Thursday, November 24, 2011

ဆရာဝန်မငိုရ

၁။ ဂျပန် မှာ ပန်းကန်ဆေးဆေး
မလေးရှားမှာ ကားရေဆေးဆေး
မန္တလေးမှာ ကဗျာပဲရေးရေး
စင်ကာပူမှာ ကျောင်းပဲတက်တက်
ကိုယ့်သွေး အမျိုးအစား ကိုယ်သိတတ်ရမယ်။

၂။လတ်တလော ကွယ်လွန်သွားသောကဗျာဆရာကြည်မောင်သန်း၏ ကဗျာဖြင့်ပင်စပါမည်။ ထိုကဗျာဖတ်ရင်း အကယ်ဒမီဇာတ်ကားမဟာကြီးမှ ဟိုအထုတ်ပြေးဆွဲ ဒီအထုတ်ပြေးဆွဲ ဆွဲတတ်ပါလေသော ဆရာဝန်လေးကို မြင်လာပါသည်။ ဇာတ်ကားလဲ အကယ်ဒမီရသောအပိုင်းကိုသာကြည့်ဘူးပါသည်။ မြန်မာကားဆို၍ ဟိုင်းဝေးကားပေါ်မှ မဖြစ်မနေနားထောင်ရသောကားများမှလွဲ၍ မကြားလိုမမြင်လိုပါ။ ထို.ထက်ပို၍ ဆိုရသော် ဆရာဝန်ဇာတ်ကားများမကြည့်လိုပါ။ အဟင်း၊ သွေးကြီးသည်ဟုပဲ စွပ်စွဲပါလေ။ ကိုယ့်သွေး အမျိုးအစားတော့ ကိုယ်သိတတ်ရပါမည်။

၃။ ဆရာဝန်သည်ဆရာဝန်အလုပ်လုပ်ရင် မရဘူးလား။ ကူလီလုပ်စရာလိုသလား။ ရုပ်ရှင်ကြည့်လျှင် မြန်မာကားတွေမှာတွေ.ရသော ဖေါ်မျူလာလိုပင်။ ဒေါသထွက်လျှင် ဒီလိုပဲပေါက်ကွဲ။ ဆိုက်ကားသမားဇာတ်ရုပ်မှာလဲဒီလိုပဲပေါက်ကွဲ၊ ပါမောက္ခဇာတ်ရုပ်မှာလည်း ဒီလိုပဲပေါက်ကွဲ၊ ဒီမင်းသား လာလျှင်ဒီလိုပဲပေါက်ကွဲ။ ခက်တော့ခက်ပါသည်။ ဆရာဝန် သဘောကောင်းတာပြဖို. ပွဲရုံဘေးမှာ ဆေးခန်းဖွင့်ပြီး ဆန်အိတ်ပါကူသယ်ရမလိုပင်။ထားပါ။ ပြောချင်သည်မှာ သဟာမဟုတ်ပါ။

၎။ တလောက ကဗျာတစ်ပုဒ်မှာ ဆရာဝန်တွေ ကြိုးစားခဲ့ရပုံ၊ပင်ပန်းပုံကိုဖတ်ရသည်။ ရုတ်တရက်တော့ လက်ခုပ်တီးလိုက်မိသည်။ (ကိုယ်လည်း ဂလိုပင်ရေးဘူးသည်) နောက်မှတစိမ့်စိမ့်တွေးမိသည်။ ကိုယ့်အဖြစ်နဲ.ယှဉ်၍ပါ။ ကိုယ်ဆရာဝန်ဖြစရန်ကြိုးစားနေစဉ်မှာ ပြည်သူ.အတွက်၊ လူနာ့အတွက်ပါပါလေစ။ ကိုယ်ဆရာဝန်ဖြစ်ရေး၊ ဂုဏ်ကြီးမားရေးအတွက်ပဲ လုံးပန်းနေခဲ့တာမဟုတ်ဘူးလား။ ရေးလိုသည်ကို တိတိကျကျမဖေါ်ပြနိုင်လျှင် အပုတ်ချသလိုဖြစ်မည်။ ပြောချင်သည်မှာ ကိုယ်ဖြစ်ရမယ့်နေရာ၊ကိုယ်ရောက်ရမယ့်နေရာကို သူများတွေလည်း ဒီလိုပဲကြိုးစားခဲ့ရသည်ပင်။ သည့်အတွက် (ဆရာဝန်တစ်ယောက်အနေနှင့် ) ထူးဂုဏ်ယူရန်လိုပါမည်လား။

၅။ တကယ်တော့ ဆရာဝန်သည် ဆရာဝန်ပီသနေလျှင် သူ.တန်ဖိုးက လျော့မည်မဟုတ်ပါ။ ညသန်းကောင်လူနာလာနှိုးလျှင် ငြင်းလွှတ်သော ဆရာဝန်သည် ဆေးကျောင်းသားဘ၀က နေ.မအိပ်ညမအိပ် လူနာတွေဖို.ကြိုးစားခဲ့ပါတယ်ပြော၍ မကြည်ညိုနိုင်ပါ။ ကိုယ်တကယ်လုပ်နေသော အလုပ်ကသာ ကိုယ့်တန်ဖိုးကို ဖြတ်ပါမည်။

၆။ အ၀ါရောင်မီဒီယာအချို.က နိမ့်ကျတဲ့ဘ၀ရှိသူတွေဘက်ကနေ မျက်ရည်ချူတတ်ပါတယ်။ သနားစရာ ဓားစားခံဖြစ်ရသော အညွန်.အဖူးလေး။ မှားတယ်မဆိုသာပေမယ့် ကျွန်တော်တို.ဆရာဝန်များကျတော့ ဂလိုမျက်ရည်ချူသင့်သလား။ နိုး။

၇။ ဆရာဝန် ဘ၀တွင်လည်း အားငယ်စရာကိစ္စများစွာတွေ.ရပါမည်။ ပြင်ချင်ပါသလား။ မလွယ်ပါ။ မြန်မာဆရာဝန်လောကတွင် အာဖရိကမှ အနာကြီးသူများဘ၀တွင် ပစ်ဝင်မြုတ်နှံလိုက်သောဆရာဝန်များ (ရှိသည့်တိုင်) အင်မတန်နည်းပါသည်။ လက်ရှိလုပ်နေသူ၊ ခိုကိုးရာမဲ့များအတွက် လုပ်နေသူများကလည်း အခြေအနေပေးလျှင် ထားခဲ့ကာ မြင့်ရာသို.သွားမည့်သူများပါပင်။ သို.တည်းမဟုတ် ငါအနစ်နာခံခဲ့ပြီ။ ငါစံရမယ့် အလှည့်ဟု ဈေးတွက်တွက် အနစ်နာခံသမားများလည်းရှိနေပါသည်။ ကျော်မကောင်းကြားမကောင်းဖြစ်ရသော အသပြာဆရာဝန်များလို ကဲ့ရဲ.စရာမရှိသော်လည်းချီးမွန်းရမည်မှာ အီလည်လည်နိုင်နေပါသည်။

၈။ နောက်ဆုံး (ဆရာဖေမြင့်၏ လူနာဆောင် အမှတ်ခြောက်ထဲမှ ဒေါက်တာရေဂင်လိုပင်) ငါဘာမှ မတတ်နိုင်၊ ဒီလူတွေက ဒီအဖြစ်ဒီစနစ်ရဲ့သားကောင်တွေ။ ငါကယ်လို.မရ။ စနစ်ကိုပဲထိုင်ဆဲရမလို၊ မြင့်ရာကိုပဲ ရောက်အောင်သွားရမလိုနှင့် နောက်ဆုံးတော့ လွယ်ကူရာ ပီဂျီဖြေရင်ဖြေ၊ နိုင်ငံခြား ထွက်ရင်ထွက်နှင့် ကြိုးစားကြပါသည်။ ခေတ်၊စနစ်ကို အပြစ်ပြောသောစကားများကတော့ဘေးထွက်ပစ္စည်းလို အပုံလိုက်ကျန်နေပါမည်။

၉။ ပြောခဲ့သမျှသည် စနစ်နှင့် လူအကြောင်းပင်ဖြစ်ပါသည်။ စနစ်တွေ အဆင့်ဆင့်ပြောင်းသော်လည်း လူ.သဘာဝမပြောင်းလျှင် ကောင်းမလာပါဟု အထပ်ထပ်ဆိုပါသည်။ ကိုယ့်ကိုကိုယ် သနားချင်သောရောဂါနှင့် တို.ပြင်လို.မရပါဆိုလျှင် ပြင်လို.မရပါ။ တို.ပြင်ဖို.ကြိုးစားကြည့်မယ်ဆိုလျှင် ရှေ.တစ်လှမ်းရောက်ပါပြီ။ ဒေါက်တာရွိုက်ဇာတြော့ဖစ်ချင်သည်။ အဆင်သင့်လေးနာမည်ကြီးချင်သည်ဆိုလျှင်တော့ရုပ်ရှင်ရိုက်ပါ။ ကူလီလုပ်ပါဟု အကြံပေးပါသည်။

၁၀။ လူတိုင်းအခက်အခဲ ကြုံရပါသည်။ ဘယ်နေရာမဆို၊ ဘယ်အဆင့်မဆို အခက်အခဲတို.ဖြင့် တွေ.ရတတ်ပါသည်။ ယခုတက်လာသော သမ္မတကြီးလည်း အခက်အခဲ၊ စိမ်ခေါ်မှုများရှိနေပါသည်။ မနေ.က ခန်.လိုက်သော နေ.စားလေးလည်း သူ.စိမ်ခေါ်မှုနှင့်သူ လုံးထွေးနေပါမည်။ တို.အခက်အခဲကမှ အခက်အခဲဟေ့ဆိုလျှင်တော့ ပြောစရာမရှိပါ။

၁၁။ ဆရာဝန်တို. အခက်အခဲသည် လူနာ၊ဆေးရုံ၊အုပ်ချုပ်ရေး ဖြစ်စေချင်ပါသည်။ ပီဂျီမတက်နိုင်သော အခက်အခဲ၊ ဂျီပီမကောင်းသော အခက်အခဲ၊ လူမလေးစားသော အခက်အခဲတို.ဖြစ်နေလျှင် လုပ်ယူထားသော အခက်အခဲဖြစ်ပါမည်။ မျက်ရည်ဗူးသီးလုံးလောက်ကျ၍ မျက်ရည်ချူကြပါတော့ဟုသာဆိုပါမည်။

၁၂။ ကမ္ဘာပေါ်မှာ
မနက်ဖြန်ကို မြင်ရတဲ့နေရာတွေလည်းရှိ
မနက်ဖြန်ကို မမြင်ရတဲ့နေရာတွေလည်းရှိ
ကိုယ်ရောက်နေတဲ့နေရာကို
ကိုယ့်ဟာကိုယ် သိဖို့အရေးကြီးရဲ့။

No comments: