမိုင်းလည်းတင့်တယ်စေချင်တယ်။ ဆိုရေးရှိရင်လည်း ဆိုစေချင်လှပါတယ်။ ။

No comments: